သဘာ၀ ဓာတ်ငွေ့ရည်သုံး ဓာတ်အားပေးစက်ရုံများ တည်ဆောက်ပြီး ၂၀၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုကို ၂ ဆ တိုးမြှင့်သွားရန် ဆုံးဖြတ်လိုက်ခြင်းကြောင့် မြန်မာနိုင်ငံမှ အဓိကမြစ်များပေါ်တွင် ကြီးမားသော ဆည်များတည်ဆောက်ခြင်းကို တားဆီးလိုကြသူများနှင့် ကျောက်မီးသွေးသုံး လောင်စာကို ဆန့်ကျင်ကန့်ကွက်ကြသူ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားများ ဝမ်းသာစရာ သတင်း ဖြစ်ပါလိမ့်မည်။
ဧရာဝတီပေါ်ရှိ မြစ်ဆုံရေကာတာစီမံကိန်း၊ သံလွင်မြစ်ပေါ်ရှိ ဝဲကြီးအပါအဝင် ရေကာတာစီမံကိန်းများ၊ ကရင်ပြည်နယ်တွင် ဆောက်လုပ်ရန် လျာထားထားသော ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံစီမံကိန်းများကို နောက်ပို့ပစ်လိုက်သော ယင်းဆုံးဖြတ်ချက်သည် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ စွမ်းအင်မူဝါဒအရ သဘာဝပတ်ဝန်းကျင် ညစ်ညမ်း ထိခိုက် ပျက်ဆီးမှုနှင့် လူထုဘဝ ကြီးမားစွာ ဆိုးကျိုးဖြစ်မည့် လျှပ်စစ်ထုတ်လုပ်မှုကို မျက်နှသာ မပေးမှုကို ရောင်ပြန်ဟပ်ခြင်းလည်း ဖြစ်သည်။
ဖေဖော်ဝါရီ ၁၅ ရက်က နေပြည်တော်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၌ လစဉ် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် စက်ရုံများအနေနှင့် ပြည်ပမှ သဘာဝဓာတ်ငွေ့ရည် (LNG) ကို တင်သွင်းလာပြီး ထိုမှတဆင့် သဘာဝဓာတ်ငွေ့အဖြစ် ပြောင်းလဲပေးကာ ယင်းဓာတ်ငွေ့ကို အသုံးပြုကာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည်ဟု ကြေညာခဲ့သည်။
ယင်းမှာ မြန်မာနိုင်ငံ၏ ပထမဆုံးသော LNG သုံးစက်ရုံများဖြစ်ပြီး တည်ဆောက်သွားမည့် ဒေသများအနေနှင့် တနသာင်္ရီတိုင်းဒေသကြီးရှိ ကန်ပေါက် စီမံကိန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မီးလောင်ဂျိုင် စီမံကိန်း၊ ရန်ကုန်တိုင်း ဒေသကြီး အလုံစီမံကိန်းနှင့် ရခိုင်ပြည်နယ် ကျောက်ဖြူ စီမံကိန်းတို့ ဖြစ်သည်။ ကန်ပေါက်စီမံကိန်းမှ ၁၂၃၀ မဂ္ဂါဝပ်၊ မီးလောင်ဂျိုင်စီမံကိန်းမှ ၁၃၉၀ မဂ္ဂါဝပ်၊ အလုံစီမံကိန်းမှ ၃၅၆ မဂ္ဂါဝပ်နှင့် ကျောက်ဖြူ စီမံကိန်းမှ ၁၃၅ မဂ္ဂါဝပ်ထုတ် လုပ်နိုင်မည်ဟု ဆိုသည်။
ဓာတ်အားပေးစက်ရုံ ၄ ရုံအတွက် စုစုပေါင်း ကုန်ကျ စရိတ်မှာ အမေရိကန် ဒေါ်လာ ၅.၂ ဘီလီယံ ရှိမည်ဖြစ်ပြီး လက်ရှိတွင် မီဂါဝပ် ၃၀၀၀ ဝန်းကျင် ရှိသော တိုင်းပြည်၏ လျှပ်စစ် ဓာတ်အားထုတ်လုပ်မှုကို ၂ ဆ တိုးစေလိမ့်မည်ဟု လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။ ယင်းသည် တိုင်းပြည်စီးပွား ပြန်လည်ခေါင်းထောင်ရန် ကြိုးပမ်းနေမှုအတွက် အဓိက အခြေခံအုတ်မြစ်ကို ဘေးထွက်ဆိုးကျိုး အနည်းဆုံးဖြင့် အခိုင်အမာ တည်ဆောက်ရန် ဦးတည်ဆုံးဖြတ်ခဲ့ခြင်းဟု နားလည်နိုင်သည်။
အရှေ့တောင်အာရှနိုင်ငံများရှိ တိုးလာနေသော လျှပ်စစ်မီးသုံးစွဲမှု၏ ၃ ပုံ ၂ ပုံသည် မြို့ပြနေ လူလတ်တန်းစားများဖြစ်ကြပြီး ဝန်ဆောင်မှုလုပ်ငန်းများနှင့် လူနေရပ်ကွက်များထံမှ ဖြစ်သည်။ ယင်းသည် လျှပ်စစ်မီး ရရှိမှုနှင့် ဝင်ငွေတိုးလာမှုသည် တိုက်ရိုက်အချိုးကျကြောင်း ပြသနေခြင်းဖြစ်သည်။
နိုင်ငံလူဦးရေ၏ ၃၇.၈၅ ရာခိုင်နှုန်းကိုသာ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူး ပေးနိုင်သေးသည့် မြန်မာနိုင်ငံအတွက်မူ နိုင်ငံ၏ ဓာတ်အားကွန်ရက်စနစ် (National Grid) အား ကျေးလက်ပြည်သူများအထိ ရောက်ရှိအောင် တိုးချဲ့ရေးက လွန်စွာ အရေးပါသည်။ ကမ္ဘာ့ဘဏ်အစီအစဉ်ဖြင့် လုပ်ဆောင်သော တနိုင်ငံလုံး လျှပ်စစ်မီးရရှိရေး စီမံချက် NEP စီမံကိန်းအတိုင်းသွားမည်ဆိုလျင် ၂၀၃၀ ခုနှစ်တွင်မှ တနိုင်ငံလုံး မီးရမည်ဖြစ်သည်။
ယခု အစီအစဉ်က လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်မှုကို အလျင်အမြန် တိုးချဲ့နိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ချမ်းသာသော မြို့ပြနှင့် ဆင်းရဲနွမ်းပါးသော ကျေးလက်ဒေသတို့ ကြားက ကွာဟမှုကိုလည်း အရှိန်အဟုန်ဖြင့် လျှော့ချပစ်နိုင်မည်ဟု မျှော်လင့်ရသည်။ မီးအလုံအလောက်ရသည်နှင့် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးရေးကို အကျိုးရှိစေမည့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးလာနိုင်မည်ဟု ယုံကြည်ပါသည်။
မြန်မာ့စီးပွား အနာဂတ်တွင် ဂျက်လေယာဉ်ကဲ့သို့ မိုးပေါ်ပျံ မပျံ မသေချာသေးသော်လည်း ဂျက်လေယာဉ်ဖြင့် ညအချိန် ရန်ကုန်လေဆိပ်သို့ ဆင်းသက်သောအခါ အခြားမြို့ကြီးများကဲ့သို့ မီးထိန်ထိန်လင်းနေသည်ကို မကြာမီ တွေ့မြင်ရတော့မည် ဖြစ်သတည်း။