မြန်မာတွေ နဂါးနီသီချင်းကို ချစ်ခင်မြတ်နိုးစွာ သီဆိုခဲ့ကြသည်။ အမျိုးဂုဏ်တက်စေရန်၊ ဆင်းရဲတွင်းက လွတ်ကင်းစေရန် လှုံ့ဆော်ထားသော သီချင်းကို နှစ်နှစ်ချိုက်ချိုက် သီဆိုခဲ့ကြသည်မှာ ဆယ်စုနှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ သို့သော် လွတ်လပ်ရေးမရခင် အချိန်ကတည်းက သီဆိုခဲ့သည့် သီချင်းထဲက စာသားများကမူ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့ပြီးသော်လည်း လက်တွေ့တွင် ဖြစ်မလာခဲ့ပေ။
အာရှတွင် စီးပွားရေး အလားအလာကောင်းများ ရှိသော မြန်မာသည် လွတ်လပ်ရေးရသည်နှင့် တပြိုင်နက် အမျိုးသား သွေးကွဲမှုဖြစ်ကာ ပြည်တွင်းစစ်ကို စတိုက်ကြတော့သည်။ အင်အားကောင်းလာသော မြန်မာ့တပ်မတော်သည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်တွင် တိုင်းပြည်အာဏာကို သိမ်းပြီး တချိန်က ဒေသတွင်းတွင် ရှေ့တန်းရောက်ခဲ့သော ပုဂ္ဂလိကပိုင် စီးပွားရေးလုပ်ငန်းများကို ပြည်သူပိုင်သိမ်းသောအခါ တိုင်းပြည်မွဲသွားတော့သည်။ ထိုအခါကျမှ နဂါးနီသီချင်းက ဆိုရတာ ပိုပြီးအာတွေ့လာသည်၊ အဓိပ္ပါယ် ပိုရှိလာသည်။ တကယ့် လက်ရှိဘဝကို ဝေဖန်သရော်နေသော သီချင်းများလားဟု မေးစရာဖြစ်လာသည်။
စီးပွားရေးပညာရှင်များ၊ ကျွမ်ကျင်သူများ၊ ပညာတတ်များ လူမှန်နေရာမှန် မရခဲ့သော ဦးနေဝင်း၏ ၂၆ နှစ် တံခါးပိတ်ဝါဒက မြန်မာပြည်ကို မွဲပြာကျစေအပြီး ၁၉၈၈ ခုနှစ်တွင် လူထုအုံကြွမှုကြီး ပေါ်ပေါက်ခဲ့သည်။ တချိန်က အာရှတွင် အလားအလာ အကောင်းဆုံး နိုင်ငံတနိုင်ငံက ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ LDC စာရင်း ဝင်ခဲ့ရသည့်ကိစ္စ၊ လူမှုစီးပွားရေး အလုံးစုံ ချွတ်ခြုံကျခဲ့ရမှုကိစ္စများက သနားကြင်နာတတ်ပြီး သဘောကောင်းသော မြန်မာတို့ကို ဒေါသအိုးပေါက်ကွဲစေတော့သည်။
တပ်မတော်က ထပ်အာဏာသိမ်းသောအခါ မြန်မာနိုင်ငံသည် မိအေးနှစ်ခါ နာခဲ့ရတော့သည်။ စစ်အာဏာရှင်များ၏ အတိုက်အခံများအပေါ် ဖိနှိပ်မှုက အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ စီးပွားရေးပိတ်ဆို့ဒဏ်ခတ်မှုများကို ဖြစ်ပေါ်လာစေပြီး စစ်အုပ်ချုပ်ရေးကို ကျားကန်ရန် တိုင်းပြည်သယံဇာတ အရင်းအမြစ်များက ထင်တိုင်းကြဲခံထိတော့သည်။ လက်တဆုတ်စာ လူများက တိုင်းပြည်စီးပွားရေးကို လက်ဝါးကြီးအုပ်သောအခါ တချိန်က ၁၉၅၀-၆၀ ဝန်းကျင်က အရှေ့တောင်အာရှ အိမ်နီးချင်းနိုင်ငံများက အားကျခဲ့ရသော မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ ဖြစ်လာခဲ့တော့သည်။
နှစ် ၂၀ ကျော်ကြာ အသက် သွေး ချွေးနှင့် ဘဝများကို အကျဉ်းထောင်များအတွင်း၊ တောတောင်များအကြားနှင့် ပြည်ပအသီးသီးတွင် ဒုက္ခကို ရင်စည်းခံခဲ့အပြီး မြန်မာ့နိုင်ငံရေး လမ်းကြောင်းပြောင်းလဲသွားကာ ၂၀၀၈ ဖွဲ့စည်းပုံက အာမခံထားသော အရပ်သားတပိုင်း အုပ်ချုပ်ရေးစနစ်တခုကို မြန်မာတို့ ရရှိလာခဲ့သည်။ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မဲဆန္ဒရှင် လူထုအများစုက မဲပုံပေးခဲ့ပြီး ဒီမိုကရေစီရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ဆက်လုပ်ရန် တွန်းအားပေးခဲ့သည်။
သို့သော် မှန်းချက်နှင့် နှမ်းထွက် မကိုက်ပေ။ ပြည်သူက ရွေးကောက်တင်မြှောက်လိုက်သော ယခု အစိုးရသည် တိုင်းပြည်၏ စီးပွားရေးကို မည်သို့ တိုးတက်အောင်လုပ်မည်ဆိုသည်ကို စီမံကိန်းချ အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပါ။ တိုင်းပြည်၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုကို ပြန်လည်ပြုပြင်ပြောင်းလဲရေးကြောင့် နိုင်ငံခြား ငွေလဲနှုန်း အတက်အကျ မကြမ်းတော့ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်းကို ထိန်းချုပ်ကိုင်တွယ်နိုင်သောအဆင့်ထိ လျော့ချနိုင်ခြင်းများ ရှိလာခဲ့သော်လည်း အလုပ်အကိုင် ဈေးကွက် ကြီးမားကျယ်ပြန့်လာစေရန် မဆောင်ရွက်နိုင်ပါ။
ပြည်ပ ဆန်တင်ပို့မှု စံချိန်တင်သွားပြီး စိုက်ပျိုးရေးကဏ္ဍ ခေါင်းပြန် ထောင်ရန် အရှိန်ယူလာနေသော်လည်း ဆောက်လုပ်ရေး လုပ်ငန်းများ ယိမ်းယိုင်နေပြီး လုပ်သား အများစု ဝန်ထမ်းများ အလုပ်ပြုတ်လာနေရသည်။ ဟိုတယ်တွေ ဧည့်သည်မရှိ၊ လေဆိပ် တွေမှာ ခရီးသွားဧည့်သည်တွေ တိုးရစ်တွေက ကျိုးတိုးကျဲတဲသာ ဖြစ်လာနေသည်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း ၂ နှစ် ဆက်တိုက်ကျဆင်းလာသည်။ နိုင်ငံခြားသို့ အလုပ်အကိုင်ရှာဖွေရန် ထွက်ခွာနေကြမှုကလည်း မြင့်မားဆဲဖြစ်သည်။
ယနေ့မြန်မာစီးပွားရေးသည် အားရစရာ အပေါင်းလက္ခဏာပြမနေပါ။ ပြုပြင်ပြောင်းလဲစရာများ တပုံတပင် ရှိနေသည်။ အစိုးရကဏ္ဍ ပြုပြင်ပြောင်းလဲရေးအပြင် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်သွားစေရေး လမ်းဖွင့်ပေးရန်နှင့် မြေတောင်မြှောက်ပေးရန် လိုသည်။ လမ်းပန်း ဆက်သွယ်ရေး၊ ရေ၊ မီး၊ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အဦများ အရည်အတွက်ရော အရည်အသွေးပါ မြှင့်တင်ရန် လိုသည်။ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ရင်းနှီးမြှုပ်နှံရန် လိုသည်။ စီမံခန့်ခွဲရေးတွင် ခေတ်မီသော အမြင်ရှိသူ ဖြစ်ရန် လိုသည်။ လူမှန်နေရာမှန် ဖြစ်ရန် လိုသည်။ လုပ်ပိုင်ခွင့် အပြည့်အဝ ရှိရန် လိုသည်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အာရှတွင် အလားအလာ အကောင်းဆုံးနိုင်ငံ တနိုင်ငံအဆင့်မှ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံတနိုင်ငံဖြစ်သွားသော မြန်မာပြည်အတွက် ယနေ့ အခြေခံ အကျဆုံး လိုအပ်ချက်မှာ အလုပ်အကိုင် ဈေးကွက် ပြန်ဖန်တီးရေး၊ လူမူဘဝများ သက်သာချောင်ချိလာစေရေးနှင့် မိသားစုစီးပွားရေး ဖူလုံရေး လုံခြုံမှုရှိရေးဖြစ်သည်။
ဆင်းရဲခြင်းသည် ရှက်စရာကောင်းသည်။ ချမ်းသာကြွယ်ဝခြင်းကသာ နဂါးနီသီချင်းထဲကကဲ့သို့ အမျိုးဂုဏ် တက်စေမည်။ ဆင်းရဲတွင်းက လွတ်ကင်းကာ ကျန်းမာသန်စွမ်း ဉာဏ်ရည်ထက်မြက်သော မြန်မာပြည်သူပြည်သားများဖြစ်လာစေရန် ဆောင်ရွက်ပေးနိုင်မည့် နိုင်ငံရေးခေါင်းဆောင်မှုကို ပြည်သူအများက လိုလားခဲ့ကြ၊ လိုလားနေဆဲ ဖြစ်သည်။ ထိုသို့ မဆောင်ကျဉ်းပေးနိုင်သူများကို မလိုလား ဖယ်ရှားပစ်ခဲ့ကြသော အစဉ်အလာကလည်း နိုင်ငံရေး သမိုင်းတွင် သင်ခန်းစာ အကြိမ်ကြိမ် ရှိခဲ့ပြီးလည်း ဖြစ်ပေတော့သည်။