အစိုးရ တရားလိုပြ သက်သေ ဒု ရဲမှူး မိုးရန်နိုင်က မမျှော်လင့်ဘဲ ရုတ်တရက် သံသယ တရားခံများ ဖြစ်သော ရိုက်တာသတင်းထောက် ၂ ဦးအား ရဲမှူးချုပ် တင်ကိုကိုက “ထောင်ချောက်ဆင်” ဖမ်းဆီးရန် တိုက်ရိုက် အမိန့်ပေးခိုင်းစေသည်ကို မြင်ခဲ့ ကြားခဲ့ရကြောင်း ပြီးခဲ့သော တရားခွင်တွင် ထွက်ဆိုခြင်းသည် တရားရုံး၏ ဂုဏ်သိက္ခာ၊ တရားဥပဒေစိုးမိုးမှုနှင့် တရားမျှတမှုတို့ကို ယုံကြည်သောကြောင့်ဖြစ်သည်။
၎င်းကိုယ်တိုင်လည်း ရဲတပ်ဖွဲ့အတွင်း ကိုယ့်အဆင့်အတန်းနှင့် ညီသော ဂုဏ်သိက္ခာကိုယ် လေးစားသောသူများ ရှိသောကြောင့် ထိုသို့ထွက်ဆိုရကြောင်း မီဒီယာများသို့ ဖြေကြားသည်။
“နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ”ဖြင့် ရိုက်တာသတင်းထောက် ၂ ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကို အစိုးရကိုယ်စား မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီး တရားစွဲဆိုရာ တရားလိုပြသက်သေ စာရင်းပါ ဒုရဲမှူး မိုးရန်နိုင်က ပထမဦးဆုံး ရုံးထုတ် ကြားနာစဉ်အတွင်း ယင်းသို့ပြောကြားခဲ့ခြင်းသည် အမှုစတင်ဖြစ်ပွားစဉ်ကတည်းက “ထောင်ချောက်ဆင်” ဖမ်းဆီးခံရသလောဟု သံသယရှိနေမှုကို ပိုခိုင်မာ အားကောင်းသွားစေခဲ့သည်။
ထိုသို့ တရားလိုက တရားခံ ပြန်ဖြစ်သွားနေသည့် အနေအထားကြောင့် တရားလိုဘက်မှ ဥပဒေအရာရှိဖြစ်သူက မယုံကြည်ထိုက်သော သက်သေအဖြစ် ကြေညာပေးရန် တရားခွင်အတွင်း ပြန်လည်လျှောက်ထားခဲ့ရသည်။
ဗုဒ္ဓဟူးနေ့တွင် မယုံကြည်ထိုက်သော သက်သေ ဖြစ် မဖြစ် တရားရုံးက ချမှတ်မည့် အမိန့်မှာ ပြည်ထောင်စု မြန်မာနိုင်ငံအစိုးရ တရားရေးဌာန၏ တရားဥပဒေ စိုးမိုးမှုအပေါ် မည်သို့ရပ်တည်မည်ကို သက်သေပြချက်ဖြစ်မည်။
အကယ်၍ ဒု ရဲမှူး မိုးရန်နိုင်ကို မယုံကြည်ထိုက်သော သက်သေအဖြစ် တရားရုံးမှ ချမှတ်ခဲ့လျင်သော်မျှ တရားလို ရဲတပ်ဖွဲ့အနေဖြင့် “ထောင်ချောက်ဆင်”ခြင်း မဟုတ်ဘဲ “နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ”ကို ရိုက်တာသတင်းထောက်များ ချိုးဖောက်ကြောင်း အများပြည်သူ ယုံကြည်လာစေရန် ခိုင်မာသော သက်သေများနှင့် အကြောင်းချင်းရာများ ပြသ ထွက်ဆိုရန်မှာ ဧဝရက်တောင်ထိပ် တက်ရသကဲ့သို့ အင်မတန် ခက်ခဲနိုင်သည်။
ဧရာဝတီ၏ အကောင်းဆုံး အကြံဉာဏ်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အမှုကို ရုတ်သိမ်းလိုက်ရန် ဖြစ်သည်။
ယမန်နှစ်က ဧရာဝတီနှင့် ဒီဗီဘီ သတင်းထောက်များကို ဖမ်းဆီး အမှုဖွင့် တရားစွဲဆိုထားမှုအား မြန်မာ့တပ်မတော်က ပြန်လည်ရုတ်သိမ်းသွားခဲ့ဖူးသော အစဉ်အလာလည်း ရှိခဲ့ဖူးသဖြင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်မှ ရွေးချယ်ခန့်အပ်သော ပြည်ထဲရေးဝန်ကြီး၏ လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည်လည်း အလားတူ လုပ်ဆောင်သင့်ပါသည်။
ယင်းသို့ လုပ်ဆောင်ခြင်းကြောင့် ရိုက်တာသတင်းထောက်များ လွတ်မြောက်စေမည်ဖြစ်ပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် လုပ်ဖော်ကိုင်ဘက်များအပြင် သတင်းမီဒီယာများက အလေးအနက်ထား အသိအမှတ်ပြု ချီးကျူးမည်ဖြစ်သည်။
ယင်းသာမက ပြည်ထဲရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့အတွင်း ပြုပြင်ပြောင်းလဲရေး လုပ်ရန် ခရာမှုတ် သတိပေးခဲ့သူ ဒု ရဲမှူး မိုးရန်နိုင်အား ရဲအက်ဥပဒေများဖြင့် အရေးယူမည်ဆိုသည်ကိုလည်း ပြန်ရုတ်သိမ်းပြီး တာဝန်နှင့် ခံစားပိုင်ခွင့်များကို ပြန်လည်ပေးအပ်ရမည်။
ဒုရဲမှူး မိုးရန်နိုင် ရဲတပ်ဖွဲ့တွင် ဆက်လက် တာဝန်ထမ်းဆောင်စေခြင်းက မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာကို အမှန်တကယ် မြှင့်တင်ပေးနိုင်ပါသည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသည် မလိုသူကို “ထောင်ချောက်ဆင်” ဖမ်းတတ်သူများ မဟုတ်ကြောင်း သက်သေပြရန် ထိုမှတပါး အခြားမရှိပြီ။