အယ်ဒီတာ့အာဘော်

ရခိုင်အကျပ်အတည်း ဖြေရှင်းရာတွင် အားလုံးပူးပေါင်းပါဝင်ဖို့ လိုသည်

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့သော သြဂုတ်လမှ စတင်ပြီး ရခိုင်ပြည်နယ် ပဋိက္ခသည် အရှိန်မြင့်မားလာကာ မရေတွက်နိုင် လောက်အောင် များပြားသော ကြေကွဲစရာ ဇာတ်များ ပါဝင်သည့် ကြီးမားသော အကျပ်အတည်း အဖြစ် အလျင်အမြန် ကြီးထွားသွားသည်။ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီ ၆၀၀၀၀၀ တို့သည် နေအိမ်များကို စွန့်ခွာ ထွက်ပြေးစေခဲ့ပြီး အရပ်သားရာနှင့်ချီ သေဆုံးစေကာ ရွာ ၃၀၀ နီးပါး ဖျက်ဆီးခံခဲ့ရသည်။

စစ်သွေးကြွ တိုက်ခိုက်မှုများကြောင့် ပြင်းထန်သော အကြမ်းဖက်မှု ဖြစ်လာပြီးနောက် ၂ လကျော် အကြာတွင် အရေးတကြီး ဖြေရှင်းရမည့် မေးခွန်းမှာ ‘ထိုဒေသအတွင်း ပုံမှန် အခြေအနေမျိုး ပြန်လည် ရောက်ရှိရန် အမြစ်တွယ်နေသော ပဋိပက္ခကို မည်သို့ အဆုံးသတ်မည်နည်း’ ဟူသော မေးခွန်းဖြစ်သည်။ ထိုအဖြေသည် အဓိက ပါဝင် ပတ်သက်သောသူ အားလုံး (အစိုးရ၊ တပ်မတော်၊ ရခိုင်၊ ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများနှင့် နိုင်ငံတကာအသိုင်းအဝန်းတို့) တူညီသော နားလည်မှု တည်ဆောက်ရေး အပေါ်တွင် မူတည်နေသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင် ဥက္ကဋ္ဌ ကိုဖီအာနန်၏ ရခိုင်ပြည်နယ် အခြေအနေ တိုးတက်ရေး အတွက် အကြံပြု အစီရင်ခံစာ မထုတ်ပြန်မီ ARSA ခေါ် မွတ်စလင် စစ်သွေးကြွ အကြမ်းဖက် အုပ်စုက အကွက်ချ တိုက်ခိုက်မှုများကို စီစဉ်ပြုလုပ်ခဲ့သည်မှာ ထင်ရှားသည်။ အစိုးရကလည်း ကိုဖီအာနန် အကြံပြုချက်များကို အကောင်အထည်ဖော်မည်ဟု ကတိပြုထားပြီး ဖြစ်သည်။ ထိုအကြံပြုချက်များကို ထုတ်ဝေပြီးနောက် နာရီအနည်းငယ် အကြာ သြဂုတ်လ ၂၅ ရက်နေ့တွင် အာဆာက စတင်တိုက်ခိုက်သည်။

ထိုနောက် တပ်မတော်က နာမည်ဆိုးဖြင့် ကျော်ကြားလှသော ‘နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး’ များ ပြုလုပ်သောအခါ ယင်းဒေသတွင်းမှ လူအများအပြား ဘင်္ဂလားဒေ့ရှ်သို့ အလုံးအရင်းနှင့် ထွက်ပြေးပြီး ဒုက္ခသည် စခန်းများတွင် ခိုလှုံနေကြရသည်။

တပ်မတော်နှင့် လူမျိုးစုလက်နက်ကိုင် အဖွဲ့အစည်းများ အကြား တိုက်ပွဲများကြောင့် မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်း တို့တွင် လူမျိုးစု ဒုက္ခသည်နှင့် ပြည်တွင်း နေရပ်စွန့်ခွာ ထွက်ပြေး နေရသူ ၅၀၀၀၀၀ ခန့်ရှိသည် ဟူသော အချက်ကို စဉ်းစားကြည့်လျှင် တပ်မတော်သည် ထိန်းထိန်းသိမ်းသိမ်းလုပ်ခဲ့သင့်သည် ဟု မျှော်လင့်ရန် အကြောင်း အနည်းငယ်သာ ရှိသည်။ ထိုနည်းတူ မြန်မာ့တပ်မတော်၏ သဘောသဘာဝကို ARSA က ကောင်းစွာသိပြီး တပ်မတော်ကို ရန်မစခဲ့သင့်ပေ။

ယခုနောက်ဆုံးအကြိမ် ဖြစ်ပွားသော ရခိုင်ပြည်နယ်မှ အကြမ်းဖက် တိုက်ခိုက်မှုများတွင် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ရှိအစိုးရနှင့် အပြည့်အ၀ ပူးပေါင်းဆောင်ရွက်သင့်သည်။ စက်တင်ဘာလ ၁၉ ရက်နေ့က ပြုလုပ်သော သံတမန်များအား ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က “စစ်ဆင်ရေး လုပ်ရာမှာ ကျင့်ဝတ်ကို တိတိကျကျ လိုက်နာဖို့၊ ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့၊ အပြစ်မဲ့ အရပ်သားတွေကို အန္တရာယ်မပေးဖို့နဲ့ အရပ်ဘက်ထိခိုက်မှု မရှိစေဖို့ လုံခြုံရေးတပ်ဖွဲ့တွေကို ညွှန်ကြား ထားပါတယ်။ တည်ငြိမ်မှု၊ သဟဇာတဖြစ်မှုကို ထိခိုက်စေပြီး တရားဥပဒေ စိုးမိုးမှုကို ထိပါးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တရားမျှတမှုရဲ့ တင်းကျပ်တဲ့ စံနှုန်းတွေ အတိုင်း ကိုင်တွယ် ဖြေရှင်းသွားမယ်” ဟု ပြောကြားခဲ့သည်။

သို့သော် ထိုသို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း အလုံးအရင်းနှင့် ထွက်ပြေးရသည့် ပမာဏက ပြသနေသည်။

လုံခြုံရေးရာများတွင် အကန့်အသတ်ဖြင့်သာ ထိန်းချုပ်နိုင်သော်လည်း အရပ်သားအစိုးရသည် မီဒီယာများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို ပဋိပက္ခဒေသသို့ သွားရောက်နိုင်အောင် ဆောင်ရွက်ပေးခဲ့ခြင်း မရှိပေ။ ပဋိပက္ခနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကိုလည်း လုံလောက်စွာ ပေးပို့ခြင်း မရှိခဲ့ပေ။ ယခုအခါတွင်မူ ပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝန်းသို့် အခြေအနေကို ပုံမှန် အသိပေးရမည် ဖြစ်သည်။

ထို့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အများပြည်သူသို့ မိန့်ခွန်းများ ပုံမှန်ပြောကြားပေးရမည် ဖြစ်သလို ပြည်တွင်းပြည်ပ သတင်းဌာနများနှင့် ချက်ခြင်း ဆက်သွယ်နိုင်သော စွမ်းဆောင်ရည်ရှိကာ ဆက်စပ်ပြောဆိုတတ်သော ပြောရေးဆိုခွင့်ရှိသူများကို ခန့်အပ်ရန် လိုသည်။ လိုအပ်သည့် အခါတိုင်း သတင်းစာရှင်းလင်းပွဲများလည်း ကျင်းပရမည် ဖြစ်သည်။

အစိုးရ၏ တာဝန်မှာ ကတိအတိုင်း ဒုက္ခသည်များ ပြန်လည် လက်ခံရေးကို အရှိန်မြှင့် လုပ်ဆောင်ရမည် ဖြစ်သည်။ ပြန်လာသူများ အားလုံး၏ လုံခြုံရေးကို အစိုးရက အာမခံရမည်။ အလားတူ အရေးကြီးသော ကိစ္စမှာ ရခိုင်ပြည်နယ်၏ ပဋိပက္ခဒေသတွင် အောက်တိုဘာလက ပြန်လည် စတင်ခဲ့သော နိုင်ငံသားစိစစ်ရေး လုပ်ငန်းစဉ်အတိုင်း နိုင်ငံသား ဖြစ်ခွင့်ကို မှန်ကန်စွာ ဆောင်ရွက်ပေးရန် ဖြစ်သည်။

ရခိုင်ပြည်သူများ အနေနှင့် ထိုဒေသတွင် နေထိုင်၊ မွေးဖွားခဲ့သော ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများနှင့် ယှဉ်တွဲ နေထိုင်ရမည်ကို ငြင်းပယ်နိုင်မည် မဟုတ်ပေ။ တချိန်တည်းမှာပင် ရိုဟင်ဂျာ ခေါ် ဘင်္ဂလီများကလည်း နိုင်ငံသားဖြစ်ခွင့်နှင့် အခြေခံအခွင့်အရေးများ ရရှိရေးထက် ပိုမိုပြီး ရခိုင်အများအပြား ထင်မြင်ယူဆသော ခွဲထွက်ရေး အစီအစဉ်မျိုး မရှိသင့်ပေ။

ရခိုင်ပြည်နယ် ပြဿနာသည် ၎င်းတို့ နားလည်ထားသည်ထက် များစွာ ပိုမို ရှုပ်ထွေး၊ ထိရှလွယ်သည်ကို ကုလသမဂ္ဂ၊ အနောက် နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက နားလည်ရန် လိုသည်။ ထိုသို့သော မတည်ငြိမ်မှုသည် ထိခိုက်လွယ်သော မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းအတွက် ခြိမ်းခြောက်မှု ဖြစ်နိုင်သည်ကို ၎င်းတို့ သတိပြုရမည် ဖြစ်သည်။

ရခိုင်ပဋိပက္ခကြောင့် တိုင်းပြည် တည်ငြိမ်မှု ထိခိုက်သည် ဟု စစ်ဘက်ခေါင်းဆောင်များက ထင်လျှင် စစ်အာဏာသိမ်း အုပ်ချုပ်မှု ပြန်လည် ပေါ်ပေါက်လာမည်ကို ၎င်းတို့အနေဖြင့် ထည့်မတွက်၍ မရပါ။ ထို့အပြင် ၁၉၆၀ နောက်ပိုင်း ပထမဆုံးသော ရွေးကောက်ခံ အရပ်သားအစိုးရကို အင်အားချည့်နဲ့အောင် လုပ်ဆောင်ရန် လက်မနှေးသော နိုင်ငံရေး အချောင်သမားများနှင့် အမျိုးသားရေး အစွန်းရောက်များလည်း ရှိနေသည်။

ဆယ်စုနှစ်များစွာကြာသော စစ်အုပ်ချုပ်ရေးကြောင့် ပေါ်ပေါက်လာသော ပြဿနာများကို ဖြေရှင်းရာတွင် အစိုးရသည် ကနဦး အဆင့်သာ ရှိသေးကြောင်း နားလည်သဘောပေါက်ရန် အရေးကြီးသည်။

တဖန် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ကဲ့သို့သော အရေးပါသည့် ဌာနများတွင် တာဝန် ထမ်းဆောင်နေသည့် စစ်ဘက် ထိပ်တန်း အရာရှိဟောင်းများကို လက်ရှိ အစိုးရက ဖယ်ရှားနိုင်ခြင်း မရှိသေးသလို ထိုအရာရှိများသည် အစိုးရ၏ အားထုတ်မှုများကို အဟန့်အတား ဖြစ်စေသည် ဟု သုတေသီများက သုံးသပ်ကြသည်။

အခြားအရေးပါသော အချက်တခုမှာ မြန်မာနိုင်ငံတွင် ဩဇာအကြီးမားဆုံးနှင့် အခိုင်မာဆုံး မဏ္ဍိုင်အဖွဲ့အစည်း ဖြစ်သော တပ်မတော်နှင့် အစိုးရ အကြား ဆက်ဆံရေး မတည်ငြိမ်သည်ကို နိုင်ငံတကာ အသိုင်းအဝန်းက နားလည်ရန် လိုခြင်း ဖြစ်သည်။ နှစ်ဖက် ဆက်ဆံရေးသည် ပုံမှန်အခြေအနေတွင် ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည် က လွတ်လပ်သော အာရှအသံ (RFA) နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောသော်လည်း ဆက်ဆံရေး မကောင်းလှကြောင်း ပြသသည့် လက္ခဏာများ ရှိနေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ မရေရာလှသေးပေ။

အလားတူ အကျပ်အတည်းကို ရင်ဆိုင်ရသော အခြားနိုင်ငံများ ကဲ့သို့ပင် အစိုးရနှင့် တပ်မတော်တို့သည် အရေးအပါဆုံး ပါဝင် လုပ်နေရသူများ ဖြစ်ပြီး ပူးပေါင်းဆောင်ရွက်ရမည် ဖြစ်သည်။ ရခိုင် အကျပ်အတည်းကို ဖြေရှင်းရန် နိုင်ငံတကာ အသိုင်းအဝန်း၊ အထူးသဖြင့် အနောက်နိုင်ငံများ၏ အကူအညီ လိုသည်။ ၎င်းတို့သည် ပါးနပ်သော သံတမန်ရေး၊ မြန်မာ့သမိုင်းကို နက်ရှိုင်းစွာ နားလည်မှု၊ အစိုးရနှင့် တပ်မတော်ကို ချဉ်းကပ်ရန် ပိုမိုကျယ်ပြန့်သော အမြင်များ ရှိရန် လိုပြီး ပါဝင်ပတ်သက်သူ အားလုံး ပူးပေါင်းဆောင်ရွက်ခွင့် ပြုရမည် ဖြစ်ပေသည်။ ။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Collaboration is Key to Solving Rakhine Crisis ကို ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading