မြန်မာပြည် လွတ်လပ်ရေး ရခဲ့သည်မှာ ယနေ့ နှစ်ပေါင်း ၇၀ ပြည့်ပြီဖြစ်သည်၊ ၁၈၈၅ ခုနှစ် ဗြိတိသျှ နယ်ချဲ့ သည် ဘုံဘေဘားမား သစ်ကုမ္ပဏီ အရေးအကြောင်းပြကာ တတိယ ကျူးကျော်စစ်ကို ဆင်နွဲပြီး သီပေါမင်းနဲ့ မိဖုရားကို အိန္ဒိယနိုင်ငံသို့ အပြီး တိုင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်မှစကာ မြန်မာတို့ လွတ်လပ်ရေးဆုံးရှုံးသွားခဲ့သည်။ ဗြိတိသျှတို့အနေဖြင့် မြန်မာမင်းတို့ အုပ်ချုပ်ပုံ ညံ့ဖျင်းပြီး ရက်စက်မှုကြောင့်ဟု သိမ်းပိုက်ရသည်ဟု ဆိုသော်လည်း ထိုစဉ်ကဖြစ်ပွားခဲ့သည့် လက်နက်ကိုင် တော်လှန်ရေးများကို ကြည့်ခြင်းအားဖြင့် မြန်မာအပါအဝင် မည်သည့် တိုင်းရင်းသား ကမှ ကြိုဆိုလက်ခံခဲ့ခြင်း မရှိကြောင်း ထင်ရှား၏။
စစ်နိုင်သူ ဗြိတိသျှသည် မန္တလေး နန်းတွင်းကို ဝင်ရောက်မွှေနှောက်ကာ အဖိုးတန်ပစ္စည်းများကို ယူဆောင် သကဲ့သို့ ပုန်ကန်ထကြွမှုတို့အပြင် တိုက်ခိုက်လုယက်မှုများ စသည့် ဥပဒေမဲ့ လုပ်ရပ်များ ကြောင့်လည်း ပရမ်းပတာ အခြေအနေတခုကို ကျော်ဖြတ်ခဲ့ရသည်။
ဗြိတိသျှတို့သည် ပုန်ကန်ထကြွမှုများကို ရက်စက်စွာ နှိမ်နင်းသည်၊ အုပ်ချုပ်မှု လွယ်ကူစေရန်၊ တိုင်းရင်းသားများနှင့် မြန်မာများအကြား ပြည်မနှင့် တောင်တန်းဒေသဟု ခွဲခြားသတ်မှတ်ကာ သွေးခွဲအုပ်ချုပ်မှု မဟာဗျူဟာကို ကျင့်သုံးခဲ့သည်။
အိန္ဒိယ၏ ပြည်နယ်တခုအဖြစ် သတ်မှတ်ကာ အိန္ဒိယသား အလုပ်သမားများ၊ လယ်ကူလီများ၊ ချစ်တီးကဲ့သို့ ငွေတိုးချေးသူများကို အများအပြားခေါ်သွင်းလာမှုကြောင့် မကျေနပ်မှုများ၊ပဋိပက္ခများ၊ သူပုန်ထမှုများ၊ အထွေထွေသပိတ် များဖြစ်ခဲ့သည်။
အိန္ဒိယသား အမြောက်အမြား ခေါ်သွင်းလာခြင်း၏ အကျိုးဆက်က ယနေ့တိုင် ရခိုင်ဒေသတွင် မဖြေရှင်းနိုင် သေးသည့် လူဝင်မှု ပြဿနာကိုဖြစ်စေပြီး၊ ကိုလိုနီ အမွေဆိုးတခုပင်ဖြစ်သည်။
၁၉၄၂ခုနှစ်သခင်အောင်ဆန်း ဦးဆောင်သည့် ရဲဘော်သုံးကျိပ်က ဂျပန်အကူအညီ ဖြင့် ဗြိတိသျှ နယ်ချဲ့ကို တော်လှန်ခဲ့သည်။
ဒုတိယကမ္ဘာစစ်သည် မြန်မာပြည်ကို စစ်မြေပြင်ဖြစ်စေကာ အလုံးစုံ ပျက်စီးဆုံးရှုံးပြီး တိုင်းပြည်ကို ချွတ်ချုံကျ စေခဲ့သည်။
၁၉၄၇ ခုနှစ် ဇန်နဝါရီလတွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် မြန်မာနိုင်ငံရေး ခေါင်းဆောင်များ လန်ဒန်မြို့ကို သွားကာ လွတ်လပ်ရေးအတွက် သွားရောက်ညှိနှိုင်းသည်၊ ထို့နောက် တောင်တန်းဒေသရှိ ရှမ်း၊ ကချင်၊ ချင်းနှင့် ကရင်နီ ကိုယ်စားလှယ်များနှင့် ဆွေးနွေးကာ ပြည်ထောင်စု မူကို ချမှတ်ခဲ့ပြီး၊ တောင်တန်းဒေသ ကိုယ်စားလှယ်များ ကလည်း ပူးတွဲကာ လွတ်လပ်ရေး အရယူဖို့ သဘောတူခဲ့သည်။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင်များကို ဂဠန် ဦးစော ကလုပ်ကြံခဲ့ သည်၊ လုပ်ကြံရာတွင် သုံးသည့် လက်နက်များမှာ ဗြိတိသျှစစ်တပ်မှ လက်နက်များဖြစ် သည့်အတွက် လုပ်ကြံမှု နောက်ကွယ်တွင် ဗြိတိသျှအရာရှိတို့ ပါဝင်နေကြောင်း ရေးသားဖော်ပြမှုများ ထွက်ပေါ်ခဲ့သည်။
၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက်နေ့ နံနက် ၄နာရီ မိနစ် ၂၀ အချိန်တွင် ဗြိတိသျှ အင်ပါယာ၏ ယူနီယံ ဂျက် အလံ ကို ဖြုတ်ချကာ မြန်မာအလံဖြင့် အစားထိုးပြီး ပြည်ထောင်စု အသစ် ပေါ်ပေါက်လာခဲ့ သည်။
ပထမဆုံး သမ္မတမှာ စဝ်ရွှေသိုက်၊ ပထမဆုံး ကာကွယ်ရေး ဦးစီးချုပ်မှာ ကရင်လူမျိုး ဗိုလ်ချုပ် စမစ်ဒွန်းဖြစ်လာ သည့်အထိ တဦးနှင့် တဦးအကြား သာတူညီမျှ တန်းတူအခွင့်အရေး ရရှိခဲ့သည်ဟု ဆိုရမည်။
သို့သော် ထိုအခြေအနေသည် ကြာရှည်မခံ၊ လွတ်လပ်ရေးအတူ မွေးဖွားလာသည့် ပြည်တွင်းစစ်နှင့် အတူ ပျောက်ကွယ်သွားသည်ဟု ဆိုရမည်။ ကွန်မြူနစ်တို့ ပုန်ကန်မှု၊ ကရင်တော်လှန်ရေး စသည့် ညှိနှိုင်းမရသည့် ပြဿနာများကြောင့် ကမ္ဘာတွင် အရှည်ကြာဆုံး ပြည်တွင်းစစ်မီးပေါက်ဖွားခဲ့သည်။
လွတ်လပ်စ မြန်မာနိုင်ငံသည် ၁၉၅၀ခုနှစ်တွင် တရုတ်ဖြူတို့၏ ကျူးကျော်ဝင်ရောက်မှုကို ခံခဲ့ရသည်၊ ထို့နောက် ၁၉၆၂ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်သည့် စစ်တပ်က အာဏာသိမ်းကာ တပါတီ အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်သည်။
၁၉၈၈တွင် ဖြစ်ပွားခဲ့သည့် အရေးတော်ပုံက တံခါးပိတ်ဝါဒကို ကျင့်သုံးခဲ့သည့် ဦးနေဝင်း အစိုးရကို ပြုတ်ကျစေသည်၊ သို့သော် စစ်တပ်က နှိမ်နင်းကာ အာဏာသိမ်းပိုက်ခဲ့သည်မှာ ဆယ်စုနှစ် ၂စုကျော် ကြာခဲ့သည်။
ယနေ့ဆိုလျှင် ၁၉၄၈ခုနှစ်က စတင်ခဲ့သည့် ပြည်တွင်းစစ်သည်လည်း နှစ်ပေါင်း ၇၀ ပြည့်ဖို့ လပိုင်းသာ လိုတော့ သည်ဟု ဆိုရမည်၊ နှစ် ၇၀ဆိုသည်က အတွေ့အကြုံက ရင့်ကျက်သည့် ပြည်ထောင်စုတခု ဖြစ်နေသင့်သည့် အနေအထားဟုဆိုရမည်။
လက်ရှိအခြေအနေကို ပြန်ကြည့်ပါက တိုင်းရင်းသားဒေသတွင် စစ်မီးက မရပ်သေး၊ တိုင်းပြည်၏ စီးပွားရေးက လူးကာလူလွန့်ကာနှင့်ပင် အိမ်နီးချင်းနိုင်ငံများထက် နိမ့်ကျနေသည်၊ တရားဥပဒေ စိုးမိုးရေး အားနည်းနေသည်။
ထိုအခြေအနေဆိုးကို ကျော်လွှားနိုင်ဖို့ရာ ပြည်တွင်းစစ်ရပ်စဲပြီး၊ ငြိမ်းချမ်းရေးကို တည်ဆောက်ကာ စီးပွားရေးကို ပြန်လည်ထူထောင်မှသာ ပြည်ထောင်စုသားများ လွတ်လပ်ရေး၏ အရသာကို တင်းပြည့် ကျပ်ပြည့် ခံစားရ မည်ဖြစ်ကြောင်း ဆိုရပေမည်။