၂၀၁၈ ခုနှစ် ဧပြီလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရ ဖွဲ့စည်းအုပ်ချုပ်လာခဲ့သည်မှာ ၂ နှစ် ပြည့်မြောက်ခဲ့ပြီ။
စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့်အနေဖြင့် ပိတ်ဆို့ဒဏ်ခတ်ခဲ့စဉ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာနှင့်နှစ်ပေါင်းများစွာ အဆက်ပြတ်ခဲ့ရသည်။ ၂၀၁၁ ခုနှစ်တွင် အငြိမ်းစားဗိုလ်ချုပ်ကြီးသိန်းစိန်ဦးဆောင်သော အရပ်သားတပိုင်း အုပ်ချုပ်ရေးသို့ ပြောင်းလဲသည့်အခါ လူဦးရေ သန်း ၅၀ ရှိသည့် ဈေးကွက်အား ခိုင်မာသော ပြောင်းလဲမှုများနှင့် အနာဂတ် အလားအလာများက အာရုံစိုက် စိတ်လှုပ်ရှားစရာများ ကြုံတွေ့စေခဲ့သည်။
ထိုဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အာဏာရလာချိန် ၂၀၁၆ ခုနှစ်၊ မတ်လ ၃၀ ရက်တွင် ပိုမိုတိုးပွားလာခဲ့သည်။ သူမ၏ပါတီသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပသည့် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို မဲအပြတ်သတ်ဖြင့် နိုင်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ပိုင်ခွင့် မရှိသော ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ရာထူးဖြင့် အစိုးရကို တရားဝင်မဟုတ်ဘဲ ဦးဆောင်သည်။
ဧပြီလ ၁ ရက်နေ့ ညပိုင်း မြန်မာ့အသံမှ ထုတ်လွှင့်သော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းတွင်မူ ၂ နှစ်အတွင်း အစိုးရအနေဖြင့် မည်သည်တို့ကို ဆောင်ရွက်ပြီးမြောက်ခဲ့ပြီဆိုခြင်းအစား ရင်ဆိုင် ကြုံတွေ့နေရပြီး ဖြေရှင်းရန် ကြိုးပမ်းနေရသည်များကိုသာ အကြမ်းဖျဉ်း တင်ပြပြောဆိုခဲ့သည်။
လတ်တလော သမ္မတ အပြောင်းအလဲကို ချောမွေ့တည်ငြိမ်စွာ လုပ်ဆောင်နိုင်ခဲ့သော်လည်း ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေး နိုင်ငံတကာ ဖိအားတို့ကို ပြည်သူလူထု၏ “စုပေါင်းအင်အား”ဖြင့် အစိုးရက ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃၀ ရက်နေ့တွင် ပြောကြားသော သမ္မတ ဦးဝင်းမြင့်၏ မိန့်ခွန်းပါ အစိုးရ၏ ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပေးခဲ့သည်။
ဦးဝင်းမြင့်၏ မိန့်ခွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်သည် ဦးဝင်းမြင့်ကို ဦးထင်ကျော်ကဲ့သို့ အခမ်းအနားတက် ပြယုဂ်တခုသာ မဟုတ်ဘဲ တကယ်ကြုံတွေ့ နေရသည့် နိစ္စဓူဝ နိုင်ငံရေးနှင့် အုပ်ချုပ်ရေး ပြဿနာများအား ကိုင်တွယ်ဖြေရှင်းရန် အစိုးရအတွင်းတွင် အာဏာကို ပိုမို ထိန်းချုပ်ခွင့် ပေးထားသည့် အရိပ်အရောင်ကို ပေါ်လွင်ထင်ရှားစေသည်။
သမ္မတသစ်၏ စွမ်းဆောင်ရည်နှင့် လူမှု စီးပွားရေး ကဏ္ဍအပေါ် အလေးအနက် သက်ရောက်မှုများ ရှိမည့် အပြောင်းအလဲ တခုကို မျှော်လင့်နေသောအချိန်တွင် အားတက်စရာ ဖြစ်စေမည့် သတင်းကောင်းများ ရှိနေသည်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ -IMF အမှုဆောင်အဖွဲ့က ပြန်လည် နာလန်ထလာသော စိုက်ပျိုးရေး ကဏ္ဍနှင့် ပို့ကုန်၏ အထောက်အကူကို ရရှိသောကြောင့် ၂၀၁၇/၁၈ ခုနှစ် စီးပွားရေးတိုးတက်မှုနှုန်းသည် ၆.၇ ရာခိုင်နှုန်းသို့ ပြန်တက်လာမည်ဟု ကောက်ချက်စွဲခဲ့သည်။ ရခိုင်မြောက်ပိုင်းအရေးကြောင့် ထိခိုက်ဆုံးရှုံးနိုင်ချေများကို ဖော်ထုတ်ထားသော်လည်း အစိုးရသစ်၏ ဘဏ္ဍာရေး ပြုပြင်ပြောင်းလဲမှု ကြိုးပမ်းချက်ကို ကြိုဆိုထားပြီး ကာလလတ်တွင် တည်ငြိမ်ဖွံ့ဖြိုးရေး “ပြုပြင်ပြောင်းလဲမှု ဒုတိယလှိုင်း” လိုအပ်ကြောင်း နှိုးဆော်ထားသည်။
မတ်လ ၂၇ ရက် နေပြည်တော် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ မိန့်ခွန်းကလည်း ယခင်ကလို အမျိုး ဘာသာ သာသနာ ဦးစားပေး မဟုတ်တော့ဘဲ လူမျိုး ဘာသာ မခွဲ တန်းတူညီမျှမှုဖြင့် ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင် နောက်ကျနေခဲ့သော မြန်မာနိုင်ငံအား ပြန်လည်တည်ဆောက်ရေး ပြောဆိုခဲ့ရာ နိုင်ငံတော် အတိုင်ပင်ခံ၏ အစိုးရ ၂ နှစ်ပြည့် မိန့်ခွန်းပါ ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေဟူသော နိုင်ငံရေးတူလျူချက်ချင်း နီးစပ်လာသည်ဟု ယူသော်ရမည်။ ယင်းသည် ရခိုင်အရေး နာမည်အပျက်ခံပြီး မြန်မာ့တပ်မတော်ဘက်မှ ဒေါ်အောင်ဆန်းစုကြည် ရပ်တည်ပေးခဲ့မှုအတွက် ပြန်လည်ရရှိလာသော ရလဒ်လည်း ဖြစ်ပုံပေါ်သည်။
မိန့်ခွန်းများက မည်သို့ဆိုစေ လက်တွေ့ကွင်းထဲတွင် အခြေအနေက စိုးရိမ်နေရဆဲ ဖြစ်သည်။
ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်တွင် မွန်နှင့် လားဟူလက်နက်ကိုင်များက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးလာခဲ့သော်လည်း မြန်မာပြည် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင်သာ ကြားရသော သေနတ်သံများ ပိုကျယ်လောင်လာနေပြီး ရခိုင်လက်နက်ကိုင်များနှင့် တပ်မတော် ပလက်ဝမြို့နယ်တွင်း ဖြစ်ပွားခဲ့ရာ မြန်မာပြည် အနောက်ဘက်ပိုင်းတွင်ပါ သေနတ်သံ ကြားလာရသည်။ အပစ်ရပ်နေခဲ့သော မြန်မာပြည် တောင်ပိုင်း ကရင်ပြည်နယ်တွင်လည်း တင်းမာမှုများ ပြန်လည်ဖြစ်ပွားလာနေပြီး စစ်ပြေးဒုက္ခသည်သစ် အများအပြားကို ဖန်တီးနေသည်။
စီးပွားရေးမျက်နှာစာတွင်လည်း ဦးမော့စေရန် လိုနေသေးသည်။
၂၀၁၇- ၁၈ ဘဏ္ဍာနှစ်ကုန် မတ်လကုန်အထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှု အတည်ပြုပမာဏမှာ ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၏အဆိုအရ သိရသည်။ ယခင်နှစ်က ဒေါ်လာ ၆ ဒဿမ ၆ ဘီလီယံနှင့် ၂၀၁၅-၁၆ ခုနှစ်၏ ၉ ဒဿမ ၄၈ ဘီလီယံတို့ထက် လျော့နည်းနေသည် ဖြစ်ရာ ဒုတိယ နှစ်နှစ်ဆက်တိုက် ကျဆင်းမှု ဖြစ်သည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှပ်နှံမှုအတူ ရန်ကုန်မြို့တွင် ရုံးခန်းငှားရမ်းမှုများ ကျဆင်းသွားသည်။ Colliers နိုင်ငံတကာကုမ္ပဏီ၏ အိမ်ခြံမြေသတင်းအချက်အလက်များအရ လစဉ်ပျမ်းမျှငှားရမ်းမှုမှာ ၂၀၁၇ ခုနှစ်က တစတုရန်းမီတာလျှင် ၄၄ ဒေါ်လာရှိသဖြင့် ၂၀၁၃ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ၃၁ ရာခိုင်နှုန်းကျသွားသည်။ ယင်းသည် ကနဦး အပူလွန်ကဲနေရာမှ ထိုးကျအေးစက်သွားခြင်း ဖြစ်သော်လည်း ဆောက်လုပ်ရေး ကုမ္ပဏီအများအပြားမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသည် ယခုအခါ စီးပွားရေးပြုပြင်ပြောင်းလဲမှုဆုံချက်ကို ဘဏ္ဍာရေးနှင့် လက်လီကဏ္ဍများသို့ ရွေ့လျားလာခဲ့ပြီဖြစ်ပြီး အခွန်အကောက်များမှ ရရှိသည်များကို ပညာရေး၊ ကျန်းမာရေးနှင့် လမ်း တံတား ဆောက်လုပ်ရေး လျှပ်စစ်မီး ရေ စသော လူထုဝန်ဆောင်မှု လုပ်ငန်းများတွင် သုံးစွဲ ရင်းနှီးခြင်းဖြင့် အစိုးရဘတ်ဂျက် ပွင့်လင်းမြင်သာမှုကို ကျင့်သုံးတည်ဆောက်လာခဲ့ခြင်းအား အမှတ်ပေးရမည်။
သို့ရာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးအခင်းကြောင့် စားသုံးသူ သပိတ်မှောက်မှု အလားအလာအပေါ် အမေရိကန်နှင့် ဥရောပကုမ္ပဏီများက စိုးရိမ်ပြီး ရင်းနှီးမြှပ်နှံမှု တုံ့ဆိုင်းနေချိန် တရုတ်စီးပွားရေးအင်ပါယာထဲ မြန်မာနိုင်ငံကို ပြန်လည်၍ ဝကွက် မအပ်လိုက်ရန် လိုသည်။
နိုင်ငံရေး၊ စီးပွားရေးနှင့် သံတမန်ရေး ချိန်ခွင်လျှာပေါ်တွင် ဟန်ချက်ညီညာစေမှုကို ရှာဖွေရခြင်းသည်ပင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရအတွက် ၂ နှစ်တာ အုပ်ချုပ်မှုကာလအတွင်း သင်ကြားတတ်မြောက်ခဲ့သည့် သင်ခန်းစာ ဖြစ်ပေတော့သည်။