ရိုက်တာသတင်းထောက်များ ဖြစ်ကြသော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ ၂ ဦးအား ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းက လူအများ ချီးမွမ်းဂုဏ်ယူနေကြသော မြန်မာ့ ဒီမိုကရေစီ အကူးအပြောင်းနှင့် ပြုပြင်ပြောင်းလဲရေးများသည် စိတ်ကူးယဉ် အိပ်မက် ရေးရေးမျှသာ ဖြစ်ကြောင်း ထပ်မံ သတိပေးလိုက်ပြန်သည်။ မီဒီယာကို ပစ်မှတ်ထား နှိပ်ကွပ်လာသည်မှာ စိုးရိမ်စရာ ဖြစ်လာပြန်ပြီ။
သတင်းထောက် ၂ ဦးအား ဩဂုတ်လအတွင်း ဖြစ်ပွားခဲ့သော ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ် ( ARSA) နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များကြား တိုက်ခိုက်မှုနှင့် ဆက်စပ်သော ဌာနတွင်းအစီရင်ခံစာများ လက်ဝယ်တွေ့ရှိကြောင်း စွပ်စွဲပြီး နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့သည်။ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ် ကျခံရနိုင်သည်။ ပြန်ကြားရေးဝန်ကြီးဌာနက “အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်းဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင် သတင်း ရယူဆောင်ရွက်ခဲ့သည်” ဟု ထုတ်ပြန်ခဲ့သည်။
ရခိုင်ပြည်နယ်ရှိ ရဲတပ်ဖွဲ့စခန်းများ တိုက်ခိုက်ခံရခြင်းကို တုန့်ပြန်သည့် သြဂုတ်လ အတွင်းက မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများအတွင်း ကြမ်းတမ်းစွာ ကိုင်တွယ်နှိမ်နှင်းမှုအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြစ်တင်ရှုတ်ချနေကြသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးများ မကြာခဏ ခေါ်ယူနေပြီး လွတ်လပ်သော စုံစမ်းစစ်ဆေးမှုကို လက်ခံရန် မြန်မာအစိုးရကို ဖိအားပေးတိုက်တွန်းနေချိန်တွင် ယခုကဲ့သို့ ရခိုင်အရေး သတင်းယူနေသော သတင်းထောက်များအား ဖမ်းဆီးခြင်းကြောင့် မျက်နှာကောင်း ရစရာ မည်သို့မျှ အကြောင်း မရှိပါ။
ပို၍ ဆိုးသည်မှာ မြန်မာအစိုးရ၏ ပြန်ကြားရေးဝန်ကြီးဌာန လူမှုကွန်ရက် စာမျက်နှာတွင် ရာဇဝတ်သားများသဖွယ် စာရွက်စာတမ်းများ၊ မိုဘိုင်းဖုန်းများနှင့် ပိုက်ဆံများ ခင်းကျင်းပြသထားသည့် စားပွဲတလုံး နောက်တွင် မတ်တပ်ရပ်ပြီး လက်ထိပ်ခတ်ခံထားရသော သတင်းထောက် ၂ ဦး၏ ဓာတ်ပုံကို ဖော်ပြခဲ့ခြင်းပင်။ ယင်းသို့ဖော်ပြခြင်းကြောင့် စစ်အစိုးရများလက်အောက် စက်ဆုပ်ရွံရှာဖွယ် ဝါဒဖြန့်မှုများအား ပြန်ပြောင်းအောက်မေ့စေသည်။
ဒီမိုကရေစီ အပြောင်းအလဲတွင် အရေးပါသည့် လွတ်လပ်သော စတုတ္ထမဏ္ဍိုင်ကို တည်ထောင်နေသော သတင်းစာနယ်ဇင်းသမားများသည် ရာဇဝတ်သားများ မဟုတ်ပါ။ သတင်းစာ လွတ်လပ်ခွင့်ကို ထိပါးချုပ်ချယ်မည့် မည်သည့် ဥပဒေမျိုးနှင့်မျှ တရားစွဲဆိုရန်လည်း မသင့်ပါ။ သတင်းအချက်အလက် စုဆောင်းခြင်း၊ စုံစမ်းထောက်လှမ်း ဖော်ထုတ်ရေးသားခြင်းများသည် အမှန်ကို အမှန်အတိုင်း လူအများ သိမြင်စေရန် ဖြစ်သည်။ သို့သော် ယခုဖမ်းဆီးခြင်းက အမှန်ကို ဖုံးကွယ်ရန် ကြိုးစားပြီး သတင်းစာ လွတ်လပ်ခွင့်နှင့် သတင်းစာလုပ်ငန်းကို တိုက်ခိုက်မှုသာ ဖြစ်နေသည်။
ဒီမိုကရေစီနှင့် သတင်းစာ လွတ်လပ်ခွင့်တို့ကို သတင်းထောက်များအား ဖမ်းဆီးနှိပ်ကွပ်ပြီး တည်ထောင်၍ မရပေ။ ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုအပ်ပေကြောင်း။