အယ်ဒီတာ့အာဘော်

တောဝက်ကလေးများ ပေးတဲ့ ပျော်စရာ ဇာတ်သိမ်း

Want create site? Find Free WordPress Themes and plugins.

တောဝက်ကလေးများဟု ရေပန်းစားနေသည့် လူငယ်ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြကို ကယ်ဆယ်ရာတွင် ထိုင်းနိုင်ငံသည် လေးစားဖွယ် ပြောင်မြောက်သော အလုပ်ကို လုပ်ဆောင် နိုင်ခဲ့သည်။

ပျောက်ဆုံးနေသော ကလေးများကို ရှာဖွေရန် ကြည်းတပ်၊ ရေတပ်၊ လေတပ်တပ်ဖွဲ့ဝင်များ၊ အစိုးရ အရာရှိများနှင့် စေတနာဝန်ထမ်းများကို ထိုင်းအာဏာပိုင်များ မည်သို့ အလျှင်အမြန် ဖြန့်ကျက် ဆက်စပ်လှုပ်ရှားခဲ့ပုံအား တွေ့ရသည်မှာ အံ့ဩချီးမွမ်းဖွယ်ရာဖြစ်သည်။

မြန်မာနိုင်ငံ တာချီလိတ် တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အနီး ထမ်လုံလှိုဏ်ဂူတွင် တပ်ဖွဲ့များကို စုစည်းထားရှိသောအခါ ညှိနှိုင်းဆောင်ရွက်မှု၊ အဖွဲ့လိုက်လုပ်ဆောင်မှုနှင့် ဇွဲကောင်းသော စိတ်ဓာတ်မှာ အထင်ကြီးလေးစားစရာ ကောင်းလှပြီး ထိုင်းလူမျိုးတို့၏ သဘာဝ အပြုံးနှင့် ခံနိုင်ရည်ကို ပြသရင်း ကယ်ဆယ်ရေး လုပ်ငန်း အဆင့်ဆင့်ကို နိုင်ငံတကာ အသိုင်းအဝန်းက ရင်တမမ စောင့်ကြည့်ခဲ့ကြရသည်။

ထိုင်းတို့သည် ပြည်ပမှ ကျွမ်းကျင်သူများနှင့် ဂူတွင်းရေငုတ်သမားများကို တံခါးဖွင်ပေးခဲ့ပြီး ထိုင်းရေတပ် အထူးတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်စေခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ညှိနှိုင်းညွှန်န်ကြားရာတွင် ခေါင်းဆောင်မှု ကျွမ်းကျင်မှုကို ပြသခဲ့သော ခရိုင်အုပ်ချုုပ်ရေးမှူး နာရောင်ဆက် အိုဆော့သန်ကွန်းကိုလည်း အသိအမှတ်ပြုရမည်ဖြစ်သည်။

ကယ်ဆယ်ရေးလုပ်ငန်းများကို မလှမ်းမကမ်းမှ အနီးကပ်စောင့်ကြည့်နေသော မြန်မာနိုင်ငံသားများကမူ ထိုကဲ့သို့သော အရေးပေါ်အခြေအနေမျိုး မြန်မာနိုင်ငံတွင်သာဖြစ်ခဲ့လျှင် ကလေးများ၏ ကံကြမ္မာ မည်သို့ရှိမည်နည်းဟု မေးခွန်းများ ထုတ်ကြသည်။

ထင်ရှားကျော်ကြားသော ရှမ်းဆရာတော်ဖြစ်သည့် မိုင်းဖုန်းဆရာတော်သည် ထမ်လုံဂူသို့ သုံးကြိမ်တိုင်တိုင် ကြွရောက်ပြီး ဘာသာရေး ထုံးတမ်းစဉ်လာများ စီမံပေးခဲ့သောကြောင့် မြန်မာနိုင်ငံ၏ အကူအညီမှာလည်း ထူးခြားသည်ဟု ဆိုရမည် ဖြစ်သည်။ ဆရာတော်၏ ကြားဝင်ဆောင်ရွက်ပေးမှုကြောင့် မိုးရပ်သွားသည်ဟု ထိုင်းအများအပြားယုံကြည်ကြသည်။ သို့သော် ကလေးများကို ကယ်ဆယ်သည့် အန္တရာယ်ကြီးမားလှသော လုပ်ငန်းကို ဆောင်ရွက်ရသည်မှာ ထိုင်းရေတပ် အထူးတပ်ဖွဲ့ဝင်များဖြစ်သည်။

တောဝက်အသင်း ကယ်ဆယ်ရေး သတင်းကြောင့် ထိုင်း-မြန်မာ နယ်စပ်ဒေသရှိ နိုင်ငံမဲ့ ဖြစ်နေသော တောင်ပေါ်သား တိုင်းရင်းသားလူမျိုးစုတို့၏ ဘဝအခြေအနေကို လူအများ သိလာခဲ့ကြရသည်။

ရှမ်းပြည်နယ်စပ် ထိုင်းနိုင်ငံမြောက်ပိုင်းရှိ တောင်ပေါ် တိုင်းရင်းသား မိသားစုများမှ ဆင်းသက်လာကြသည့် ကစားသမားများဖြစ်သော ပွန်ချိုင် ကမ်လုံ၊ အဒူ ဆမ်အွန်နှင့် နည်းပြ အက်ကာပိုလ် ချန်တဝေါင် တို့သည် နိုင်ငံမဲ့များ ဖြစ်ကြပြီး ထိုင်းနိုင်ငံသား မှတ်ပုံတင်များ မရှိကြပေ။

ထိုင်း-မြန်မာ နယ်စပ်တကြောရှိ တိုင်းရင်းသား ကလေးအများအပြားသည် ထိုသို့သော နယ်စပ်ဖြတ်ကျော် ဘဝများတွင် ရေနထိုင်ကြရပြီး အချို့မှာ ထိုင်းကျောင်းများတွင် ပညာဆည်းပူးကြရသည်။ အချို့ကလေးများသည် ဆင်းရဲနွမ်းပါးမှုနှင့် မပြီးဆုံးသေးသော လက်နက်ကိုင် ပဋိပက္ခများကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာသွားကြရသည်မှာလည်း အမှန်ပင်ဖြစ်သည်။

မည်သို့ဆိုစေ တောဝက်အသင်းကို ကယ်ဆယ်ရေးတွင် နိုင်ငံသား ဖြစ် မဖြစ်က အဓိက မဟုတ်၊ လူ့အသက်များကို ကယ်ဆယ်နိုင်ရေးက ပဓာနဖြစ်သည်။ လူသားဆန်မှုကသာ အဖြစ်အပျက်တခုလုံးကို ဖုံးလွှမ်းထားခဲ့သည်။

၁၇ ရက်ကြာ ကယ်ဆယ်ရေးလုပ်ငန်းမှာ သေရေးရှင်ရေးဖြစ်သည်။ နေ့စဉ်မျှော်လင့်ချက်များ ပေါ်လာလိုက် ပျောက်ကွယ် သွားလိုက်ဖြစ်ခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းများကို ခက်ခဲသော အခြေအနေများတွင် ဆောင်ရွက်ခဲ့ရသည်။

ကယ်ဆယ်ရေး အားထုတ်မှုအတွင်း အသက် ၃၈ နှစ်အရွယ် ထိုင်းရေတပ်အထူးတပ်ဖွဲ့ဝင် ဆမန် ဂနန်သေဆုံးရသည်ဟု သိရချိန်တွင် ကလေးများ ဂူအတွင်းမှ အသက်ရှင်လျှက် ပြန်ထွက် မလာနိုင်မည်ကို အားလုံးစိုးရိမ်ခဲ့ကြရသည်။ သို့သော် မျှော်လင့်ချက်ကို ဖက်တွယ်ထားခဲ့ကြသည်။

ကံကြမ္မာသည် တောဝက်လေးများဘက်တွင် ရှိနေခဲ့သည်။ ကယ်ဆယ်ရေးလုပ်ငန်းသည် ဟောလီးဝုဒ် ရုပ်ရှင်သဖွယ် အဆုံးသတ်ပြီး ကလေးများနှင့် ကယ်ဆယ်ရေးသမားများမှာ အောင်နိုင်သူများဖြစ်လာကာ လူသားတိုင်း ပျော်ရွှင်မှု ပီတိများကို နောက်ဆုံးတွင် မျှဝေခံစားကြရသည်။ ကမ္ဘာလောက တခုလုံး ထိုကလေးများနှင့် ဆက်စပ်သွားပြီး နိုင်ငံရေးအရ သွေးကွဲပြီး မရေရာသော ကမ္ဘာတွင် စိတ်အားတက်ဖွယ် အကြောင်းအရာကို မျှဝေခံစားခဲ့ကြသည်။ ဖြစ်နိုင်ခြေ မရှိဟု ထင်ရသော အခြေအနေများတွင် စွမ်းဆောင်နိုင်သူများ ရှိနေပါသည်။

အောင်မြင်သော ကယ်ဆယ်ရေးလုပ်ငန်များအပြီးတွင် အမျိုးသားသူရဲကောင်းဖြစ်လာသူ ချင်းရိုင်ခရိုင် အုပ်ချုပ်ရေးမှူး နာရောင်ဆက်က ထိုကလေးများသည် လူသားများ ညီညွတ်မှု၏ သင်္ကေတဟုပြောသည်။” ရည်ရွယ်ချက်က ကလေးဘောလုံးအသင်းကို ကယ်ပြီး အိမ်ပြန်ပို့ဖို့သာ ဖြစ်တာမို့ လူမျိုးဘာသာ အရေးမထားဘဲ အားလုံး ပူးပေါင်းဆောင်ရွက်ခဲ့တယ်” ဟု သူက ပြောသွားခဲ့သည်။

ပျော်ရွှင်ဖွယ် နိဂုံးကို ဆောင်ကျဉ်းပေးခဲ့ပြီး မဖြစ်နိုင်ဟု ထင်ရသော ဖြစ်ရပ်တခုအား မြန်မာနိုင်ငံနှင့် အခြားဒေသများမှ ပရိသတ်များအတွက် ဖြစ်ရပ်ဖြစ်ပွားရာ နေရာမှ တိုက်ရိုက်ထုတ်လွှင့်ပေးနိုင်ခဲ့သော ဧရာဝတီ သတင်းဌာနအနေဖြင့်လည်း တထောင့်တနေရာက ပါဝင်ခဲ့ရသဖြင့် ကြည်နူးပီတိဖြစ်ရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading