အယ်ဒီတာ့အာဘော်

မြန်မာ့ ပြုပြင်ပြောင်းလဲရေး သက်လုံကောင်းရဲ့လား

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်မှ ပြန်လည်ထွက်ခွာပြီး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာပြည်တွင် တွေ့သိခဲ့ရသမျှ နယူးယောက် ဌာနချုပ်တွင် ပြန်လည်တင်ပြကာ ရိုဟင်ဂျာဟု သူတို့ကိုယ်ကိုယ် ခေါ်ပြီး ဘင်္ဂလီဟု မြန်မာနိုင်ငံသား အများစုက မြင်သော ဒုက္ခသည်များအရေး ဆက်လက်ဆောင်ရွက်လိမ့်မည်ဖြစ်သည်။ တရားဝင် ထုတ်ပြန်ပြောကြားမှုများနှင့် ဧရာဝတီမှ သိရသော သတင်းများအရ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ် ရခိုင်မြောက်ပိုင်းအရေး အေးဆေးစွာ ပြေလည်ပြီးဆုံးသွားမည့်ပုံ မပေါ်ပေ။

နေပြည်တော်တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဦးဆောင်သော အရပ်ဘက် စစ်ဘက် ကိုယ်စားလှယ်များနှင့် တွေ့ဆုံပြီး ပြန်အထွက် လုံခြုံရေးကောင်စီဝင် ကိုယ်စားလှယ်များက သတင်းစာရှင်းလင်းပွဲတွင် ရက်စက်ကြမ်းတမ်းမှု စွပ်စွဲချက်များ အတွက် မြန်မာနိုင်ငံက စနစ်တကျ စုံစမ်းစစ်ဆေးမှုတခု ပြုလုပ်ရမည်ဟု ပြောဆိုသည်။ ဗြိတိသျှ အမျိုးသမီး သံအမတ် က လမ်း ၂ လမ်းရှိရာ “တလမ်းက အိုင်စီစီ – အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံးကို လွှဲပေးတဲ့ လမ်းပါ။ ဒုတိယလမ်းက မြန်မာအစိုးရက ကိုယ့်ဖာသာကိုယ် လုပ်ဖို့ပါ”ဟု ပြောဆိုသည်။ ယင်းသည် ၎င်းတို့ မြန်မာပြည်သို့ ယူလာသော သတင်းစကားဖြစ်သည်။

သို့သော် မြန်မာပြည်ကို အိုင်စီစီ တင်ရေး ထောက်ခံချက် သို့မဟုတ် ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ်ဖွဲ့များ စေလွှတ်ရေး လုံခြုံရေး ကောင်စီတွင် ဆွေးနွေး ဆုံးဖြတ်ရေး ဖြစ်လာပါက ဗီတိုအာဏာရှိသော တရုတ်နှင့် ရုရှားတို့က ပယ်ချမည်မှာ သေချာနေသည်။ အမေရိကန် ပြည်ထောင်စုသည် အိုင်စီစီ အဖွဲ့ဝင် မဟုတ်ဘဲ အစ္စရေးလ်ကို အကာအကွယ်ပေးထားသလို အထူးသဖြင့် ပထဝီနှင့် စီးပွားရေး အကျိုးစီးပွား အကြီးအကျယ် ရှိနေပြီး ရန်ကုန်မြို့သစ် တည်ဆောက်ရေးထိ ထပ်မံလည်း တိုးချဲ့နေသည့် တရုတ်နိုင်ငံကလည်း မြန်မာကို အကာအကွယ်ပေးရေး နိုင်ငံရေး သန္နိဌာန် ရှိထားပြီး ဖြစ်သည်။

လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ ခရီးစဉ် မတိုင်မီ တရုတ် ကွန်မြူနစ်ပါတီ၏ နိုင်ငံတကာ ဆက်ဆံရေး ဌာနကြီးမှူး ဆောင်းတောင်သည် သမ္မတသစ် ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့သည်။ ရခိုင်ပြည်နယ်အခြေအနေသည်မြန်မာနိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဟု တရုတ်နိုင်ငံကမြင်ကြောင်း နှင့် ကုလသမဂ္ဂ သို့မဟုတ် အနောက်နိုင်ငံများဝင်ရောက်စွက်ဖက်သည်ကို လက်ခံမည်မဟုတ်ဟု သူက မြန်မာ ခေါင်းဆောင်များကို ပြောခဲ့ကြောင်း သိရသည်။

မည်သို့ပင်ဖြစ်လာစေမူ ရခိုင်ပြည် မြောက်ပိုင်းအရေးကို “လူမျိုးသုဉ်း ရှင်းလင်းမှု” အဖြစ် “လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သော ရာဇဝတ်မှု”ဟု ပုံဖော်ခံနေရပြီး အနောက် ဥရောပ နိုင်ငံများနှင့် အမေရိကန် ပြည်ထောင်စုတွင် မြန်မာနိုင်ငံ မျက်နှာပန်း မလှဖြစ်ကာ မိတ်ဆွေများ လျှော့ပါးလာနေခြင်းက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မကောင်းလှ။ ရာစုနှစ် တဝက်ကျော်ကြာ ကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ပြီး စစ်အုပ်ချုပ်ရေး အမှောင်ခေတ်များမှ စွန့်ခွာကာ ဒီမိုကရေစီနှင့် ဈေးကွက်အခြေခံ စီးပွားရေးဆီသို့ ကူးပြောင်းချိန်တွင်ကျမှ မြန်မာ့ ဒီမိုကရေစီရေး ထောက်ခံအားပေးခဲ့သော နိုင်ငံများက ထပ်မံ၍ အရေးယူပိတ်ဆို့ရန် ပြင်လာပြန်ပြီး ယခင် စစ်အုပ်ချုပ်ရေးကို ကျားကန်ပေးခဲ့သော တရုတ်နိုင်ငံက ရွေးကောက်ခံ မြန်မာအစိုးရကိုပါ အကာအကွယ် ပေးလာခဲ့ရသည်မှာ သမိုင်း၏ အဆီအလျော် မတည့်မှု ဖြစ်မည်။

တရုတ်နိုင်ငံ၏ သံတမန်ရေး အကာအကွယ် ပေးမှုကို အားကိုးပြီး ငါတကောကောခဲ့သော ယခင် စစ်အုပ်ချုပ်ရေးကာလ တံခါးပိတ်ဝါဒကို ပြန်ကျင့်သုံးရန်ကား အလျဉ်းမလိုချေ။

နိုင်ငံတော် အတိုင်ပင်ခံကလည်း လုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့အား “ကုလသမဂ္ဂနှင့် မိတ်ဖက်အဖြစ် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် အထူးသဖြင့် ကုလသမဂ္ဂလက်အောက်ခံအေဂျင်စီများနှင့် ရခိုင်ပြည်နယ်တွင် ထိတွေ့ ဆောင်ရွက်ခြင်းဖြင့် ဒုက္ခသည်များ လုံခြုံစွာဖြင့် စိုးရိမ်ပူပန်မှုမရှိဘဲ ပြန်လည်ဝင်ရောက်နိုင်ရေးအတွက် အစိုးရ၏ဆောင်ရွက်ချက်များကို အထောက်အကူဖြစ်စေမည်”ဟု ပြောကြားခဲ့သည်။ ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာပါ အကြံပြုချက်များကို အကောင်အထည်ဖော်ရေး အရေးကြီးပုံကို ပြောရင်း ဒေါ်အောင်ဆန်းစုကြည်က “မိမိအနေဖြင့် ယခုအချိန်သည် အရေးကြီးသည့် ပြောင်းလဲမှု အချိန်အခါ ဖြစ်သည်ဟု ယုံကြည်ကြောင်း၊ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နေသည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအတွက် နေရာမရှိကြောင်း၊ မိမိတို့အနေဖြင့် နေအိမ်များဆုံးရှုံးခဲ့သည့်သူများ ပြန်လည် ဝင်ရောက်လာစေရေးနှင့် အကြမ်းဖက်မှုများ၏ အခြေခံအကြောင်းအရင်းများကို အဖြေရှာ ဆောင်ရွက် သွားနိုင်ရေးအတွက် အားသွန်ဆောင်ရွက်ရန် လိုအပ်ကြောင်း” ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံ နှင့် ပြုလုပ်ခဲ့သော သဘောတူညီချက် တခုအရ မြန်မာနိုင်ငံတွင် အမှန်တကယ်နေထိုင်ခဲ့ကြောင်း အတည်ပြုနိုင်သည့် ဒုက္ခသည်များကို ပြန်လည်လက်ခံရန် အသင့်ရှိကြောင်းသာမက ရခိုင်ပြည်မြောက်ပိုင်း စစ်ဆင်ရေး အတွင်း လုံခြုံရေးတပ်ဖွဲ့များက မုဒိန်းမှု နှင့် အခြားသော လိင်အကြမ်းဖက်မှုများကို ကျူးလွန်ခဲ့ကြောင်း တွေ့ရလျှင် အပြစ်ပေး အရေးယူမည့်အကြောင်း အလေးပေး ပြောကြားခဲ့ခြင်းသည် ရခိုင်အရေးကြောင့် နိုင်ငံခြား သံတမန်ဆက်ဆံရေးတွင် မြန်မာသည် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး အေးခဲလာခဲ့သော်လည်း ပြည်တွင်းနိုင်ငံရေး အထူးသဖြင့် ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရနှင့် မြန်မာ့တပ်မတော်အကြား ပိုမို ကျောချင်းကပ်လိုက်သလို ပုံပေါ်သည်။

အင်းဒင်ရွာ လူသတ်မှုကို တပ်မတော်က အရေးယူပြီး တရားလက်မဲ့ ပြုမူမှုကို လက်မခံဟု ပြသခဲ့ခြင်းကို ကြိုဆိုရမည်။ သို့သော် ယင်းကိစ္စအား ထုတ်ဖော်ရေးသားသော ရိုက်တာသတင်းထောက် ၂ ဦးကို တပ်ချုပ်က တိုက်ရိုက်ခန့်အပ်သော ပြည်ထဲရေးဝန်ကြီး လက်အောက်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က “နိုင်ငံတော် လျှို့ဝှက်ချက် အက်ဥပဒေ”ဖြင့် ဖမ်းဆီး တရားစွဲဆိုခြင်းသည် လက်နက်ကိုင်တပ်ဖွဲ့များ၏ တရားလက်မဲ့ ပြုမူဆောင်ရွက်ချက်များကို ရှာဖွေဖော်ထုတ်သူများအား ပစ်မှတ်ထား နှိပ်ကွပ်မြဲဟုသာ သက်သေပြသကဲ့သို့ ဖြစ်နေသေးသည်။ သတင်းထောက်များ တရားဥပဒေ ချိုးဖောက်ကျူးလွန်ခြင်း မရှိပါဘဲ ထောင်ချောက်ဆင် ဖမ်းခဲ့ကြောင်း ထုတ်ဖော်ဝန်ခံသွားသူ တရားလိုပြ သက်သေ ဒုရဲမှူး မိုးရန်နိုင်ကို တာဝန်မှ ရပ်ဆိုင်းပြီး ထောင်ဒဏ် တနှစ် ပေးခဲ့ခြင်းကလည်း အမှန်တရားကို အုပ်ချုပ်ရေးအာဏာပိုင်များ အမှန်တကယ် လက်ခံ ရင်ဆိုင်လိုသည်ဟု ယုံကြည်ရန် ခက်ခဲနေစေသည်။

တချိန်တည်းမှာပင် ကချင်ပြည်နယ်တွင် အစိုးရတပ်များနှင့် ကချင်လူမျိုးစု လက်နက်ကိုင်တပ်များ တိုက်ပွဲများပြင်းထန်နေပြီး မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေကိုယ်စားလှယ်နှင့် လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးအဆို ဧပြီလဆန်းပိုင်းမှစတင်၍ ကချင်ပြည်နယ်တွင် လူဦးရေ ၅,ဝဝဝ ကျော် အသစ် ထပ်မံနေရပ်စွန့်ခွာ တိမ်းရှောင်ရသည့် သတင်းမှာလည်း သတင်းဆိုးဖြစ်သည်။ မြန်မာပြည် အနောက်ဘက်ပိုင်းတွင်ပါ သေနတ်သံ ကြားလာခဲ့ရပြီး အပစ်ရပ်နေခဲ့သော မြန်မာပြည် တောင်ပိုင်း ကရင်ပြည်နယ်တွင်လည်း တင်းမာမှုများ ပြန်လည်ဖြစ်ပွားလာနေခြင်းသည် တပူပေါ်နှစ်ပူဆင့်ရသော စိုးရိမ်ဖွယ် သတင်းများ ဖြစ်သည်။

အဆိုပါ ပြဿနာများက ပြည်တွင်းရေးဟု ဆိုလျှင် မိမိတို့ အချင်းချင်း ဖြေရှင်းရန် နည်းလမ်း ရှာဖွေ လုပ်ကိုင်ရမည်။ နားဝင်မချိုသော်လည်း ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဝင် ဗြိတိသျှသံတမန် ပြောသလို ပထမလမ်းဖြစ်သော မြန်မာကို အိုင်စီစီသို့ တင်ရေး မရွေးချယ်လိုသော် ဒုတိယလမ်းဖြစ်သည့် ကိုယ့်ဘာသာကိုယ် လုပ်ဆောင်ရေးပင် ဖြစ်သည်။ ယင်းသည် ကိုယ့်အမှားကိုယ် ပြင်ဆင်ရေး ဖြစ်သည်။ ကိုယ့်အမှား ကိုယ်ဖုံးဖိရေး မဟုတ်ပါ။ အမှားကို အမှားဟု လက်ခံပြီး အမှန်ရောက်အောင် ပြင်ဆင်ရေးသည်ပင် ပြုပြင်ပြောင်းလဲရေး၏ အနှစ်သာရပင်။

အလျော့ပေးခြင်းကြောင့် သူများအောက်ကျို့ရပြီး တဘက်က ကန်းတက်မည်ဟု စိုးရိမ်ချက်များကိုလည်း နားလည်နိုင်သည်။ ယခုလမ်းက ဒူးထောက်အရှုံးပေးခြင်း မဟုတ်ပါ။ အမှန်တရားကို ရဲရဲရင်ဆိုင်ရန် မျက်နှာမူလိုက်ခြင်းသာ ဖြစ်သည်။ ထိုလမ်းကို မရွေးမဖြစ် ရွေးရလိမ့်မည်။ ခရီးက ကြမ်းသည်။ ဖြတ်လမ်းမရှိ။ သက်လုံကောင်းဖို့တော့ လိုသည်။

Loading