စီးပွားရေး လုပ်ကိုင်ရတာ မကောင်းဟု အရပ်စကားဖြင့် ပြောခြင်းက အရောင်းအဝယ် မသွက်လက် အေးစက်နေခြင်းပင်။ လုပ်ငန်း မတိုးချဲ့နိုင်ပဲ လုပ်ငန်း အသက်ဆက်ရန်သာ လုပ်ကိုင်နေရသော အခြေအနေလည်း ဖြစ်သည်။ အမြတ်အစွန်း မရှိ၍ အလုပ်အကိုင်သစ်များကို မဖန်တီးနိုင်။ ဘောဂဗေဒ အရ ထိုအချိန်တွင် အစိုးရသည် ကုန်ထုတ်လုပ်မှုစနစ် ပြန်လည်ဖွဲ့စည်းပြီး ထိပ်တန်း ပုဂ္ဂလိက လုပ်ငန်းကြီးများကို ငွေကြေးထုတ်ချေးကြရ၏။ သို့မှ ဈေးကွက်ထဲ အရောင်းအဝယ် ပြန်ကောင်းပြီး လုပ်ငန်းတိုးချဲ့နိုင်သောအခါ အလုပ်အကိုင်သစ်များကို ဖန်တီးနိုင်မည်။ အရင်းအနှီးမှ အမြတ်အစွန်းထွက်ကာ တဖန်ပြန်လည် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဓနဖန်တီးမှုယန္တရား ပြန်အသက်ဝင်ကာ ရှေ့ခရီးဆက်နိုင်မည်။
သို့သော် မြန်မာ့စီးပွားရေးသည် ၂၀၀၈ အမေရိကန်ပြည်ထောင်စု ကြုံခဲ့သော စီးပွားကျဆင်းမှုနှင့်မတူသောကြောင့် အစိုးရက ကုမ္ပဏီကြီးများအား ငွေအလုံးအရင်း ထုတ်ချေးခြင်းကဲ့သို့ ကျားကန်စရာ မလို။ အေးစက်နေသော မြန်မာ့ဈေးကွက် ပြန်လည်သွက်လက်လာရေး ငွေရင်းငွေနှီး စီးဝင် လည်ပတ်လာစေရန် ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်း လျှော့ချိန်တော့ တန်ပြီဖြစ်သည်။
ယခုနှစ် အစောပိုင်း ဇန်နဝါရီလ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲ တခုတွင် မြန်မာနိုင်ငံ ဗဟိုဘဏ် ဒု ဥက္ကဋ္ဌက ဗဟိုဘဏ်အနေဖြင့် သင့်တော်သော အချိန်တွင် လျှော့မည်ဟု ပြောခဲ့သည်။ သူက သင့်တော်သော အချိန်ကို မည်သည့်အချိန်ဟု သေချာ ရေရာ တိကျစွာ မပြောသော်လည်း ဗဟိုဘဏ်အနေဖြင့် ငွေဖောင်းပွမှုနှုန်းကို စောင့်ကြည့်ပြီး တွက်ချက်နေကြောင်း ပြောသည်။ မြန်မာနိုင်ငံ ဗဟိုဘဏ်၏ စိုးရိမ်ချက်ကိုလည်း နားလည်နိုင်သည်။ ငွေကြေးဖောင်းပွမှုက တပ်မတော်အစိုးရလက်ထက် ၂၀၀၀ ခုနှစ်များအတွင်း ၅၀ ရာခိုင်နှုန်းထိ အတက်ကြမ်းဖူးပြီး ဒီမိုကရေစီအကူးအပြောင်းကာလ ၂၀၁၅ တွင်လည်း ၁၆ ရာခိုင်နှုန်းထိ တက်ခဲ့ဖူးသည်။ ထိုသို့ ငွေဖောင်းပွမှုနှုန်းက ဘဏ်တိုးနှုန်းထက် ကျော်လွန်သွားသောအခါ ဘဏ်ထဲတွင် ငွေအပ်နှံသူများ ထိခိုက်နစ်နာရသည်။
သို့သော် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အစိုးရ တက်လာအပြီး ၂ နှစ်ကာလအတွင်း အစိုးရလိုငွေကို ဗဟိုဘဏ်က ရိုက်ပေးခြင်းဖြင့် ငွေကြေးဖောင်းပွခြင်း ဖြစ်ပေါ်စေခဲ့သော အစဉ်အလာကို ပယ်ဖျက်ပြီး မက်ခရိုစီးပွားရေး တည်ငြိမ်လာကာ အမေရိကန်ဒေါ်လာနှင့် ပြည်ပငွေကြေး လဲလှယ်နှုန်း တည်ငြိမ်လာစေခဲ့သည်။ ယခု ဧပြီလကုန် အစိုးရဝန်ထမ်းများအား လစာတိုးပေးသော်လည်း ငွေဖောင်းပွနှုန်းသည် ၅ ဒသမ ၅ ပတ်ဝန်းကျင်တွင် ထိန်းထားလာနိုင်ခဲ့သည်။ ယင်းသည် အစိုးရအနေဖြင့် အသုံးအစွဲ လျှော့ပြီး ကုန်သွယ်ရေးလိုငွေ ကွာဟမှုကို လျှော့ချနိုင်ခဲ့မှုကလည်း တကြောင်းအပါအဝင် ဖြစ်သည်။
သို့ရာတွင် ထိုသို့ တည်ငြိမ်လာနေသော မက်ခရိုစီးပွားရေးက စီးပွားလုပ်ရတာ ကောင်းလိုက်တာဟု ပြောဆိုသံများကို မဖြစ်စေသေးပါ။ ထို့ကြောင့် အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းများ ချောင်ချောင်ချိချိ လုပ်သာကိုင်သာရှိမှုကို ဖန်တီးပေးရမည့်အပြင် ဗဟိုဘဏ်အနေဖြင့် ငွေကြေးအရင်းအနှီးကို အတိုးနှုန်း ချိုသာ လွယ်ကူစွာ ရယူနိုင်ရေး ဆောင်ရွက်ပေးရန် အရေးကြီးသည်။
ဘဏ်တိုးနှုန်းလျော့သွားလျှင် ငွေအပ်နှံသူများက မကြိုက်ဟု ဆိုနိုင်သော်လည်း ဘဏ်တိုးနှုန်းကိုသာ အားကိုး ထိုင်စားသူ များနေလို့လည်း မဖြစ်ပေ။ ပင်စင်စားနှင့် မိသားစုအပ်ငွေများကဲ့သို့ ဘဏ်တိုးနှုန်းပေါ် စားဝတ်နေရေး မှီခိုနေရသူများဆိုလျှင်မူ နှစ်ရှည်အပ်ငွေစာရင်းမျိုးတွင် အပ်စေသင့်ပါသည်။ အနည်းဆုံး ၅ နှစ်မှ စ၍ အပ်နှံသင့်သည်။ အတိုးနှုန်းကို ယနေ့အတိုင်း ၈ ရာခိုင်နှုန်း ပေးနိုင်သည်။ တဦးလျှင် သိန်း ၁၀၀၊ ၂၀၀ စသဖြင့်သာ ဖြစ်သင့်သည်။ တဦး သိန်း တသောင်းဆိုတာမျိုးတော့ မဖြစ်သင့်။
ထိုသို့ ဘဏ်တိုးနှုန်းကို စီးပွားဖြစ် အပ်မည့်သူများအတွက်ဆိုလျှင်ကား နိုင်ငံတကာနှင့် ဒေသတွင်း ဈေးကွက်များရှိ ဘဏ်တိုးနှုန်းများနှင့် ချိန်ညှိသင့်သည်။ သို့မှသာ ဘဏ်တိုးနှုန်း ချိုသာသော နိုင်ငံရပ်ခြားမှ ငွေကစားသူများ ရန်ကုန်တွင် ကုမ္ပဏီဖွင့် အလုပ်ပြပြီး သက်ဆိုင်ရာ နိုင်ငံဘဏ်များမှ ချေးငွေကို မိမိနိုင်ငံ ဘဏ်များထဲ အပ်နှံကာ ဘဏ်တိုးနှုန်း ထုတ်စားနေခြင်းအပါအဝင် ငွေကြေးစနစ်၏ ယိုပေါက်များက ပိတ်သွားမည်။ ရေတိုစီးပွားဖြစ် ငွေရှင်ကြေးရှင်များအနေဖြင့် ဘဏ်တိုး ထိုင်စားနေခြင်းကလည်း မြန်မာ့စီးပွား ဖွံ့ဖြိုးရေး အကျိုး လုံးဝ မရှိပါ။
ထို့ကြောင့် မြန်မာနိုင်ငံ ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်း လျှော့ချိန်တန်ပြီဖြစ်သည်။ ကမ္ဘောဇဘဏ်၏ အတိုးနှုန်း လျှော့ချမှူ ကနဦး စတင်ခဲ့မှုကို ကြိုဆိုသင့်သည်။ အိုင်အမ်အက်ဖ် IMF အကြံပေးအဖွဲ့ကလည်း ဈေးကွက်အခြေပြု ဘဏ်တိုးနှုန်း လျှော့ချရေး ထောက်ခံထားသည်။ ယခုအခါ အစိုးရအနေဖြင့် အက်စ်အမ်အီး SME အသေးစားနှင့် အလတ်စား လုပ်ငန်းရှင်များ အားကောင်းစေရေး ရည်ရွယ်ပြီး ချေးငွေဆိုင်ရာ သတင်းအချက်အလက်ဌာန ခရက်ဒစ်ဗျူရို Credit Bureau ကို ဖွဲ့စည်းရန် ချမှတ်ခဲ့ပြီးချိန်လည်း ဖြစ်သည်။
ယခုအချိန်သည် ဗဟိုဘဏ်အနေဖြင့် ဘဏ်တိုးနှုန်းကို ဈေးကွက်စီးပွားရေး အတက်အကျ ၃ လ တကြိမ် သုံးသပ် လေ့လာ မျှော်မြင်ချက်ပေါ် မူတည်၍ တုန့်ပြန်သတ်မှတ်မှု စတင်ရန် အချိန်ကောင်းလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အိမ်နီးချင်းနိုင်ငံများတွင် ဘစ်ကွိုင် Bitcoin အကြောင်း ပြောဆို သုံးသပ် လေ့လာနေချိန်၊ ငွေသားမဲ့ Cashless ဒစ်ဂျစ်တယ် ငွေကြေးစနစ်သို့ ကူးပြောင်းရန် အရှိန်အဟုန်ဖြင့် သွားနေသောအချိန်တွင် ကျနော်တို့က ခရုလို သွားနေ၍ မဖြစ်တော့ချေ။