လတ်တလော ဖြစ်ပွားခဲ့သည့် စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ဖြိုခွဲမှုတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် ညံ့ဖျင်းခြင်းကို တွေ့မြင်ခဲ့ရပြန်သည်။ လူအုပ် ထိန်းချုပ်ခြင်းနှင့် ပတ်သက်လျှင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့သည် လုပ်ချင်သလို လုပ်နေသော အဆင့်တွင်သာ ရှိသည်ဟု ဆိုရမည်။
ဥပမာ ပြစရာ အများအပြားလည်း ရှိနေသည်။ လက်ပံတန်းတွင် ၂၀၁၅ ခုနှစ်က လူကြိုက်နည်းလှသော ပညာရေးဥပဒေကို ကျောင်းသားများ ဆန္ဒပြပွဲ သို့မဟုတ် ယခုနှစ်အစောပိုင်းက လူထုအစည်းအဝေးကို နောက်ဆုံး အချိန်ရောက်မှ အစိုးရက ပိတ်ပင်ခဲ့ခြင်းကြောင့် လူထု ဒေါသပေါက်ကွဲခဲ့သော မြောက်ဦး ဆန္ဒပြပွဲ တို့ ကို ကြည့်လျှင် သိနိုင်သည်။ ထိုဖြစ်ရပ် ၂ ခုစလုံးတွင် သွေးထွက်သံယို သေကြေမှုများဖြင့် အဆုံးသတ်ခဲ့သည်။
ယခုတကြိမ် သွေးထွက်သံယို မဖြစ်သော်လည်း ရဲတပ်ဖွဲ့၏ စွမ်းဆောင်ရည် ညံ့ဖျင်းခြင်းကို အထင်အရှား ထပ်မံတွေ့ရသည်။ စနေနေ့က ရန်ကုန်တွင် ကျင်းပသော စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပရန် ရည်ရွယ်ခဲ့ကြသည်။ ကချင်ပြည်နယ်မှ လူမျိုးစု လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရ တပ်များအကြား တိုက်ပွဲများ ရပ်တန့်ရေး တောင်းဆိုရန် တက်ကြွလှုပ်ရှားသူများ စုဝေးခဲ့ကြသည်။ ဆန္ဒပြသူများသည် တားမြစ်ထားသော နေရာတွင် စုဝေးနေကြောင်း ရဲတပ်ဖွဲ့က ပြောသောအခါ ဆန္ဒပြပွဲ စီစဉ်သူများက လူစုခွဲပေးရန် သဘောတူခဲ့သည်။
သို့သော် မည်သူမည်ဝါမှန်း မသိရသူ လူရမ်းကားများ၏ အကူအညီကို ရယူပြီး ရဲတပ်ဖွဲ့က ဆန္ဒပြသူများကို အတင်းအကျပ် လူစုခွဲသောအခါ အခြေအနေကို ထိန်းချုပ် မရနိုင်တော့ပေ။ ထိုလူရမ်းကားများသည် တရားဥပဒေ စိုးမိုးရေး ရဲအရာရှိများ၏ မျက်စိအောက်တွင်ပင် ဆန္ဒပြသူများကို ကိုယ်ထိလက်ရောက်ပြုခဲ့သလို ရဲအရာရှိများကလည်း ထိုလူရမ်းကားများကို ဟန့်တားခဲ့ခြင်းမရှိပေ။ ရဲတပ်ဖွဲ့၏ ရှေ့တွင် ပရမ်းပတာ ဖြစ်စေခြင်းက တရားဥပဒေကင်းမဲ့ခြင်းကို ပြသနေသည်။
ထို လူရမ်းကားများသည် မည်သူများနည်း။ ထိုသူများ လုပ်ချင်သလို လုပ်နေခြင်းကို ရဲတပ်ဖွဲ့ဝင်များက မည်သည့်အတွက် မသိကျိုးကျွံပြုနေကြသနည်း။ ထို မည်သူမည်ဝါ မသိရသောသူများသည် ဆန္ဒပြသူများသာမက ထိုဖြစ်ရပ်ကို သတင်းယူနေကြသော မီဒီယာသမားများကိုလည်း ဆဲဆို ခြိမ်းခြောက်သည်။ ရဲတပ်ဖွဲ့က ထပ်မံ မသိကျိုးကျွံပြုနေခဲ့သည်။
ရယူထားနိုင်ခဲ့သော ဓာတ်ပုံများကို အခြေပြုပြီး စုံစမ်းလေ့လာချက်များအရ ထို လူရမ်းကား တချို့သည် အမျိုးဘာသာ၊ သာသနာကို မကာကွယ်နိုင်ဟု အစိုးရကို စွပ်စွဲပြီး နုတ်ထွက်ပေးရန် တောင်းဆိုသော၊ ရခိုင်ပြည်နယ်မှ စစ်ဆင်ရေးများကို ထောက်ခံပြီး စစ်လိုလားသည့် အမျိုးသားရေး ဝါဒီများ၏ မကြာသေးမီ နှစ်များက လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြောင်း ရှင်းလင်းစွာ သိရသည်။
စနေနေ့က ရဲတပ်ဖွဲ့၏ ဖြိုခွင်းမှု မစတင်မီ အချိန်အနည်းငယ်အလို ဆန္ဒပြသူများက ဆန္ဒပြပွဲ အဆုံးသတ်ရန် ရဲအဖွဲ့နှင့် ညှိနှိုင်းနေစဉ် ထိုအုပ်စုသည် “သတ်ကွာ၊ ရိုက်ကွာ” ဟု အဓိကရုဏ်း နှိမ်နင်းရေး ရဲတပ်ဖွဲ့၏ နောက်မှ အော်ဟစ်နေကြသည်။ ရဲတပ်ဖွဲ့သည် ဆန္ဒပြသူများအတွက် အန္တရာယ်ရှိကြောင်း သတိမပေးခဲ့သလို လူရမ်းကားများကို ဟန့်တားခဲ့ခြင်းလည်း မရှိပေ။
ထိုလူရမ်းကားများသည် မည်သည့်အတွက် ကင်းလွတ်ခွင့် ရရှိနေသနည်း။ ရဲတပ်ဖွဲ့သည် ရုတ်ရုတ်သဲသဲ ဖြစ်ပွားအောင် လုပ်ဆောင်နေခြင်းကို မည်သည့်အတွက် ရပ်ကြည့်နေသနည်း။ စစ်ဆန့်ကျင်သူများကို တန်ပြန် ဆန္ဒပြသည့် စစ်လိုလားသူ လူရမ်းကားများကို ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ စီမံအုပ်ချုပ်သည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထောက်ခံပြီး အကူအညီ တောင်းခံထားသလောဟု မေးစရာ ဖြစ်နေသည်။
စနေနေ့က ငြိမ်းချမ်းစွာ ဆန္ဒပြပွဲကို ဖြိုခွဲရာတွင် ရဲတပ်ဖွဲ့နှင့်အတူ အရပ်ဝတ် လူရမ်းကားများ ပါဝင်နေခြင်းကြောင့် ယခင်စစ်အစိုးရများ ခေတ်က ဒီမိုကရေစီ အင်အားစုများကို ဖြိုခွင်းရန် ဖွဲ့စည်းခဲ့သည့် အစိုးရ ကမကထပြု စွမ်းအားရှင် အဖွဲ့ကို ပြန်လည် မြင်ယောင်မိစေသည်။
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်သည်ပင် ထိုသို့ လူရမ်းကားများ တိုက်ခိုက်မှု တခုဖြစ်သော ၂၀၀၃ ခုနှစ် ဒီပဲယင်း လူသတ်ပွဲတွင် သားကောင်ဖြစ်ခဲ့ရသည်။ ၂၀၀၇ ခုနှစ် စက်တင်ဘာလက ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ ရွှေဝါရောင် တော်လှန်ရေးအတွင်း လမ်းလျှောက်ဆန္ဒပြသောအခါ စွမ်းအားရှင်များသည် လုံခြုံရေးတပ်ဖွဲ့များနှင့် ပူးတွဲကာ သံဃာတော်များကို စစ်ကြောရေးစခန်းများသို့ ပို့မည့် ထရပ်ကားများထဲသို့ ရိုက်နှက်ကန်ကြောက်ကာ ထည့်ခဲ့ကြသည်။
စနေနေ့က ဖြိုခွင်းမှုတွင် ရဲတပ်ဖွဲ့၏ မသိကျိုးကျွံပြုမှုသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်သော အစိုးရအတွက်လည်း အရှက်ရစရာဖြစ်သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် နိုင်ငံတင် တရားဥပဒေစိုးမိုးရေးကို မြှင့်တင်ရန် အကြိမ်ကြိမ် ကတိပေးသော်လည်း စနေနေ့တွင် လူရမ်းကားများက စစ်ဆန့်ကျင်ရေး ဆန္ဒပြသူများကို ကန်ကြောက်ပြီး သတင်းသမားများကို ခြိမ်းခြောက်သောအခါ အစိုးရ၏ တရားဥပဒေ စိုးမိုးရေး ဌာနများသည် မသိကျိုးကျွံ ပြုနေခဲ့ကြသည်။
ထိုပြဿနာကို အစိုးရအနေဖြင့် အလေးအနက် ထားရမည်ဖြစ်သည်။ စနေနေ့က ဆန္ဒပြပွဲအပေါ် ရဲတပ်ဖွဲ၏ ကိုင်တွယ်ပုံ မှားယွင်းခြင်းသည် မည်သည့်အတွက် ဖြစ်ရသည်ကို ပြည်သူလူထုအား ရှင်းလင်းတင်ပြရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရတွင် တာဝန်ရှိသည်။ လိုအပ်လျှင် ပြည်ထဲရေး ဝန်ကြီးကို လွှတ်တော်သို့ ဆင့်ခေါ်ပြီး ထိုဖြစ်ရပ်ကို ရှင်းလင်း စေသင့်သည်။
မိမိတို့သည် ပြည်သူ့အကျိုးဆောင်ပြီး တရားဥပဒေကို လေးစားလိုက်နာသော ရဲတပ်ဖွဲ့ကိုသာ အလိုရှိသည်။ အာဏာပိုင် အဖွဲ့ သို့မဟုတ် တဦးတယောက်၏ လက်ကိုင်တုတ်အဖြစ် အလိုမရှိပါ။