ပြည်တွင်းနှင့် ပြည်ပမှ မြန်မာပြည်သူများကြား ဒေါ်အောင်ဆန်းစုကြည်က လူကြိုက်အများဆုံး နိုင်ငံရေးသမားနှင့် ပြည်သူ့ပုံရိပ်အဖြစ် ဆက်လက်၍ ရှိနေဆဲ ဖြစ်သည်။ သို့သော် ၁၉၄၇ ခုနှစ်က နိုင်ငံရေး ပြိုင်ဘက်များ၏ လုပ်ကြံခြင်းကို ခံခဲ့ရသော ကွယ်လွန်သူ ဖခင် ဗိုလ်ချုပ်အောင်ဆန်းကဲ့သို့ပင် သူ့မှာ ရန်သူများစွာ ရှိနေသည်။
ဆယ်စုနှစ်များစွာအတွင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စက မြန်မာပြည်သူများကြား ဆွေးနွေးစရာတခု ဖြစ်သည်။ လတ်တလော နေပြည်တော်လေဆိပ်၌ တရားမဝင်လက်နက်များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ခြင်း ကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လုံခြုံရေးအတွက် စိုးရိမ်မှုများ ပြန်လည်မြင့်တက်လာခဲ့သည်။
ယခင်သမ္မတဟောင်း ဦးသိန်းစိန် လက်ထက် အားကစား ဝန်ကြီးအဖြစ် တာဝန်ယူခဲ့သော ဦးတင့်ဆန်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် ACE ကုမ္ပဏီ ဝန်ထမ်း ၂ ဦးကို မြန်မာ အမျိုးသားလေကြောင်းလိုင်းဖြင့် ရန်ကုန်မြို့သို့ မထွက်ခွာမီ ရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ သူတို့နှင့် အတူ တရားမဝင်လက်နက်များနှင့် မူးယစ်ဆေးများကို ရဲအဖွဲ့က တွေ့ရှိခဲ့သည်။
ဗိုလ်ချုပ်ဟောင်းများ၏ သားသမီး အများအပြားကဲ့သို့ပင် ACE ကုမ္ပဏီ၏ ဥက္ကဌ ဖြိုးကိုကိုတင့်ဆန်းက အထူးအခွင့်အရေးများနှင့် အကျိုးအမြတ်များသော စီးပွားရေး သဘောတူညီချက်များ ရရှိခဲ့သူ ဖြစ်သည်။
ယခင်ကလည်း တရားမဝင် လက်နက်များနှင့် အတူ လေဆိပ်အတွင်းသို့ အကြိမ်ပေါင်းများစွာ ဝင်ရောက်ခဲ့ခြင်း ရှိကောင်းရှိခဲ့နိုင်ပြီး x-ray စက်ဖြင့် စစ်ဆေးခြင်းကို မည်သည့် ပြဿနာမျှ မရှိဘဲ ကျော်ဖြတ်နိုင်လိမ့်မည်ဟု ယုံကြည် ခဲ့ကြပုံရပါသည်။ သို့သော် ယခုတကြိမ်တွင် သူတို့ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
အမှုနောက်သို့ ဆက်လိုက်ရန် ပြည်သူလူထု၏ ဖိအားပေးခြင်းကို ခံနေရသည့် ရဲတပ်ဖွဲ့က နေပြည်တော်မှ ACE ဟိုတယ် နှင့် ရန်ကုန်ရှိ ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သည့် ဟိုတယ်နှင့် အိမ်ကို ဝင်ရောက်ရှာဖွေခဲ့ရာ သေနတ် ၈ လက်၊ ကျည်ဆံများ၊ သူ၏ အမည်နှင့် နိုင်ငံတော်တံဆိပ် တပ်ဆင်ထားသော ပျောက်ကြား ဂျာကင်တထည်၊ မြန်မာ နိုင်ငံတော်တံဆိပ်နှင့် တံဆိပ်ပေါ်တွင် ဦးခေါင်းခွံနှင့် အရိုးများ ကြက်ခြေခတ်ထားသည့် ပုံပါဝင်သော အနက်ရောင် လက်ရှည် ရှပ်အင်္ကျ ီတထည်၊ စနိုက်ပါ မှန်ပြောင်း ၂ ခု၊ စစ်ရောင် သံလိုက်အိမ်မြှောင်တခု၊ သေနတ် ပစ်ကွင်းချိန်သည့် ကိရိယာတခုနှင့် ကျည်ကာ အင်္ကျ ီ ၂ ထည် အပါအဝင် လက်နက်များ ထပ်မံ တွေ့ရှိခဲ့သည်။
ဖြိုးကိုကိုတင့်ဆန်း ဘာလုပ်ရန် အတွက် စီစဉ်နေပါသနည်း။
ရဲတပ်ဖွဲ့၏ စုံစမ်းမှုအရ ယခု အချုပ်ခန်းတွင်းတွင် ရှိနေသည့် ဖြိုးကိုကိုတင့်ဆန်းက လုံခြုံရေး ကုမ္ပဏီတခု တည်ထောင်ရန် စီစဉ်နေသည်ဟု သိရသည်။ သို့သော်လည်း သူ၏ ပိုင်ဆိုင်မှုများတွင် တွေ့ရှိရသည့် တံဆိပ်များနှင့် လိုဂိုများက ပြဿနာ ရှိနေသည်။ တံဆိပ်ပေါ်တွင် အမျိုးသား လုံခြုံရေးကောင်စီ (National Security Council) ဆိုသည့် စာကို ဖော်ပြထားသည်။ သူက သေနတ်အများအပြား စုဆောင်းထားသည်မှာ ထင်ရှားသည်ဟု ရဲအဖွဲ့က ပြောသည်။ တရားဝင် ခွင့်ပြုချက်မရှိဘဲ ထိုသို့ ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
အမှုနှင့် ဆက်စပ်၍ ရဲအဖွဲ့က ယခုအချိန် လူ ၁၂ ယောက်ကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပြီး နောက်ထပ် သေနတ် ၂၀ ကျော် နှင့် ထောင်နှင့် ချီသော ကျည်ဆန်များကို နေပြည်တော်နှင့် ရန်ကုန်ရှိ သူ၏နေအိမ်၊ ကုမ္ပဏီရုံးခန်းနှင့် ဟိုတယ်တွင် သိမ်း ဆည်းရမိခဲ့ကြောင်း သိရသည်။ အကယ်၍ အဆိုပါ ရာဇဝတ်မှုများကို ဖိဖိစီးစီး ကိုင်တွယ်ရန် ရဲတပ်ဖွဲ့ကို ညွှန်ကြားထားခဲ့လျှင် စုံစမ်းဖော်ထုတ်စဉ်အတွင်း နောက်ထပ် သံသယရှိသူများနှင့် ဖမ်းဆီးမှုများ ရှိလာနိုင်နေသည်။ သတင်းရင်းမြစ်များကလည်း ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့် လက်နက်များ ရှိနေဦးမည်ဟု ယုံကြည်ထားကြသည်။
အမှုစစ်ဆေးရာတွင် ပါဝင်သော အကြီ်းတန်း ရဲအရာရှိများက လက်နက်များ ဖမ်းမိခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးနှင့် တိုက်ရိုက်ပတ်သက်ခြင်း မရှိကြောင်း ပြောကြသည်။ သို့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လုံခြုံရေး အစီအစဉ်များနှင့် ပတ်သက်၍ တပ်မတော်က သတိပေးထားပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း ပို၍ သတိထားမည် ဖြစ်ကြောင်း ပြန်ကြားခဲ့သည်ဟု သိရသည်။
တွေ့ရှိရသည့် ပျောက်ကြားဂျာကင်များထဲမှ တခုက ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရံတော်များ၏ ဝတ်စုံနှင့် တထပ်တည်း နီးပါး တူညီနေသည်။ ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများနှင့် NLD ပါတီဝင်များကြားတွင် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
မလေးရှားနိုင်ငံ ရဲအဖွဲ့သို့ ISIS (Islamic State in Iraq and Syria ) စစ်သွေးကြွ အဖွဲ့က ပေးပို့သည့် တိုက်ခိုက်မည့် စာရင်းထဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမည်ပါဝင်ကြောင်း သိရသည့် ၂၀၁၆ ခုနှစ်မှစ၍ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ လုံခြုံရေးကို တိုးမြှင့်တင်းကျပ်ခဲ့ကြောင်း မြန်မာအစိုးရ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရခိုင်ပြည်နယ်မှ ကိုယ့်ကိုယ်ကို ရိုဟင်ဂျာဟု သတ်မှတ်ထားသူများ သိန်းနှင့် ချီ၍ ထွက်ပြေးခဲ့ရသည်ကို အကြောင်းပြု၍ နိုင်ငံခြားသား အကြမ်းဖက်သမားများက ဒေါ်အောင်ဆန်းစုကြည်ကို ပစ်မှတ်ထားကောင်း ထားကြနိုင်ပါသည်။ သို့သော်လည်း အများစုကမူ ဒေါ် အောင်ဆန်းစုကြည်အပေါ် ခြိမ်းခြောက်မှုက ပြည်တွင်းမှလည်း လာနိုင်သည်ဟု ယူဆထားကြသည်။
အကျိုးအမြတ် များပြားသော စီးပွားရေး အခွင့်အလမ်းများနှင့် နိုင်ငံရေး အာဏာကို တချိန်က အပူအပင်မဲ့ ခံစားခဲ့ကြရပြီး လက်ရှိ အစိုးရလက်အောက်တွင် ကြီးမားသော စီးပွားရေး အကျိုးအမြတ်များ ဆုံးရှုံးခဲ့ရသည့် အချို့နိုင်ငံရေးသမားများနှင့် လူတစုတွင် ဒေါ်အောင်ဆန်းစုကြည်ကို အန္တရာယ်ပြုရန် အစီအစဉ်တခု ရှိကောင်း ရှိနိုင်သည်။ ယခင် စစ်ဗိုလ်ချုပ်ဟောင်းများ၊ စီးပွားဘက် ခရိုနီများနှင့် ဆက်နွယ်နေသော သြဇာကြီးသည့် အုပ်စုများက ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အစိုးရနှင့် ပတ်သက်၍ စိတ်မချမ်းမသာ ဖြစ်ကြမည်မှာ သံသယရှိစရာ မလိုပါ။
ဒေါ်အောင်ဆန်းစုကြည်၏ ပါတီ အာဏာရရှိခဲ့သည့် အချိန်မှစ၍ တချိန်က ငွေကြေးချမ်းသာ၍ သြဇာခဲ့ရှိသူများ ပါဝင်သည့် အဖွဲ့တခုက တိုင်းပြည်တွင်းတွင် မတည်ငြိမ်မှုများ ဖန်တီးရန် ကြိုပမ်းနေခဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသည့် နိုင်ငံရေး လေ့လာစောင့်ကြည့်သူ အချို့က သံသယ ရှိနေကြသည်။ တိုင်းပြည်တွင် တည်ငြိမ်မှု မရှိခြင်းက တပ်မတော် အာဏာပြန်သိမ်းရာမှ ရာထူးနှင့် အာဏာများ ပြန်လည်ရလာနိုင်နိုး သူတို့က တွေးကောင်း တွေးနိုင်ပါသည်။
ဖြိုးကိုကိုတင့်ဆန်းသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီဝင်တယောက် ဖြစ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲတွင် ဧရာဝတီတိုင်း မြောင်းမြ မြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်း(USDA) ကို ၁၉၉၃ ခုနှစ်တွင် ယခင် စစ်အစိုးရ၏ လမ်းညွှန်မှုဖြင့် တည် ထောင်ခဲ့ခြင်း ဖြစ်ပြီး အသင်း၏ နာယက မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲ မပြုလုပ်မီတွင် အသင်းမှ နေ၍ တရားဝင် နိုင်ငံရေး ပါတီအဖြစ်ပြောင်းလဲခဲ့သည်။ မသမာမှုများ ရှိခဲ့သည်ဟု စွပ်စွဲခြင်းခံရသော အဆို ပါ ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး နောက်ပိုင်းတွင် အာဏာရ ပါတီ ဖြစ်လာသည်။
ယခုအခါတွင် ပြည်ထဲရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်မှ ရဲတပ်ဖွဲ့ နှင့် အထူးတပ်ဖွဲ့၏ ကာကွယ်မှုအောက်တွင် ရှိနေသော ဒေါ်အောင်ဆန်းစုကြည်၏ ဘေးကင်းလုံခြုံရေးအတွင် သူ့ကို ထောက်ခံသူ အများအပြားနှင့် လုပ်ဖော်ကိုင်ဖက်များက အမှန်တကယ်ပင် လေးလေးနက်နက် စိုးရိမ်နေကြသည်။ ဆိုရှယ်မီဒီယာကို တက်တက်ကြွကြွ အသုံးပြုနေကြသည့် အခွင့်ထူးခံ ဆိုးသွမ်းလူငယ်အများအပြားကလည်း သေနတ်များ ပြကာ ဒေါ်အောင်ဆန်းစုကြည်ကို သတ်မည်ဟု ခြိမ်းခြောက်မှုများကို ဆိုရှယ်မီဒီယာတွင် တင်ခဲ့ခြင်းများကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး အပေါ် စိုးရိမ်မှုများ မြင့်တက်ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်က အတိုက်အခံအဖြစ် ရှိနေခဲ့သော ယခင်စစ်အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည် အပေါ် တိုက်ခိုက်မှုများ ရှိခဲ့သည်။
၂၀၀၃ ခုနှစ်တွင် အစိုးရက စီစဉ်သည့် လူအုပ်ကြီးက ဒေါ်အောင်ဆန်းစုကြည်၏ ယာဉ်တန်းကို စစ်ကိုင်းတိုင်းအတွင်းတွင် ဝိုင်းတိုက်ခိုက်ခဲ့ဖူးသည်။ လူဒါဇင်နှင့် ချီ၍ သေဆုံးခဲ့ရသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ပါတီထိပ်ပိုင်း ခေါင်းဆောင်အချို့ အန္တရာယ်မှ သီသီလေး ကပ်၍ လွတ်မြောက်ခဲ့သည်။ သူတို့သည် မည်သည့် ရာဇဝတ်မှုကိုမျှ ကျူးလွန်ခဲ့ခြင်း မရှိသော်လည်း ခေါင်းဆောင်များကို နောက်ထပ် နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ ထိုအဖြစ်အပျက်ကို “ဒီပဲရင်း လူသတ်ပွဲ”အဖြစ် သိခဲ့ကြသည်။
ထိုတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အနောက်နိုင်ငံများက ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အစိုးရ အပေါ်အရေးယူ ပိတ်ဆို့မှုများ ထပ်မံ တင်းကျပ်ခဲ့ပြီး အိမ်နီးချင်း အစိုးရများကလည်း ပွင့်ပွင့်လင်းလင်းပင် ပြစ်တင်ဝေဖန်ခဲ့ကြသည်။
တိုက်ခိုက်မှုများကို စီစဉ်ခဲ့သည်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏ လက်ရင်းလူယုံများ ဖြစ်ကြသည်။ သူက သူယုံကြည် သည့် ဗိုလ်ချုပ်ကြီး ၂ ဦး ဖြစ်သော ဗိုလ်ချုပ်ကြီးစိုးဝင်း (၂၀၀၄ မှ ၂၀၀၇ ခုနှစ် အတွင်းတွင် ဝန်ကြီးချုပ် ဖြစ်လာသူ) နှင့် ဗိုလ်ချုပ် ရဲမြင့်တို့ကို ရာဇဝတ်သားများ၊ ထိုစဉ်က ကြံ့ခိုင်ရေး (USDA) အသင်းဝင်များကို စုစည်းရန်နှင့် လူစုလူဝေးဖြင့် တိုက်ခိုက်မှု ပြုလုပ်ရန် အမိန့်ပေးခဲ့သည်။
မြန်မာနိုင်ငံတွင် ကြောက်စရာ အကောင်းဆုံးဖြစ်ခဲ့သည့် ထောက်လှမ်းရေးအဖွဲ့၏ အကြီးအကဲဟောင်းနှင့် ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ၏ ကိုယ်ရေး အထုပ္ပတ္တိ စာအုပ်တွင် နာမည်ဆိုးနှင့် ကျော်ကြားသည့် ဒီပဲရင်း လူသတ်ပွဲ နှင့် ပတ်သက်၍ ရည်ညွှန်းဖော်ပြခဲ့သည်။ လုပ်ကြံမှု အစီအစဉ်တွင် ထိပ်ပေါင်းခေါင်းဆောင်များ ပါဝင်ခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း သူ၏ ထောက်လှမ်းရေး အရာရှိများက ဒေါ်အောင်ဆန်းစုကြည်၏ အသက်ကို ကယ်ဆယ်ခဲ့ကြောင်း အမှတ်ယူခဲ့သည်။
ယခုတကြိမ် ခက်ခဲသော တာဝန်က ပြည်ထဲရေး ဝန်ကြီးဌာနသို့ ရောက်လာပြီ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ပြည်ထဲရေး ဝန်ကြီးဌာနသည် ကာကွယ်ရေး ဦးစီးချုပ်၏ တိုက်ရိုက် ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။
ဖြိုးကိုကိုတင့်ဆန်း အမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့၏ နှေးကွေးသော တုန့်ပြန်မှုကြောင့် ပြည်သူများ မကျေမနပ် ဖြစ်ခဲ့ရသည်။ ထို့ပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဥပဒေ အကြံပေး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူအား ရဲရဲရင့်ရင့် ဖမ်းဆီးပေးခဲ့သူမှာ ရဲအဖွဲ့ မဟုတ်ဘဲ သူရဲကောင်းများလို ရောက်ရှိလာကြသော အငှားယာဉ်မောင်းများ အဖွဲ့ ဖြစ်သည်ကို သူတို့က အမြဲအမှတ်ရနေကြသည်။
“ကျန်ရှိနေတဲ့ လက်နက်တွေနဲ့ ကွင်းဆက်တရားခံတွေ ဖမ်းမိဖို့က နံပတ်တစ် အရေးကြီးဆုံး ဖြစ်ပါတယ်။ ဒါကြောင့် ဒါ တွေကို လွတ်ထွက် မသွားအောင် ဆောင်ရွက်နေပါတယ်” ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက နေပြည်တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည့် ကတိစကားများ တည်ဖို့ လိုအပ်ပါသည်။
ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှ (သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ဥရောပသမဂ္ဂ အပါအဝင် အနောက်နိုင်ငံများ၏ ရံပုံငွေနှင့် လေ့ကျင့်ရေး ထောက်ပံ့မှုများ ရရှိခဲ့သော) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သူတို့သည် လွတ်မြောက်နေဆဲ ဖြစ်သော ရာဇဝတ်သားများကို ခြေရာခံရေးအတွက် မရပ်မနား ဆောင်ရွက်နေကြောင်း မည်သို့ပြသမည်ကိုသာမက ဆောင်ရွက်ဆဲ စုံစမ်းစစ်ဆေးမှုများ ပွင့်လင်းမြင်သာမှု ရှိရေးကိုလည်း ကမ္ဘာက စောင့်ကြည့်နေကြပါသည်။
ကျိုးပျက်လွယ်သည့် ယခု ပြုပြင်ပြောင်းလဲရေးကာလနှင့် ကျဆင်းနေသည့် အခြေအနေတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို မရှိမဖြစ်ဟု အများက မြင်နေကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် သူ၏ ဝန်ကြီးအဖွဲ့တို့ အချိန် မတိုင်မီ ထွက်ခွာသွားရသည်ကို မြန်မာနိုင်ငံသားများ ကြုံတွေ့ခဲ့ကြရပြီး ဖြစ်သည်။ တိုင်းပြည်က ပြည်တွင်းပြည်ပမှ ဖိအားများနှင့် ရင်ဆိုင်နေရသည့် အချိန်၊ ပြည်တွင်း ပြဿနာများကို ဖြေရှင်းရန် စိန်ခေါ်မှုများ တိုးလာနေသည့် အချိန်တွင် အလားတူ အဖြစ်မျိုးကို သူတို့ မြင်တွေ့ချင်ကြမည် မဟုတ်ပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Seizure of Firearms Raises Security Concerns for The Lady ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်)