နောက်ဆုံးတွင် မြန်မာ့စီးပွားရေးသည် ကမ္ဘာမြေကြီး၏ ဆွဲငင်အားကို တွန်းကန်ပြီး ဂျက်ပါဝါကဲ့သို့ လေထဲသို့ မပျံနိုင်တော့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်း သဘောပေါက်သွားပြီဖြစ်သည်။ အစိုးရ မျှော်မှန်း ထား သလောက် တိုးတက်မှု မရှိဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး က ဒီဇင်ဘာလ ၁၃ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သည့် SMEs လုပ်ငန်းများ ဖွံ့ဖြိုးရေး အစည်းအဝေးတွင် ဝန်ခံသွားသည်။
စီးပွားရေး လုပ်ငန်းရှင်များ၏ မြန်မာ့စီးပွားရေးအပေါ် ယုံကြည်မှုသည် ယခုနှစ်အတွင်း အကြီးအကျယ် ကျဆင်းသွားသည်ဟု Roland Berger အတိုင်ပင်ခံလုပ်ငန်းနှင့် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) တို့ ဒီဇင်ဘာ ၁၂ ရက်နေ့က ထုတ်ပြန်သည့် စစ်တမ်းတခုတွင် ဖော်ပြထားချက်ကို ရည်ညွှန်း၍ ဝန်ကြီး ဦးကျော်ဝင်းက ဝန်ခံလိုက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ကာလတို စီးပွားရေး လုပ်ငန်း ယုံကြည်မှုသည် လွန်ခဲ့သောနှစ်က ၇၃ ရာခိုင်နှုန်း ရှိသော်လည်း ၂၀၁၇ ခုနှစ်တွင် ၄၉ ရာခိုင်နှုန်းသို့ ကျဆင်းသွားသည်ဟု အဆိုပါ စစ်တမ်းက ဖော်ပြသည်။ ထိုစစ်တမ်းသည် မြန်မာနိုင်ငံရှိ ပြည်တွင်းပြည်ပ စီးပွားရေးလုပ်ငန်းရှင် ၅၀၀ တို့၏ အမြင်များကို ထင်ဟပ်နေပြီး ထိုသို့ ယုံကြည်မှု ကျဆင်းရခြင်း၏ အဓိက အကြောင်းမှာ ရှင်းလင်းသော စီးပွားရေးမူဝါဒနှင့် စီမံကိန်း မရှိသောကြောင့် ဖြစ်သည် ဟု ဆိုသည်။
ရိုလင်ဘာဂျာ၏ အရှေ့တောင်အာရှ အုပ်ချုပ်မှု မိတ်ဖက်ဖြစ်သည့် သောမတ်ကလော့ဇ် (Thomas Klotz) က “ခုချိန်ထိ မရှိသေးတာက တိကျတဲ့ ရည်မှန်းချက်တွေ၊ အချိန်ဇယားတွေနဲ့ အချိန်တိုအတွင်း အောင်မြင်နိုင်တာတွေ ပါဝင်တဲ့ အလုံးစုံ စီးပွားရေး ပြုပြင်ပြောင်းလဲမှု လမ်းပြမြေပုံ မရှိသေးတာဘဲ” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။
တချိန်တည်းတွင်ပင် မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေသည် နာမကျန်းဖြစ်နေပြီး ယင်းအတွက် မဟာဗျုဟာလိုအပ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) ၏ စီးပွားရေးအကြံပေး ဦးမြင့်ကလည်း ပြောကြားလိုက်သည်။
ယင်းတို့သည် စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်များစွာ အပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် စီးပွားရေး ပြုပြင်ပြောင်းလဲရေးသည် အဓိက ရည်မှန်းချက်တခုဟု ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော မြန်မာအစိုးရက သတ်မှတ်ခဲ့ပြီး အုပ်ချုပ်မှု ၂ နှစ်သက်တမ်းအတွင်း ရောက်လာသော်လည်း နှေးကွေးလှသော အပြောင်းအလဲကြောင့် လူအများအပြားက စိတ်ပျက်လာနေခဲ့ကြောင်းကို ရောင်ပြန်ဟပ်နေခြင်းပင်။
အပြောင်းအလဲမှာ နှေးကွေးသည်ဟု ဆိုသော်လည်း အခြေခံကျသော အပြောင်းအလဲများ ဖြစ်ခဲ့သည်ကိုမူ အသိအမှတ် ပြုရမည်။ အစိုးရသစ်အနေဖြင့် ပထမနှစ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း အစိုးရ ဘဏ္ဍာငွေ ရသုံးစနစ်၊ နိုင်ငံခြားကုန်သွယ်မှုနှင့် ငွေကြေးဖောင်းပွမှုတို့တွင် အပေါင်းလက္ခဏာ ဆောင်သော မှတ်တမ်းများကို တွေ့ရကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ စုံစမ်းလေ့လာရေး Article IV မစ်ရှင်အဖွဲ့က ပြောသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာက ငွေဖောင်းပွနှုန်း ၁၆ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည့် အန္တရာယ်ကြီးလှသော ဘဏ္ဍာရေးအခြေအနေတခုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရက အမွေဆက်ခံခဲ့ရသော်လည်း ၂၀၁၆-၁၇ တွင် ငွေကြေးဖောင်းပွမှုက ၆.၈ ရာခိုင်နှုန်းဖြင့် အလယ်အလတ်တွင် ထိန်းထားနိုင်ခဲ့သည့် အနေအထားသို့ ဆွဲချနိုင်ခဲ့သည်။ ကုန်သွယ်ရေး လိုငွေပြမှုက ၂၀၁၅/၁၆ တွင် GDP ၏ ၅.၁ ရာခိုင်နှုန်းမှ ၂၀၁၆/၁၇ တွင် ၃.၉ ရာခိုင်နှုန်းခန့်သို့ ကျဆင်းသွားပြီး အစိုးရအသုံးစရိတ်ကိုလည်း ၂၀၁၆/၁၇ အတွက် ၄ ဒသမ ၈ ရာခိုင်နှုန်းမှ ၂ ဒသမ ၅ ရာခိုင်နှုန်းသို့ လျှော့ချနိုင်ခဲ့သဖြင့် ဗဟိုဘဏ်အနေဖြင့် လိုငွေပြမှုနှင့် မညီမျှမှုများအတွက် ဖြည့်တင်းထောက်ပံ့ပေးနေရခြင်းကို လျှော့ချနိုင်ခဲ့သည်။
ယင်းသည် ယခင်အစိုးရအဆက်ဆက် ကျင့်သုံးခဲ့သော အစိုးရလိုငွေပြတိုင်း ဗဟိုဘဏ်က ငွေစက္ကူများ ရိုက်နှိပ်သုံးစွဲနေခြင်းနှင့် နာတာရှည် တဖက်စောင်းနင်း ကုန်သွယ်ရေးကို ဇက်သတ်နိုင်ခဲ့ခြင်းပင်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရက အသုံးစရိတ်ကို ထပ်မံလျှော့ချခဲ့ပြီးလည်း ဖြစ်သည်။ သို့သော် ထိုသို့ အစိုးရ အသုံးစရိတ် လျှော့ချခြင်းဖြင့် မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ပေးစွမ်းနိုင်သော်လည်း မိုက်ခရိုစီးပွားရေးအဆင့်တွင်မူ လူကြိုက်မများကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေးဆိုင်ရာ အကြံပေး ရှောင်တာနဲလ်က ဆိုသည်။ “အသုံးစရိတ်ချွေတာလိုက်ရင် ရေရှည်မှာ သူတို့အတွက် အကျိုးရှိဦးတာ့ လူတွေကတော့ ကြိုက်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ရန်ကုန်ရှိ နိုဗိုတယ်လ်ဟော်တယ်တွင် ဩဂုတ်လအတွင်း ပြုလုပ်ခဲ့သည့် ဟောပြောပွဲ၌ ပြောဆိုသည်။
အစိုးရ၏ ချွေတာရေးအပြင် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု ငြိမ်သက်နေခြင်း၊ ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် မြန်မာ့ပုံရိပ် ဂုဏ်သိက္ခာကျဆင်းမှုက ရင်းနှီးမြှုပ်နှံသူများအပေါ် ဖိအားနှင့် ခရီးသွားလုပ်ငန်း ထိခိုက်စေခြင်းတို့ ဖြစ်ရခြင်းက ရေတိုကာလ စီးပွားရေးကို ထိခိုက်စေသည်။ ယခုအချိန်အထိ တိုက်ရိုက်စီးပွားရေး သက်ရောက်မှု မရှိသေးလည်း ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများက ရင်းနှီးမြှုပ်နှံသူတို့၏ သဘောထားကို သက်ရောက်မှု ရှိနိုင်သည်။ အကယ်၍ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနှင့် စားသုံးသူ သပိတ်မှောက်မှုများပါ ဖြစ်ပေါ်လာမည်ဆိုပါက ပိုဆိုးကျိုးသက်ရောက်လိမ့်မည်။
အကျဖက်သို့ ဦးတည်သည့် စွန့်စားရမှုများတွင် အတိုးရော အရင်းပါ ပြန်မဆပ်နိုင်သည့် ရက်လွန် ချေးငွေသေများဖြင့် ဝန်ပိနေသော ပြည်တွင်း ဘဏ်လုပ်ငန်းကဏ္ဍအား မည်သို့ ထိန်းချုပ်ကိုင်တွယ်မည်လည်း ပါဝင်သည်။ အလွန်အကျွံ ထုတ်ချေးထားသော ချေးငွေများကို ပြန်လည်သိမ်းယူရန် မူလက အချိန် ၆ လ ပေးထားခြင်းမှ ယခု ၃ နှစ်အထိ ဗဟိုဘဏ်က ပုဂ္ဂလိက ဘဏ်များကို အချိန်ပေးလိုက်ခြင်းက ပြည်တွင်းဘဏ်စနစ် ပြုပြင်ပြောင်းလဲရေး အချိန်ယူရန် လိုကြောင်း ပြောနေခြင်းဖြစ်သည်။ သို့သော် ယင်းအတွက်ကြောင့် အခြားပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ ကျွဲကူးရေပါ နှောင့်နှေးနေမည်ကိုလည်း သတိပြုရမည်။
ရေတိုစီးပွားရေးအပေါ် ယုံကြည်မှု ကျနေသော်လည်း ကာလလတ် (medium term) အတွင်း တိုးတက်မှုက ခန့်မှန်းထားသော အလားအလာရှိသည့် နှုန်း ၇ ရာခိုင်နှုန်းမှ ၇.၅ ရာခိုင်နှုန်းဆီသို့ ဖြေးဖြေးချင်း မြင့်တက်သွားမည်ဟု တွက်ချက် မျှော်လင့်မှုများ ရှိသည်။ ယင်းသည် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) အများအပြား ဆက်လက် စီးဝင်ခြင်း၊ အစိုးရ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သုံးစွဲမှု တိုးတက်လာခြင်းနှင့် ထိရောက်မှုတို့အပေါ် မူတည်နေသည်။
IMF က မြန်မာနိုင်ငံတွင် ယခုအခါ ပြုပြင်ပြောင်းလဲရေး၏ အရှိန်အဟုန်ကို ဆက်ထိန်းသိမ်းရန် ဒုတိယလှိုင်း လိုအပ်နေကြောင်း ဆော်ဩထားသည်။ ပြုပြင်ပြောင်းလဲရေးက စိုက်ပျိုးရေး၊ ဘဏ်လုပ်ငန်းစနစ်နှင့် အတိုးနှုန်းများ တဖြည်းဖြည်းချင်း လွတ်လပ်ခွင့်ပေးရေး၊ အခြေခံ အဆောက်အအုံ၊ ကုန်သွယ်ရေး၊ သဘာဝ အရင်းအမြစ် စီမံခန့်ခွဲရေးနှင့် နိုင်ငံခြားလုပ်ငန်းများ စီးပွားရေး အတွင်းသို့ ပူးပေါင်းနိုင်အောင် နောက်ထပ် လမ်းဖွင့်ပေးခြင်း (ကုမ္ပဏီများ ဥပဒေပြင်ဆင်ခြင်း) များ အပါအဝင် ဥပဒေမူဘောင်များကို အာရုံစူးစိုက်သင့်ကြောင်း အကြံပေးထားသည်။
အထူးသဖြင့် စီးပွားရေး အနာဂတ်အလားအလာကို ကြီးမားများပြားသော အခြေခံအဆောက်အအုံ လိုအပ်ချက်များက စိန်ခေါ်နေသည်။ ထိုလိုအပ်ချက်ကို အစိုးရတဦးတည်းက ဖြည့်ဆည်းပေးနိုင်သည့် အရင်းအမြစ်များလည်း မရှိပေ။ ထို့ကြောင့် တိုင်းပြည်၏ အခြေခံအဆောက်အအုံ ဖြည့်ဆည်းရာတွင် တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍတွင် အောင်မြင်ခဲ့သလို အခြား လိုအပ်ချက်များဖြစ်သည့် အထူးသဖြင့် စွမ်းအင်၊ သောက်သုံးရေနှင့် ကားလမ်း ရထားလမ်း သင်္ဘောဆိပ် လေဆိပ်များကဲ့သို့ သယ်ယူပို့ဆောင်ရေးတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာရေး ပုဂ္ဂလိကကဏ္ဍကို လမ်းဖွင့်ပေးရမည်။
အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရကို လူထုက မျှော်လင့်ချက် ကြီးမားစွာဖြင့် အပြောင်းအလဲများ ပြုလုပ်နိုင်ရန် မဲပေးအပြီး ၂ နှစ်အတွင်း ရှင်းလင်းသော မူဝါဒများ ချမှတ်နိုင်ခြင်း မရှိခြင်းကြောင့် စီးပွားရေးလုပ်ငန်းများ အေးစက်နေပြီး လူမှုဘဝများ သိသိသာသာ တိုးတက်လာမည့် အရိပ်အရောင် မရှိသည်ကို ယခုအခါ ဝန်ခံခဲ့ခြင်းအား လူအများက နားလည်လက်ခံနိုင်ပါသည်။ သို့သော် စီးပွားရေးဖွံ့ဖြိုးမှု လိပ်ခဲတည်းလည်း အခြေအနေအား ဆက်လက်ခွင့်ပြုထားမည်ဆိုပါက နားလည်လက်ခံနိုင်သော အဆင့်ကို ကျော်လွန်လာပေလိမ့်မည်။
ယခုပင် မြန်မာ့စီးပွားရေး အကျပ်အတည်းအပေါ် အသံများ အတော်ပင် ဆူညံနေခဲ့ပြီးဖြစ်သည်။ ဂျက်အင်ဂျင်ဖြင့် မပျံသန်းနိုင်တော့သည့် နောက်ပိုင်း မြန်မာ့စီးပွားရေးကို မည်သည့်အင်ဂျင်ဖြင့် ဘယ်နည်း ဘယ်ပုံ ဆက်မောင်းနှင်သွားမည်ကို နောက်ဆက်တွဲ တာဝန်ခံ ရှင်းလင်း တင်ပြမှုအား စောင့်ကြိုနေပါကြောင်း ရေးသားတင်ပြအပ်ပေသည်။