အယ်ဒီတာ့အာဘော်

အရာမထင်သေးသော သမ္မတ ဦးထင်ကျော်၏ ၂ နှစ်တာခရီး

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့်အပတ် ကြာသပတေးနေ့ မတ်လ ၁၅ ရက်နေ့သည် သမ္မတဦးထင်ကျော်ကို လွှတ်တော်က ရွေးချယ်ခဲ့သော ဒုတိယနှစ်ပတ်လည်ဖြစ်သည်။ ၂၀၁၆ ခုနှစ် မတ်လက ဦးထင်ကျော်၏ ဓာတ်ပုံများနှင့် ယခုနှစ်အတွင်း ရိုက်ကူးထားသော ပုံများကို နှိုင်းယှဉ်ကြည့်လျှင် အိုမင်းရင့်ရော်မှုကို အထင်အရှား တွေ့ရသည်။ သိသိသာသာ ပိန်သွားပြီး စိတ်ဖိစီးမှုလက္ခဏာများလည်း ပေါ်နေသည်။ သူ၏ ကျန်းမာရေးအခြေအနေလည်း ကျဆင်းသွားနေသည်။

ထိုစဉ်က အသက် ၇၀ အရွယ်ရှိသူ ဦးထင်ကျော်သည် ၁၉၆၂ ခုနှစ် နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သား သမ္မတဖြစ်သည်။ သူ၏ ရှေ့မှ သမ္မတငါးဦးမှာ တပ်မတော်အရာရှိများ ဖြစ်သည်။ သူ့ကို သမ္မတအဖြစ် လွှတ်တော်တွင်ကြေညာစဉ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များက သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။ ပါတီကို ထောက်ခံသူများအကြားတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ လူယုံတဦးဖြစ်သူ ဦးထင်ကျော်ကို သမ္မတခန့်အပ်သောကြောင့် နိုင်ငံတဝန်း အောင်ပွဲခံခဲ့ကြသည်။

ဝေဖန်သူများ၏ အမြင်တွင်မူ စကားပြော ညင်သာသော ထိုအဖိုးအိုသည် “ရုပ်သေးသမ္မတ”မျှသာ။ သူသည် တရားဝင်နိုင်ငံတော်အကြီးအကဲနှင့် ဖွဲ့စည်းပုံအရ နိုင်ငံတွင် အမြင့်ဆုံးအာဏာပိုင်သူဖြစ်သော်လည်း သူ အမှန်တကယ် ဆုပ်ကိုင်ထားသော အာဏာမှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ အများက “အမေ” ဟုခေါ်ကြသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဖွဲ့စည်းပုံအရ သမ္မတဖြစ်ခွင့်မရသောကြောင့် သမ္မတ၏ အထက်တွင်ရှိမည်ဟု ရွေးကောက်ပွဲကာလကပင် ကြေညာခဲ့ပြီး ဖြစ်သည်။ မည်သူက နောက်ဆုံး အဆုံးအဖြတ်ပေးနေသည်မှာ ယနေ့မြန်မာနိုင်ငံတွင် လူတိုင်းသိနေသော လျှို့ဝှက်ချက်ဖြစ်သည်။ (တပ်မတော်၏ အာဏာမှာမူ သီးခြားဖြစ်သည်။)

သို့သော် မလွှဲသာမရှောင်သာပင် ၂၀၁၆ ခုနှစ် မတ်လနှောင်းပိုင်းတွင် ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ တတ်သိနားလည်မှုထက် သစ္စာခံခြင်းကို မျက်နှာသာပေးသည့် စစ်အုပ်ချုပ်ရေး ဆယ်စုနှစ် ၅ ခုအလွန်တွင် ဖရိုဖရဲဖြစ်နေသော တိုင်းပြည်ကို အုပ်ချုပ်ခဲ့ရသည်။ ယခင် အရပ်သားအမည်ခံ တပ်ထွက် အစိုးရက ခန့်အပ်ခဲ့သူ အများစုပါသော အုပ်ချုပ်ရေးအရာရှိများ၏ ကလန်ကဆန်လုပ်မှုကို ရင်ဆိုင်ခဲ့ရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်က “လူဟောင်းများက လေ့ကျင့်ပေးခဲ့သော မြင်းများ” ထိန်းရသည်မှာ “စိတ်ပျက်ဖို့ ကောင်း”သည်ဟု ငြီးငြူခဲ့ဖူးသည်။ “အခု ကျနော်တို့က မြင်းဟောင်းတွေကို စီးနေတဲ့ဂျော်ကီအသစ်တွေလို သူတို့ကို ကိုယ်သွားချင်တဲ့ လမ်းကြောင်းရောက်အောင် အတော့်ကို ကြိုးစားနေရတယ်။ ရှေ့မှာတော့ ကျနော်တို့ ခိုင်းတာ လုပ်တယ်။ ကျောပေးလိုက်တာနဲ့ ထင်ရာစိုင်းတော့တာပဲ”ဟု ပြောခဲ့သည်။

ထို ခုခံမှုအပြင် ဗဟိုအစိုးရနှင့် ဆယ်စုနှစ်များစွာ စစ်ဆင်နေသော လူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးမှာလည်း မရေမရာ ဖြစ်နေသည်။ မြန်မာနိုင်ငံ ယခင်က မကြုံဖူးသော နိုင်ငံတကာ ဖိအားအောက်တွင် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရိုဟင်ဂျာခေါ် ဘင်္ဂလီ ပြဿနာသည်လည်း ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ခေါင်းခဲစရာ ဖြစ်နေသည်။ ၎င်းတို့နှစ်ဦး ပင်ပန်း နွမ်းနယ်နေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။

နိုင်ငံတော်၏ အကြီးအကဲအနေဖြင့် သူ၏ တာဝန်ဝတ္တရားများဖြစ်သော အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တနိုင်ငံလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ဖွဲ့စည်းပုံပြန်လည်ရေးဆွဲရေးနှင့် ပြည်သူ့ဘဝ တိုးတက်ရေးတို့ကို ဆောင်ရွက်ရင်း ပြည်သူများ၏ မျှော်လင့်ချက်ကို သူ၏ အစိုးရက ဖြည့်ဆည်းမည်ဟု ဦးထင်ကျော်က ရာထူး လက်ခံ မိန့်ခွန်းတွင် ကတိပြုခဲ့သည်။

၂ နှစ်ကျော်ကြာပြီးနောက် ဝမ်းနည်းစရာ ကောင်းသောအချက်မှာ သူသည် မည်သည့် ရလဒ်ကိုမျှ မယ်မယ်ရရ မပြသနိုင်သေးခြင်းဖြစ်သည်။ ထိုသို့ဆိုခြင်းကြောင့် သူ၏ အစိုးရသည် အလုပ်မလုပ်ဟု ဆိုလိုခြင်း မဟုတ်ပေ။ တာဝန်စတင်ယူချိန်မှစပြီး အစိုးရသည် ထိုရည်မှန်းချက်များ ဖြစ်မြောက်အောင်ကြိုးစားသည်ကို မငြင်းနိုင်ပေ။ သို့သော် လက်တွေ့ပြစရာ ရလဒ်များ ဖော်ပြလာနိုင်စေရန် အလို့ငှာ အစိုးရအနေဖြင့် ပိုမိုကောင်းမွန်သော လုပ်ကိုင်ဆောင်ရွက်ပုံ ဗျူဟာများ ဖော်ထုတ်ရန် လိုသည်။

လွန်ခဲ့သောနှစ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသက်တမ်း တနှစ်ပြည့်သောအခါ “အရပ်သားစစ်စစ် အစိုးရတရပ်ရှိနေခြင်းသည် ထူးခြားသော အပြောင်းအလဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရသည် မြန်မာ့သမိုင်းတွင် အဂတိလိုက်စားမှု အနည်းဆုံးဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ယူစွာ ပြောခဲ့သည်။

ထိုအချက်သည် မှန်ကန်နေဆဲဖြစ်သည်။ သို့သော် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ထိုမျက်နှာစာ ၂ ခုတွင်သာမက အခြားနေရာများတွင်လည်း တိုးတက်မှုကို ပြသရန် လိုသည်။ သို့သော် မည်သည့် ထူးထူးခြားခြား အောင်မြင်မှုမျှ မရှိသလောက် ဖြစ်နေသည်။ လာမည့်လ မြန်မာ့နှစ်သစ်ကူးအတွက် ပြင်ဆင်နေချိန် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လှိုက်လှိုက်လှဲလှဲ မဲပေးခဲ့သော မြန်မာပြည်သူများအဖို့ သမ္မတဦးထင်ကျော်အတွက် ဆုမွန်ကောင်း တောင်းပေးရန် အချိန်ကောင်းပင်။ နေကောင်း ကျန်းမာပြီး တာဝန်တွေ သယ်ပိုး ထမ်းရွက်နိုင်ပါစေ သမ္မတကြီး ခင်ဗျား။

(အင်္ဂလိပ်ဘာသာဖြင့် Two Years of Effort but Not Many Results for President U Htin Kyaw  တွင် ဖတ်ရှုနိုင်ပါသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading