သူ၏ လတ်တလော အာရှခရီးစဉ်အတွင်း မြန်မာ့အရေးတွင် ရိုဟင်ဂျာတို့၏ ကံကြမ္မာဆိုး အကြောင်း ထုတ်ဖော် ပြောကြားရန် နိုင်ငံတကာရှိ လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့များက အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို တိုက်တွန်းကြသည်။
သို့သော် ရှုပ်ထွေးလှသောအခြေအနေကို ကိုင်တွယ်ပြောကြားရန် ထရမ့်နှင့် အိမ်ဖြူတော်သည် မျှတသော ရှုမြင်သုံးသပ်မှု ရှာဖွေရန် လိုအပ်သည်။
စိုးရိမ်စရာကောင်းသည်မှာ သမ္မတက အပေါ်ယံဆန်သော မှတ်ချက်ပေးခြင်း သို့မဟုတ် တွစ်တာတွင် ရေးသားခြင်းသည် မီးကို ဓာတ်ဆီလောင်းသကဲ့သို့ဖြစ်ပြီး အသိုင်းအဝန်းများအကြား ပိုမိုသွေးကွဲစေမည်ဖြစ်ခြင်းပင်။
ထရမ့်လက်အောက်မှ အမေရိကသည် မှီခိုအားထားနိုင်ခြင်းမရှိ၊ မနှစ်မြို့စရာဖြစ်ပြီး သွေးကွဲနေသည်ဟု မြင်နေကြပြီးဖြစ်သည်။ ထိခိုက်လွယ်သော အဆင့်တွင်သာ ရှိနေသေးပြီး အစွန်းရောက်များ၊ သဘောထားတင်းမာသူများ အလုံအလောက်ရှိနေပြီးဖြစ်သော မြန်မာနိုင်ငံသို့ ထိုအကွဲအပြဲကို ဆောင်ယူမလာသင့်ပေ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်သည် မကြာမီ မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် ထိပ်တန်းခေါင်းဆောင်များနှင့် တွေ့ဆုံကာ ရခိုင်အရေးနှင့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို ဆွေးနွေးမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် အကြမ်းဖက်တိုက်ခိုက်မှုကို ရှုတ်ချသည်နှင့် တပြိုင်တည်း ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သား အစိုးရတွင် တာဝန်မရှိဘဲ တပ်မတော်တွင် တာဝန်ရှိသည်ဟု ပြောပြီး အထူး သတိထားနေသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခကို ဖြေရှင်းရန် မျှော်လင့်ချက် အရှိဆုံးသူဖြစ်သည်ဟု အမေရိကန်ပြည်ထောင်စုက မြင်နေပြီး ရိုဟင်ဂျာများနှင့် မွတ်ဆလင် စစ်သွေးကြွများကို လက်စားခြေ ထိုးစစ်ဆင်ပြီးနောက်တွင် မြန်မာ့တပ်မတော်ကို အမေရိကန်ပြည်ထောင်စုက အပြစ်ပေးလိုသည်။
စစ်သွေးကြွတိုက်ခိုက်မှုကို ရန်ကုန်ရှိ အမေရိကန်သံရုံးက ရှုတ်ချသော်လည်း ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု တကျော့ပြန်လာခြင်းသည် တပ်မတော်က မွတ်ဆလင် အရပ်သားများကို ရက်စက်စွာ ပြုမူခဲ့ခြင်းကြောင့် ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာကို လူသိရှင်ကြား မထုတ်ဖော် မကိုင်တွယ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ကျဆုံးသည်ဟု ဝေဖန်ခံနေရသည်။ သို့သော် မိမိတို့သည် အရှုပ်တော်ပုံ ဝိုင်းနေသည့် အမေရိကန်သမ္မတကိုရော မြန်မာနိုင်ငံမှ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီတန်ဖိုးများအကြောင်း ပြောသည်ကို လိုလားကြသလော။
၂၀၁၂ ခုနှစ်က အိုဘားမား မြန်မာနိုင်ငံသို့ သမိုင်းဝင်လာရောက်သောအခါ အချို့သော တက်ကြွလှုပ်ရှားသူများနှင့် သံသယဝါဒီများက သတိကြီးကြီးထားသော်လည်း အမေရိကန်၏ ထိတွေ့ဆက်ဆံရေးမူဝါဒကို နိုင်ငံတဝန်းကြိုဆိုခဲ့ကြသည်။ ယခုတကြိမ်တွင်မူ အမေရိကန်၏ ထိတွေ့ဆက်ဆံမှုသည် မြန်မာနိုင်ငံတွင် ထွေပြားသော တုံ့ပြန်မှုများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
အမေရိကန်ကွန်ဂရက်သည် မြန်မာနိုင်ငံနှင့် ရခိုင်ပြည်နယ် အခြေအနေကို အာရုံစိုက်နေပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသည် ရခိုင်အရေးကို ကိုင်တွယ်ရန် ဖိအားပေးခံနေရသည်။
တချိန်တည်းမှာပင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်တွင် စစ်အင်အား အလွန်အကျွံ အသုံးပြုခြင်း ထပ်မံမပြုုလုပ်ရန် အစိုးရကို တောင်းဆိုခဲ့သည်။
“ရခိုင်ပြည်နယ်တွင် ထပ်မံ၍ စစ်အင်အား အလွန်အကျွံ မသုံးရန်၊ အရပ်ဘက်အုပ်ချုပ်ရေး ပြန်လည်ထားရှိရန်၊ တရားဥပဒေစိုးမိုးရေး ချမှတ်ရန်နှင့် လူ့အခွင့်အရေး လေးစားမှုဆိုင်ရာ ကတိကဝတ်နှင့် တာဝန်များနှင့်အညီ ချက်ခြင်းဆောင်ရွက်ရန် လုံခြုံရေးကောင်စီက မြန်မာနိုင်ငံကို တိုက်တွန်းသည်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ အစိုးရနှင့် တပ်မတော်အပေါ် ဖိအားသည် အလွယ်တကူ ပျောက်ပျက်သွားမည် မဟုတ်ပေ။ သို့သော် မြန်မာအစိုးရနှင့်အတူ လူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် နီးကပ်သော ဆက်ဆံရေးရှိသည့် အိမ်နီးချင်း အင်အားကြီး တရုတ်နိုင်ငံသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ လုပ်ဆောင်မှုများ တိမ်းစောင်းသွားစေနိုင်သော အာဏာရှိနေသည်။
မည်သို့ဆိုစေ ပိတ်ဆို့ အရေးယူရန် ဖိအားမှာ ကြီးထွားလာနေသည်။
မြန်မာ့တပ်မတော်နှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို တားမြစ်ပြီး ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်သော ထိပ်တန်း စစ်အရာရှိများကို ပိတ်ဆို့အရေးယူသော ဥပဒေကြမ်းကို အထက်လွှတ်တော် အမတ်အချို့က ပြဌာန်းရန် တင်သွင်းလာသည်။ ထိုကန့်သတ်ချက်များသည် သွေးထွက်သံယို ဖြစ်ပွားမှုများ ရှိနေသ၍ ရှိနေမည်ဟုလည်း ဆိုသည်။
ထို့ကြောင့် မြန်မာ တာဝန်ခံများနှင့် တေလာဆန်အကြား ဆွေးနွေးမှုများတွင် ရခိုင်အရေးက လွှမ်းမိုးနေမည်ကို သံသယ ရှိရန် မလိုပေ။
ယနေ့စစ်ဘက် ထိပ်တန်းခေါင်းဆောင်များသည် လူမျိုးစုများ၊ ခွဲခြားဆက်ဆံခံရသူများနှင့်ပတ်သက်လျှင် တင်းမာသော သဘောထားရှိပြီး ဒေသတွင်း မဟာမိတ်ဖွဲ့ခြင်းဖြင့် ပြည်ပဩဇာနှင့် ဖိအားကို တွန်းလှန်ရန် လေ့ကျင့်ထားသော တပ်မတော်ခေါင်းဆောင်များ ရှိနေသောကြောင့် တေလာဆန်သည် အကြိတ်အနယ် ဆွေးနွေးရလိမ့်မည်။ ၎င်းတို့သည် အထီးကျန် ဆက်လက်ဖြစ်နေမည် မဟုတ်ကြောင်းနှင့် ထောက်ခံမှု ရမည်ဖြစ်သည်ဟု တပ်မတော်က ယူဆနေသည်။ တပ်မတော်သည် ယခင်ကထက် ပိုပြီး ၎င်းတို့ကိုယ် ၎င်းတို့ ခိုင်ခိုင်မာမာ ယုံကြည်လာနေသည်။ အနောက်တိုင်း ဖိအားနှင့် ပိတ်ဆို့ အရေးယူမှုများသည် မကြာမီ ၎င်းတို့အပေါ် ပြန်လည်ပစ်မှတ်ထားမည်ကိုလည်း သိနေသည်။
အမြီးအမောက်မတည့်မှုမှာ တပ်မတော်နှင့် ၎င်း၏ မိတ်ဖက် အပေါင်းပါများက ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အပေါ် အရေးယူပိတ်ဆို့စေရန် လိုလားနေသကဲ့သို့ အပြစ်တင်ကြခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို အရေးယူ အပြစ်ပေးစေလို မလို ရှင်းရှင်းလင်းလင်း မသိရပါ။ သေချာသည်မှာ သူသည် ယခု ဘေးကျပ်နံကျပ် ဖြစ်နေခြင်းပင်။
အထက်လွှတ်တော်မှတဆင့် တာဝန်ခံမှုနှင့် အရေးယူပိတ်ဆို့မှု ချမှတ်ခြင်းသည် ဒေါ်အောင်ဆန်းစုုကြည်ကို ကာလကြာရှည်စွာ ထောက်ခံခဲ့သူ အထက်လွှတ်တော်ရှိ ရီပတ်ဗလီကန်ပါတီ အများစု ခေါင်းဆောင် မစ်ချ် မက်ကောနဲလ်အပေါ် မူတည်သည်ဟု မီဒီယာများက ရေးသားကြသည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်ကို ခြေထိုးခြင်း၊ တိုင်းပြည်ကို မငြိမ်မသက်ဖြစ်စေခြင်းနှင့် ထွန်းသစ်စဒီမိုကရေစီအစိုးရသစ်ကို ဖျက်ဆီးခြင်းတို့ကို စိုးရိမ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ နှစ်ပေါင်းများစွာ ထောက်ခံရပ်တည်သူဖြစ်သည်။ မက်ကောနဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ခင်မင်မှုသည် အထက်လွှတ်တော်အနေဖြင့် မြန်မာနိုင်ငံအပေါ် တုံ့ပြန်ရန် အဓိက အခက်အခဲဟု လူ့အခွင့်အရေးအဖွဲ့များက ပြောကြသည်။
အရေးယူပိတ်ဆို့မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရပ်တည်ချက်မှာ ထုံးစံအတိုင်း မရေမရာပင် ဖြစ်သည်။ ယခင်က သူသည် ဗိုလ်ချုပ်ကြီးများ နိုင်ငံရေးအရ ဆွေးနွေးလာရေး ဖိအားပေးရန် လိုလားသောကြောင့် အနောက်နိုင်ငံများ၏ ဖိအားသည် သူ့အတွက် နိုင်ငံရေး အပေးအယူ ဖြစ်ခဲ့သည်။ ထိုကဲ့သို့သောခေတ်မှာ ကုန်ဆုံးသွားပြီဖြစ်သည်။ သူ၏ ပြောခွင့်ရပုဂ္ဂိုလ် တပ်မတော် အရာရှိဟောင်း ဦးဇော်ဌေးက အရေးယူပိတ်ဆို့မှု ပြုလုပ်လာလျှင် ဖြစ်လာမည့် မလိုလားအပ်သော အကျိုးဆက်များကို ပြောသည်။ သို့သော် ထိုမလိုလားအပ်သော အကျိုးဆက်များသည် မည်သူ့အတွက် ဖြစ်သည်ကိုမူ မေးရန် ရှိသည်။
အရေးယူပိတ်ဆို့မှုများ ချမှတ်ပါက ပြည်တွင်းနိုင်ငံရေးအပေါ် မည်သို့သက်ရောက်မည်နည်း။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အကြား ဆက်ဆံရေးကို မည်သို့ ရိုက်ခတ်မည်နည်း။ ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ခေါင်းဆောင်များ ပိုမို ထိပ်တိုက်တွေ့မည်လား။ ထို့အပြင် လူမျိုးစုများကရော မည်သို့တုံ့ပြန်မည်နည်း။ အစွန်းရောက် အမျိုးသားရေးအုပ်စုများက အမေရိကန်၏ အရေးယူပိတ်ဆို့မှုများကို ဗုဒ္ဓဘာသာ လူထု ဒေါသထွက်အောင် မည်သို့ လှုံ့ဆော်မည်နည်း။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိပ်တန်းစစ်ဘက်အရာရှိများ အရေးယူပိတ်ဆို့ခံရသူများစာရင်းတွင် ပါဝင်လျှင် သူ၏ အနာဂတ်နိုင်ငံရေး ရည်မှန်းချက်များက အစွန်းအထင်း ဖြစ်လိမ့်မည်။ ထိုသို့ဖြစ်လျှင် ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီ အင်အားစုများနှင့် ဖက်ဒရယ်ပြည်ထောင်စုအတွက် တိုက်ပွဲဝင်နေသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များက နိုင်ငံရေး အကျိုးအမြတ် ပိုမိုရလာလိမ့်မည်လော။
မကြာမီ အဖြေ သိရမည် ဖြစ်သည်။
တေလာဆန်၏ လာမည့်အပတ် အဆင့်မြင့်ခရီးစဉ်နှင့်အတူ အမေရိကန်ပြည်ထောင်စု၏ စည်းမျဉ်းစည်းကမ်းအခြေပြု ထိတွေ့ဆက်ဆံရေးက ပြန်လည်သုံးသပ်သင့်သည်။ ကုလသမဂ္ဂနှင့် အနောက်နိုင်ငံများ၏ ထိတွေ့ဆက်ဆံမှုသည် မြန်မာနိုင်ငံတွင် ယခုအထိ မည်သည့်အတွက် လုံးဝ မအောင်မြင်ရပါသနည်း။ မြန်မာပြည်အတွက် ပျော်ရွှင်စရာ နိဂုံး မရရှိခဲ့ပါ။
ယခုအချိန်သည် နိုင်ငံနှင့် နိုင်ငံသားများကို ကူညီရန် မြန်မာနိုင်ငံ၏ ရှုပ်ထွေးသော အခြေအနေများကို ပိုမိုနက်ရှိုင်းစွာ လေ့လာသင့်သည့် အချိန်ဖြစ်သည်။ ရခိုင်အရေးအပြင် အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံမြောက်ပိုင်း လူမျိုးစုဒေသများမှ ပဋိပက္ခများ၊ တုံ့ဆိုင်းနေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ထကြွနေသော အစွန်းရောက် အမျိုးသားရေးဝါဒနှင့် နိုင်ငံ၏ ရှေ့ခရီး ဆက်ရေး အဓိက အဟန့်အတားဖြစ်သော ၂၀၀၈ ခုနစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတို့်ကို အလေးအနက်ထား ထည့်သွင်းစဉ်းစားသင့်ပေကြောင်း။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Should Trump Speak on Rakhine? ကို ဘာသာပြန်ဆိုသည်)