မတ်လ ၈ ရက်နေ့သည် နိုင်ငံတကာ အမျိုးသမီးများနေ့ ဖြစ်သည်။ ယခုနှစ်အတွက် ဆောင်ပုဒ်မှာ “Time is Now: Rural and urban activists transforming women’s lives”. ” မြို့ပြနှင့် ကျေးလက်ရှိ တက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးတို့ ဘဝများကို ပြောင်းလဲပစ်ရန် အချိန်တန်ပြီ”ဟူ၍ ဖြစ်သည်။ ၂၀၁၈ ခုနှစ် နိုင်ငံတကာ အမျိုးသမီးများနေ့တွင် အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ အကြမ်းဖက်မှုများနှင့် ခွဲခြားနှိမ်ချဆက်ဆံမှုများအား ဆန့်ကျင်ရေး ကမ္ဘာတဝန်း စည်းရုံးလှုံ့ဆော်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံသားများလည်း နိုင်ငံတကာရှိ ညီအကိုမောင်နှမများ နည်းတူ ပါဝင်လုပ်ဆောင်ကြမည်ဖြစ်သည်။ မြို့ပြရော ကျေးလက်ရှိ မြန်မာအမျိုးသမီးများသည်လည် နိုင်ငံတကာရှိ ညီအမများနည်းတူး လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုများ၊ အကြမ်းဖက်မှုများနှင့် ခွဲခြားနှိမ်ချဆက်ဆံမှုများ ကြုံတွေ့နေရသောကြောင့် ဖြစ်သည်။ သက်ငယ်မုဒိမ်းနှင့် လူသတ်မုဒိမ်းများ ဖြစ်ပွားနေခဲ့သော သတင်းများက သက်သေ အထင်အရှား ဖြစ်သည်။
ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၁၇ ခုနှစ်တွင် မုဒိမ်းမှု စုစုပေါင်း ၁၄၀၅ မှု ဖြစ်ပွားခဲ့ရာ တရက်လျှင် မုဒိမ်းမှု ၄ မှု ဖြစ်ပွားနေသည်ဟု ဆိုရမည်။ ယင်းအမှုများအနက် အသက် ၁၆ နှစ်အောက် မိန်းကလေးငယ်များကို ရည်ရွယ်ကျူးလွန်သော သက်ငယ်မုဒိမ်း ၈၉၇ မှုရှိသောကြောင့် တရက်လျှင် ၂ ဒသမ ၅ မှုနှုန်းဖြစ်ပွားနေသည်။ ၂၀၁၆ ခုနှစ် စာရင်းနှင့် နှိုင်းယှဉ်လျှင် သက်ငယ်မုဒိမ်းမှု ၂၀၁၆ ခုနှစ်က ၆၇၁ မှု ရှိခဲ့သောကြောင့် ၂၀၁၇ ခုနှစ်တွင် ၂၂၆ မှု တိုးပွားလာသည်။
ယင်းစာရင်းသည် ရဲဌာနတွင် အမှုဖွင့် တိုင်ကြားထားသော အရေအတွက်ဖြစ်သောကြောင့် အမှုမဖွင့်သော အရေအတွက် များစွာ ရှိနိုင်သေးသည်။ ၂၀၁၈ ခုနှစ် အဝင် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ ၂ လအတွင်း အများပြည်သူများ စိုးရိမ်စရာ ကောင်းလောက်အောင် မြန်မာပြည်တွင် လုံခြုံရေး အကောင်းဆုံးဟု ဆိုရမည့် ရန်ကုန်မြို့တော်အတွင်းနှိုက်ပင် လူသတ်မုဒိန်းမှုနှင့် သက်ငယ်မုဒိမ်းမှုများ ဖြစ်ပွားနေခဲ့သည်။ ထို့ကြောင့် မြန်မာပြည်မှာ မုဒိမ်းယဉ်ကျေးမှု ကျယ်ပြန့်လာနေပြီလားဟု မေးစရာ ဖြစ်လာသည်။
မုဒိမ်းယဉ်ကျေးမှုဆိုသည်မှာ အဓမ္မပြုကျင့်မှု များပြားပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို သာမန်အနေဖြင့် သဘောထားကာ မီဒီယာနှင့် လူများကြိုက်ယဉ်ကျေးမှုတွင် ဆင်ခြေပေးသော ပတ်ဝန်းကျင်ကို ခေါ်သည်။ မုဒိမ်းယဉ်ကျေးမှုသည် အမျိုးသမီး မုန်းတီးရေးစကားများ၊ အမျိုးသမီးများ၏ ခန္ဓာကိုယ်ကို ရုပ်ဝတ္တုပစ္စည်း သဖွယ် သဘောထားခြင်း၊ လိင်ပိုင်းအကြမ်းဖက်မှုကို အမွှန်းတင်ခြင်းတို့ကြောင့် သက်ဆိုးရှည်နေပြီး အမျိုးသမီးများ၏ အခွင့်အရေးများနှင့် လုံခြုံရေးကို အရေးမထားသော လူ့အဖွဲ့အစည်းတခုကို ဖန်တီးပေးသည်။
အမေရိကန် ပြည်ထောင်စု ကွန်နက်တိကတ် တောင်ပိုင်း ပြည်နယ် တက္ကသိုလ် Southern Connecticut State University က အဓမ္မ ပြုကျင့်ခံရသူကို အပြစ်တင်ခြင်း၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို အသေးအမွှားလုပ်ပစ်ခြင်း၊ လိင်အကြောင်းအရာကို ဗြောင်ကျကျ ဖေါ်ပြသော ဟာသများကို အရသာခံခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိပါးမှုကို သည်းခံခြင်း၊ပြုကျင့်ခံရသူ၏ အဝတ်အစား၊ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ နောက်ကွယ်မှ အကြောင်းရင်းနှင့် နောက်ခံသမိုင်းများကို လူသိရှင်ကြား စမ်းစစ်ပြောဆိုခြင်း၊ ရုပ်ရှင်နှင့် ရုပ်မြင်သံကြားတွင် အကြောင်းမဲ့ လိင်အရ အကြမ်းဖက်ခြင်း၊ ယောင်္ကျားဖြစ်ခြင်းကို အပေါ်စီးဆန်ပြီး လိင်အရ ကြမ်းတမ်းသည်ဟု သတ်မှတ်ခြင်း၊ အမျိုးသမီးဖြစ်ခြင်းကို အလျှော့ပေးတတ်ပြီး လိင်အရ အဖြည့်ခံဟု သတ်မှတ်ခြင်း၊ လိင်ဆက်ဆံဖက်များသူများသာ အဓမ္မပြုကျင့်ခံရသည်ဟု ယူဆခြင်း၊ ယောင်္ကျားများ အဓမ္မပြုကျင့်ခံရ သို့မဟုတ် ပျော့ညံ့သော ယောင်္ကျားများသာ အဓမ္မပြုကျင့်ခံရသည်ဟု ယူဆခြင်း၊ အဓမ္မပြုကျင့်မှု စွပ်စွဲချက်များကို အလေးအနက်မထားခြင်း စသည်တို့သည် မုဒိမ်းယဉ်ကျေးမှု၏ ဥပမာများဟု ဆိုထားသည်။
အချုပ်ဆိုရလျှင် အမျိုးသမီးများ၏ ဘဝဖြစ်တည်မှုနှင့် တန်းတူအခွင့်အရေးကို အမျိုးသားများက လေးစားတန်ဖိုးထားရန် အရေးကြီးသည်။ ထိုအတွေးအမြင် ကျယ်ပြန့်ခိုင်မာလာစေရေး စည်းရုံးပညာပေးမှုများ အမြဲမပြတ် လုပ်ဆောင်နေရန် လိုအပ်သကဲ့သို့ အမျိုးသမီး အခွင့်အရေးနှင့် ဘဝ လုံခြုံရေးကို ဥပဒေအရလည်း အကာအကွယ်ပေးရမည်။ ထိုမှသာ နိုင်ငံတော်သစ် တည်ဆောက်ရေး လမ်းပေါ်တွင် မောင်တထမ်း မယ်တရွက်ဖြင့် ဟန်ချက်ညီညီ ခြေလှမ်းလှမ်းနိုင်ကြမည် ဖြစ်ပါကြောင်း တင်ပြရေးသားအပ်ပေသည်။