အာဏာရပြီး ၂ နှစ်ကျော် ကာလအတွင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ အဖွဲ့မှ ပြည်ထောင်စု ဝန်ကြီး တချို့၊ ပြည်နယ် နှင့် တိုင်း ဝန်ကြီးချုပ် တချို့နှင့် ဝန်ကြီး တချို့ ပြောင်းလဲမှု ရှိမည် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေပြီး အကယ်၍ အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရေး တကယ်လုပ်ပြီ ဆိုပါက အစိုးရအဖွဲ့၏ စွမ်းဆောင်နိုင်ရည် မည်မျှထိ ကောင်းမွန်လာမည်နည်း။
မည်သို့ဆိုစေ ယခုကဲ့သို့ အစိုးရအဖွဲ့တွင်း အပြောင်းအလဲ လုပ်မည်ဟု သတင်းများ ပေါ်ထွက်လာခြင်းသည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရ၏ စွမ်းဆောင်နိုင်ရည်အပေါ် မဲဆန္ဒရှင် ပြည်သူအများက စိတ်တိုင်းမကျ ဖြစ်လာခြင်းအား တုန့်ပြန်ဆောင်ရွက်ခြင်းဟု ကောက်ယူရမည်ဖြစ်သည်။
၂၁ လကြာ အစိုးရသက်တမ်း အတွင်းတွင် အရပ်သားများ ဦးစီးသည့် ဝန်ကြီးဌာန အများစုမှ ခေါင်းဆောင်များမှာ စွမ်း ဆောင်ရည် မပြည့်ဝကြောင်း ပြသခဲ့ခြင်းက ပြည်သူများ စိတ်ပျက်စရာ ဖြစ်ခဲ့ရသည်။ သူတို့ အနေဖြင့် သူတို့၏ ကိုယ်ပိုင် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကိုပင် မပြုလုပ်နိုင်ခဲ့ကြပါ။ ဒေါ်အောင်ဆန်းစုကြည်၏ လက်ထောက် တဦးဖြစ်သော ဦးဝင်းထိန် ကဲ့သို့ စိန်ခေါ်မှုများကို ရင်ဆိုင်ရန်ပင် သူတို့က တွန့်ဆုတ်နေကြသည်။ (တပ်မတော်က ထိန်းချုပ်ထားသည့် ဝန်ကြီး ဌာန ၃ ခု အပေါ် အစိုးရက သြဇာလွှမ်းမိုးခြင်း မပြုနိုင်သည့် အတွက် ထည့်သွင်းခြင်းမပြုပါ။)
ထိုသို့သော ပုဂ္ဂိုလ်များက ဝန်ကြီးဌာနများကို ဦးဆောင်နေခြင်းနှင့် အတူ လေလုံးထွား မှတ်ချက်စကားများလည်း ပြောဆိုခဲ့ကြသည်။ ဥပမာပြရလျှင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရာတွင် အခြေခံအဆောက်အဦး အားနည်းမှုနှင့် မမျှတသည့် အခွန်စနစ်ကြောင့် ပြည်တွင်း ကုန်ပစ္စည်း ထုတ်လုပ်သူများပင်လျှင် အခက်အခဲများ ရင်ဆိုင် နေရသော်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဂျက်လေယာဉ်တစီးကဲ့သို့ ပျံတက်တော့မည်ဟု စီမံ/ဘဏ္ဍာ ဝန်ကြီးက ပြောခဲ့သည်။ တချို့ ဝန်ကြီးများကမူ ရှိမှန်းပင် မသိပါ။ ဥပမာတိုင်းရင်းသား ရေးရာ ဝန်ကြီး၏ အမည်ကို ပြည်သူများ မမှတ်မိကြတော့ပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ပဋိပက္ခမီး လောင်ကျွမ်းနေပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံအပေါ် နိုင်ငံတကာ၏ ဝေဖန်မှုများ ဝိုင်းပတ်နေချိန်တွင် နှုတ်ဆိတ်ငြိမ်သက်နေသော ပြန်ကြားရေး ဝန်ကြီး တဦးကို မြင်တွေ့ရခြင်းကလည်း စိတ်ပျက်စရာဖြစ်သည်။
NLD အစိုးရ အတွက် စွမ်းဆောင်ရည် မပြည့်ဝသည့် ဝန်ကြီးများကို ၂ နှစ်နီးပါး အချိန်ပေးခဲ့ခြင်းက အချိန်ဖြုန်းခြင်း ဖြစ်ပါသည်။ အစိုးရအဖွဲ့ အမည်စာရင်း ကြေညာချိန်တွင် ဝန်ကြီးသစ် တချို့၏ ဘွဲ့များမှာ အတု ဖြစ်နေကြောင်း ပေါ်ပေါက်ခဲ့သည့် အတွက် ရယ်စရာ ဖြစ်ခဲ့ရသေးသည်။ သို့သော် ပြီးခဲ့သည့်နှစ်က အစိုးရအဖွဲ့သက်တမ်း ၁ နှစ်ပြည့်သည့် အချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစိုးရသည် အကျင့်ပျက်ခြစားမှု ကင်းရှင်းကြောင်း ဝံ့ကြွားခဲ့သည်။ ထိုသို့ကြားရခြင်းက ပြည်သူများ အတွက် ကြည်နူးစရာ ဖြစ်သည်။ သို့သော်လည်း ပြည်သူများအတွက် သန့်ရှင်းသော အစိုးရတခုသာမက တိုင်းပြည်ဖွံ့ဖြိုးရေး ရှေ့သို့ ဆက်သွားနိုင်ရန် ဝန်ကြီးဌာန အချင်းချင်း အပေးအယူ မျှတ ညီညွတ်သော၊ လူမှန်နေရာမှန်ဖြစ်၍ စွမ်းဆောင်ရည် ပြည့်ဝသော ဝန်ကြီးဌာနများ ဖြစ်ရန်လည်း လိုအပ်ပါသည်။
NLD အစိုးရ အကောင်အထည်ဖော်နေသော အပြောင်းအလဲကို လိုက်ပါဆောင်ရွက်ရန် တွန့်ဆုတ်နေသော အဆင့်မြင့် ဌာနဆိုင်ရာ အရာရှိအချို့ ရှိနေသည်ဆိုခြင်းကလည်း လူတိုင်းသိ သော လျှို့ဝှက်ချက် ဖြစ်ပါသည်။ အမျိုးသားပြန်လည်သင့်မြတ်ရေးကို အားလုံးထက်ပို၍ ဦးစားပေးသော ဒေါ်အောင်ဆန်းစုကြည်က သူတို့ကို ဆက်လက်၍ သည်းခံခဲ့သည်။ ယခု ၂၁ လ ကြာမြင့်သည့် အချိန်တွင် တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး နှောင့်နှေးစေနေသော ဗျူရက်ကရက်များကို ထိထိရောက်ရောက် ကြပ်မတ်ကိုင်တွယ်နိုင်စွမ်းသော ဝန်ကြီးများကိုသာ ပြည်သူလူထုက မြင်တွေ့ချင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုသော မေတ္တာ စေတနာထားရုံမျှဖြင့် တိုင်းပြည် ပြန်လည်တည်ဆောက်ရေး မလုံလောက်သေးပါ။
ထို့ကြောင့် ယခု အချိန်သည် NLD အစိုးရအနေဖြင့် သူတို့ အာဏာရရှိလာစေရန် ၂၀၁၅ ခုနှစ်တွင် စိတ်အားထက်သန်စွာ မဲပေးခဲ့ကြသော ပြည်သူတို့၏ မျှော်လင့်ချက်အတွက် အစိုးရအဖွဲ့တခုကို အခြေခံကျကျ ပြန်လည်ဖွဲ့စည်း ရမည့် အချိန် ဖြစ်ပါသည်။ ပြည်သူများကို စိတ်မပျက်စေသင့်ပါ။ ပြည်သူတို့၏ မျှော်လင့်ချက်များနှင့် ကိုက်ညီမှုမရှိသော ပြန်လည်ဖွဲ့စည်းမှု မှန်သမျှက ဒီမိုကရေစီ အသွင်ကူးပြောင်းမှု ကျဆုံးခြင်းသို့ ဦးတည်စေပါလိမ့်မည်။ ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲ နီးလာသည့် အချိန်တွင် အဆိုပါ ပူပင်မှုကို NLD ပါတီကလည်း သတိပြုမိသည့် အသွင်ရှိပါသည်။ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်လာရေး အားထုတ်မှုတခု အနေဖြင့် ပါတီဖွဲ့စည်းပုံ ပြင်ဆင်ပြောင်းလဲမှုပြုလုပ်မည့် အစီအစဉ်များကို မကြာသေးမီက ကြေညာခဲ့သည်။ အစိုးရအနေဖြင့် ထိုလမ်းကြောင်း အတိုင်းလိုက်သင့်ပါသည်။ သို့သော်လည်း မြန်မြန်ဆန်ဆန် ဆောင်ရွက်ရမည် ဖြစ်သည်။ လက်ကျန် အချိန်များက တဖြည်းဖြည်းနည်းလာနေပါသည်။