ရိုက်တာ သတင်းဌာနမှ သတင်းထောက် ၂ ဦးကို အစိုးရ၏ လျှို့ဝှက်စာရွက်စာတမ်းများ တရားမဝင် လက်ဝယ်ထားရှိခြင်း အတွက် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုဖြင့် စွဲချက်တင်ရန် ရန်ကုန်မြောက်ပိုင်း ခရိုင်တရားရုံးက ဇူလိုင်လ ၉ ရက်နေ့တွင် ဆုံးဖြတ်လိုက်ခြင်းက မြန်မာနိုင်ငံတွင် စာနယ်ဇင်း လွတ်လပ်ခွင့်သည် အန္တရယ်ရှိလောက်အောင် နည်းပါးလာ နေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်သည့် သင်္ကေတ ဖြစ်ပါသည်။
သတင်းထောက်များက ကိုလိုနီခေတ် ဥပဒေဖြစ်သည့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ၏ ပုဒ်မ ၃ (၁)(ဂ) ကို ချိုးဖောက် မှုဖြင့် တရားစွဲခံရပြီး အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် ထောင် ဒဏ် ၁၄ နှစ်အထိ ကျခံရနိုင်ပါသည်။
သူတို့က စွပ်စွဲမှုများကို ငြင်းဆန်ခဲ့ပြီး သတင်းထောက်များ အနေဖြင့် သူတို့၏ အလုပ်ကို လုပ်ခဲ့ခြင်းသာ ဖြစ်ကြောင်း တရားရုံးတွင် ပြောကြားခဲ့ကြသည်။ စွပ်စွဲထားသည့်အတိုင်း စာရွက်စာတမ်းများကို စုဆောင်းခြင်း သို့မဟုတ် ကူးယူခြင်း မပြုလုပ်ခဲ့ကြကြောင်းလည်း ပြောသည်။
တနည်းဆိုရသော် သူတို့သည် စာနယ်ဇင်းသမားများ ပြုလုပ်ရန် တာဝန်ရှိသော ပြည်သူတို့ သိသင့်သည့် အကြောင်းအရာ များကို စုံစမ်းခဲ့ကြသည့်အတွက် တရားစွဲဆိုခံကြရခြင်း ဖြစ်သည်။
ထိုအတိုင်းဆိုလျှင် လွတ်လပ်သော စာနယ်ဇင်းသဘောတရားကို ကိုင်စွဲထားကြသော မြန်မာနိုင်ငံမှ သတင်းထောက်များ အားလုံးက ယခုအခါတွင် အန္တရာယ်ရှိနေပြီ ဖြစ်သည်။ အကယ်၍ အာဏာရှိသူ တစုံတယောက်နှင့် ပတ်သက်သော သို့မဟုတ် တပ်မတော်နှင့် သက်ဆိုင်သော တရားလက်မဲ့ လုပ်ဆောင်မှု တစုံတရာကို ဖော်ထုတ်ရန် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ကဲ့သို့ ကြိုးစားခဲ့ပါက ထောင်ကျနိုင်သည်။ ရိုက်တာ သတင်းထောက်များအပေါ် တရားစွဲဆိုခြင်းသည် လူကျင့်ဝတ်အရဖြစ်စေ တရားဥပဒေအရဖြစ်စေ လက်သင့်မခံနိုင်သော အကြောင်းအရာများကို ဖော်ပြရန် သူတို့၏ ဘဝနှင့် အချိန်ကို မြှုပ်နှံထားကြသည့် အခြားသော စာနယ်ဇင်းသမားများ နောက်တွန့်သွားစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ယူဆစရာ ဖြစ်လာသောကြောင့် မကောင်းသော နိမိတ်ဆိုးတခုဟု ဆိုရပါမည်။
ရိုက်တာ သတင်းထောက်များ၏ အမှုအပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးဆောင်သည့် အစိုးရလက်ထက်၌ ပြီးခဲ့သည့် နှစ်အတွင်းတွင် ပြည်တွင်း စာနယ်ဇင်းသမား အနည်းဆုံး ၆ ဦး ဖမ်းဆီးထိန်းသိမ်း ခံရပါသည်။ ဧရာဝတီမှ သတင်းထောက် ၁ ဦး အပါအဝင်ဖြစ်သည်။ သူတို့သည် မူးယစ်ဆေးဝါးဖျက်ဆီးသည့် သ တင်းရယူရန် တားမြစ်ထားသော တိုင်းရင်းသားလူနည်းစု ဧရိယာများအတွင်းသို့ ဝင်ရောက်ခဲ့ခြင်း၊ ဒေသတွင်း အစိုးရ တခုကို သရော်စာရေးသား ထုတ်ဝေခြင်းနှင့် အမျိုးသားရေးဝါဒီ ဘုန်းတော်ကြီး တပါးကို အသရေဖျက်ခြင်း များအတွက် တရားစွဲဆိုခံရခြင်း ဖြစ်သည်။ (သူတို့ထဲမှ ၅ ဦး၏ အမှုများကို ရုပ်သိမ်းပေးခဲ့ပြီး Myanmar Now အယ်ဒီတာ ကိုဆွေဝင်း တဦးသာလျှင် ဘုန်းတော်ကြီးကို ထောက်ခံသူများက စွဲဆိုထားသည့် အမှုအတွက် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။)
အဆိုပါ ဖြစ်စဉ်ကို ကျနော်တို့ စာနယ်ဇင်းသမားများက ပြစ်တင်ရှုတ်ချပါသည်။ ကျနော်တို့၏ နှုတ်ကို ပိတ်ဆို့ရန် ကြိုးစားမှု အဖြစ် မြင်သောကြောင့် ဖြစ်သည်။
ရိုက်တာ သတင်းထောက်များကို ပြင်းထန်သော ဥပဒေတခုဖြင့် တရားစွဲခြင်းက အာဏာပိုင်များသည် ဝေဖန်သော အသံများကို တိတ်ဆိတ်စေရန် ရည်ရွယ်ကြောင်း ဖော်ပြနေသည့် သင်္ကေတ ဖြစ်သည်ဟု Amnesty International က ပြောသည်။
“ထုတ်ပြောရင် အလေးထားရမယ့် နောက်ဆက်တွဲတွေ ရှိနေတယ်လို့ တခြား ပြည်တွင်း စာနယ်ဇင်းသမားတွေကို သတိပေးခြင်းလည်း ဖြစ်ပါတယ်” ဟု Amnesty International ၏ ပဋိပက္ခ တုန့်ပြန်ရေး ဒါရိုက်တာ Tirana Hassan ကပြောသည်။
ဥပဒေရှုထောင့်မှ ကြည့်မည်ဆိုလျှင် သတင်းထောက်များက အမှားအယွင်း တစုံတရာ ပြုလုပ်ခဲ့ကြောင်း တရားခွင်တွင် ကြားနာစစ်ဆေးခဲ့သည့် ၆ လတာ ကာလအတွင်း ယုံကြည် လက်ခံနိုင်လောက်သည့် သက်သေ အထောက်အထား ပြသ နိုင်ခဲ့ခြင်း မရှိပါ။
သတင်းထောက်များကို ဖမ်းဆီးသည့် အဖွဲ့တွင် ပါဝင်ခဲ့သော ဒုရဲအုပ်တဦးက ထွက်ဆိုခဲ့သော ဖမ်းဆီး သည့်နေရာသည် ရဲတပ်ဖွဲ့က တရားရုံးသို့ သက်သေအဖြစ် တင်သွင်းထားသော မြေပုံနှင့် ကွဲလွဲ ဆန့်ကျင်နေခဲ့သည်။ ဖမ်းဆီးသည့် အဖွဲ့တွင် ပါဝင်ခဲ့သော နောက်ထပ် ရဲအရာရှိတဦးကလည်း ထိုစဉ်က သူရေးမှတ်ခဲ့သော မှတ်စုများကို မီးရှို့ ပစ်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။ သို့သော်လည်း မည်သည့်အတွက်ကြောင့် ထိုသို့ ပြုလုပ်ရသည်ကို ပြောဆို ခြင်းမရှိပါ။ ပို၍ အရေးကြီးသည်မှာ ဖမ်းဆီးမှုသည် ကြိုတင်စီစဉ်ထားသည့် ထောင်ချောက်ဖြစ်ကြောင်း ထွက်ဆိုခဲ့သော ရဲအရာရှိ တဦးကို သတင်းထောက်များနှင့် တွေဆုံခဲ့ခြင်းအတွက် ထောင်ဒဏ် ၁ နှစ် အလျှင်အမြန် ချမှတ်ခဲ့သည်။ တရားလိုပြအဖြစ် စာရင်းတင်ထားသော အခြားရဲတပ်ကြပ်ကြီးတဦးကိုလည်း ရုံးတော်သို့ ထုတ်မလာတော့ဘဲ စာရင်းမှ ပြန်ဖယ်ပစ်ခဲ့သည်။
သတင်းထောက်များ၏ ရှေ့နေ ဦးသန်းဇော်အောင်၏ စကားအရ အတိုချုပ် ပြောရလျှင် ခိုင်မာသော သက်သေ အထောက် အထားမရှိဘဲ သူတို့ကို တရားစွဲဆိုသည်ကို မြင်ရခြင်းက စိတ်ပျက်စရာ ဖြစ်သည်။
ဇူလိုင်လ ၉ ရက်နေ့ ဆုံးဖြတ်ချက်နောက်ပိုင်းတွင် International Commission of Jurists က “တရားစီရင်ရေးစနစ် ကို ပြုပြင်ပြောင်းလဲရန်နှင့် အများပြည်သူ၏ ယုံကြည်လက်ခံမှု တည်ဆောက်ရန် အစိုးရ၏ ကတိကဝတ်များကို ဤ အမှုက သိသိသာသာပင် ထိခိုက်နစ်နာစေပါသည်” ဟု ပြောဆိုခြင်းက အံ့သြစရာ မဟုတ်ပါ။
တနိုင်ငံလုံး အနေဖြင့်ကြည့်မည်ဆိုလျှင် သူတို့၏ စုံစမ်းဖော်ထုတ်မှုအတွက် သတင်းထောက်များ သံတိုင်များ၏ နောက်သို့ ရောက်နေသည်ကို မြင်ရခြင်းက ရှက်စရာ ဖြစ်သည်။ အထူးသဖြင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရ သည့် အစိုးရလက်ထက်တွင် ဖြစ်သည်။
ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ အတွက် အမှန်တရားက နောက်ဆုံးတွင် ပေါ်ထွက် လာရမည် ဖြစ်သည်။ သို့သော် လက်ရှိအချိန်တွင် ကျနော်တို့အားလုံးနှင့် သူ၏ မိသားစုအတွက် သတင်းထောက်များကို လက်ထိပ်နှင့်မြင်ရခြင်းက နာကျင်စရာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အစိုးရက စာနယ်ဇင်း လွတ်လပ်ခွင့်၏ စံနှုန်းများနှင့် ဓာတ်မတည့်ကြောင်း ပြနေသည့် ပုံရိပ်တခုလည်း ဖြစ်ပါသည်။
(အင်္ဂလိပ်ဘာသာဖြင့် Charges Against Reporters Meant to Muzzle Press တွင် ဖတ်ရှုပါ။)