ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးစေသော လွန်ခဲ့သောနှစ်ဩဂုတ်လက ရက်စက်သော စစ်ဆင်ရေးများကြောင့် လူ့အခွင့်အရေး ချိုးဖောက်သောနိုင်ငံအဖြစ် အပစ်ပယ်ခံ ပြန်လည်ဖြစ်လာခြင်းသည် အလားအလာ ကောင်းမွန်ခဲ့သော ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းကို စတင် ထိခိုက်လာပြီ ဖြစ်သည်။
မြန်မာနိုင်ငံ၏ တရားဝင်ထုတ်ပြန်သည့် ခရီးသည်ရောက်ရှိမှုနှုန်းမှာ နယ်စပ်ဂိတ်များမှ လူဝင်လူထွက်ကိုပါ ထည့်သွင်းတွက်ချက်တတ်၍ အတော်အတန် သံသယဖြစ်ဖွယ်ရှိသော်လည်း ၂၀၁၈ ခုနှစ် ပထမ သုံးလအတွင်း အထူးသဖြင့် အနောက်နိုင်ငံများမှ ခရီးသည်ရောက်ရှိမှုနှုန်း ၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း အစိုးရပိုင် Global New Light of Myanmar သတင်းစာကပင် ဝန်ခံရသည်။
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ နောက်ဆုံး ခရီးသည်ရောက်ရှိမှုနှုန်းတွင် ဇန်နဝါရီမှ ဧပြီလ အထိ ကာလအတွင်း ခရီးသည်ရောက်ရှိမှုနှုန်း ၁ ရာခိုင်နှုန်းသာ ကျဆင်းကြောင်း ပြသနေသော်လည်း မြောက်အမေရိကမှ ၁၇ ရာခိုင်နှုန်း၊ ဥရောပမှ ၂၇ ရာခိုင်နှုန်း နှင့် ပစိဖိတ်ကျွန်းနိုင်ငံများမှ ၁၈ ရာခိုင်နှုန်း အထိ အကြီးအကျယ် ကျဆင်းသွားသည်။ ထိုဒေသကြီး ၃ ခုသည် အစဉ်အလာအားဖြင့် မြန်မာနိုင်ငံရှိ ယဉ်ကျေးမှုဒေသများကို စိတ်ဝင်စားသည့် ငွေကြေးသုံးစွဲမှုမြင့်မားသည့် ခရီးသည်များ၏ အဓိက ပင်ရင်းနေရာများဖြစ်သည်။
အနောက်နိုင်ငံများမှ ခရီးသည်များသည် ကုလသမဂ္ဂနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုနေသည့် “လူမျိုးစု သုတ်သင်ရှင်းလင်းခြင်းနှင့် လူမျိုးသုဉ်း သတ်ဖြတ်မှု” ဟူသည့် စွပ်စွဲချက်များကို အလေးထားသည်ဟု ခရီးသွားလုပ်ငန်းရင်းမြစ်များက ပြောကြသည်။
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းသည် အချိန်တိုအတွင်း မြန်မာနိုင်ငံတလွှား အလုပ်အကိုင်သစ်များ ဖန်တီးပေးနိုင်သော ကဏ္ဍတခု ဖြစ်သည်။ သို့သော် မြန်မာအစိုးရအဆက်ဆက် ခရီးသွားလုပ်ငန်းအား ကိုင်တွယ်ရာတွင် သိသိသာသာ နှေးကွေးတတ်ကြသည်။
မြန်မာ့ခရီးသွားလုပ်ငန်းအတွက် ဂုဏ်သတင်း မကောင်းခြင်း၊ မူဝါဒ ညံ့ဖျင်းခြင်းတို့သည် ကွယ်လွန်သူ စစ်အာဏာရှင် ဦးနေဝင်း၏ ၁၉၆၂ မှ ၁၉၈၈ ခုနှစ်တိုင် နိုင်ငံကို တံခါးပိတ် အုပ်ချုပ်ခဲ့ချိန်က စခဲ့သည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း အိမ်နီးချင်းနိုင်ငံများ၌ စတင်ထွန်းကားချိန် ကမ္ဘာလှည့်ခရီးသည်များကို ပိတ်ပင်ခဲ့ပြီး နိုင်ငံအတွင်း ဝင်ရောက်နေထိုင်ရန် တပတ်တာမျှသာ ခွင့်ပေးခဲ့သည်။
နောက်ဆက်တွဲ စစ်အစိုးရ၏ ၁၉၈၈ မှ ၂၀၁၁ ခုနှစ် ကာလများအတွင်း နိုင်ငံတကာ ခရီးသည်များကို တံခါးဖွင့်ပေးသော်လည်း လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် စီးပွားရေး ပိတ်ဆို့မှု၊ အနောက်နိုင်ငံများ၏ အပစ်ပယ်ခံရခြင်း၊ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကမ္ဘာလှည့်ခရီးသွားများ မြန်မာနိုင်ငံကို သပိတ်မှောက်ရန် တောင်းဆိုခဲ့ခြင်း အပါအဝင် စိန်ခေါ်မှုမျိုးစုံကို ရင်ဆိုင်ခဲ့ကြရသည်။
မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ တံခါးပွင့်လာပြီးနောက်တွင်လည်း ခရီးသွားလုပ်ငန်းသည် အတက်အကျများစွာကို ကြုံတွေ့ရသည်။
ကုလသမဂ္ဂ၏ စာရင်းများအရ ခရီးသည်ရောက်ရှိမှုသည် ၂၀၁၀ ခုနှစ်တွင် ၈ သိန်းသာရှိရာမှ ၂၀၁၅ ခုနှစ်တွက် ၄.၇ သန်းအထိ တက်သွားသည်။ ၂၀၁၆ ခုနှစ်တွင် ၂.၉ သန်းသို့ ကျဆင်းသွားပြီး လွန်ခဲ့သောနှစ်က ၃.၄ သန်းသို့ ပြန်တက်လာသည်။ ၎င်းတို့အနက် ၁.၁ သန်းသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှရောက်ပြီး ယခင်နှစ်ကထက် ၇ ရာခိုင်နှုန်း တက်လာသော်လည်း အများစုသည် အာရှခရီးသည်များ ဖြစ်သည်။
ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းက မြန်မာနိုင်ငံတွင် အိမ်နီးချင်း ထိုင်းနိုင်ငံကဲ့သို့ ဂျီဒီပီသို့ အမြောက်အမြား မပံ့ပိုးနိုင်ပါ။ သို့သော် ဟိုတယ်၊ စားသောက်ဆိုင်နှင့် ဖျော်ဖြေရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုနှင့်အတူ အလုပ်အကိုင် ဈေးကွက်သစ်ကိုလည်း ဖန်တီးပေးနိုင်သောကြောင့် တန်ဖိုးရှိသော အရင်းအမြစ် ဖြစ်ပါသည်။
စိန်ခေါ်မှုများကို အခွင့်အလမ်းနှင့် ခွန်အားအဖြစ် ပြောင်းလဲရမည်။ ရခိုင်ပြည်နယ် အကျပ်အတည်းကို နေပြည်တော်အစိုးရက ဖြေရှင်းရာတွင် ပြည်တွင်းရှိ နိုင်ငံရေးအင်အားစုများအပြင် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် ကြိုးပမ်းသည်နှင့် တပြိုင်နက် နိုင်ငံခြားရေး၊ ပြန်ကြားရေး၊ ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာနများအနေဖြင့် နိုင်ငံ့ပုံရိပ် ပြန်မြှင့်တင်ရေး ဗျူဟာများ ချမှတ်ပြီး ပူးပေါင်း အကောင်အထည်ဖော်သင့်သည်။
ယင်းသို့ ရေရှည်လုပ်ဆောင်သင့်သည်များသာမက ရေတိုတွင် မြန်မာနိုင်ငံ၏ အစဉ်အလာဈေးကွက်ဖြစ်သော အမေရိကနှင့် ဥရောပမှ ခရီးသည်များ၏ စိတ်ဝင်စားမှု ကျဆင်းနေချိန် ခရီးသွားလုပ်ငန်းဈေးကွက် မြှင့်တင်ရေးကို တရုတ်၊ ဟောင်ကောင်၊ ဂျပန်နှင့် စင်္ကာပူတို့မှ အခြေခိုင်သော ခရီးသည်များသို့ ဦးတည်သင့်သည်။
ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ကျဆင်းမှုသည် မြန်မာနိုင်ငံတွင် အထူးသဖြင့် ရန်ကုန်တွင် အဆင့်မြင့် ဟိုတယ်နှင့် စားသောက်ဆိုင်သစ်များ အများအပြား ပေါ်ပေါက်လာချိန်နှင့်လည်း တိုက်ဆိုင်နေသည်။ ထိုသို့ ခရီးသွားလုပ်ငန်းအတွင်း ပိုမို ယှဉ်ပြိုင်မှု များလာခြင်းနှင့် ဝယ်လို အားနည်းခြင်းကြောင့် ဈေးကွက်အတွင်း ဈေးအလွန်အကျွံတောင်းခံခြင်းကို ကျဆင်းစေမည်ဖြစ်သည်။ ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျင် ဈေးများ ကျဆင်းခြင်းက ခရီးသွားများ ပြန်ဝင်လာစေရန် ဆွဲဆောင်နိုင်သော အချက်လည်း ဖြစ်တော့သည်။