အယ်ဒီတာ့အာဘော်

နွားသိုးကို နဖားကြိုး ထိုးနိုင်မလား

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း လူပြောအများဆုံး သတင်းများထဲတွင် အမေရိကန် ၁ ဒေါ်လာနှင့် လဲလှယ်နှုန်း မြန်မာငွေ ၁၅၀၀ ကျော်ထိ အတက်ကြမ်းခဲ့ခြင်းက ထိပ်ဆုံးက ပါသည်။ အမေရိကန် ဒေါ်လာ ဈေးနှုန်း အတက်ကြမ်းနေမှုမှာ မြန်မာနိုင်ငံအနေနှင့် ငွေကြေး ဖောင်းပွမှု၊ ကုန် ဈေးနှုန်းမြင့်တက်မှု သာမက သွင်းကုန် လုပ်ငန်းရှင်များ အတွက် အကြပ်ရိုက်စရာ အခြေအနေ တခု ကြုံတွေ့ နေခဲ့ရသည်။ ပြည်တွင်းသို့ တင်သွင်းရသည့် စက်သုံးဆီ၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်း၊ စားသုံးဆီ၊ ဆေးဝါး၊ လူသုံးကုန် ပစ္စည်း၊ စားသုံးကုန်ပစ္စည်း အစရှိသည့် ဈေးနှုန်းများ မြင့်တက်လာစေခဲ့သည်။ ငွေလဲလှယ်နှုန်း အလှုပ်အရမ်း များမှုကို တည်ငြိမ်အောင် မထိန်းနိုင်လျှင် လူမှု မတည်မငြိမ် ဖြစ်မှုများဆီ ဦးတည်နိုင်ကြောင်း စိုးရိမ်သံများ ပေါ်ထွက်လာစေခဲ့သည်။

ဗဟိုဘဏ်မှ နိုင်ငံခြားငွေ ဝယ်/ရောင်းရာ၌ အတိုးအလျော့ သတ်မှတ်ချက်အား ဖျက်သိမ်းပစ်လိုက်ခြင်းသည် အပြောများနေသော်ငြား သူ့ဘာသာ လည်ပတ်နေသော ဈေးကွက်ပေါက်ဈေးအား ထိန်းချုပ်လိုခြင်း မရှိတော့ကြောင်း ပြသခြင်းမှ လွဲ၍ ဘာမှမဟုတ်ပေ။ ဒေါ်လာဈေး မာခြင်း၏ အဓိက အကြောင်းရင်းသည် အမေရိကန်နှင့် တရုတ်တို့ကြား ကုန်သွယ်ရေးစစ်ပွဲဆီ ဦးတည်နေသော စီးပွား ကူးသန်းမှု ဆက်ဆံရေး တင်းမာမှုကြောင့် ဖြစ်သည်။ ထို့ကြောင့် တရုတ်ကိုယ်စားလှယ်အဖွဲ့တဖွဲ့သည် အမေရိကန် ပြည်ထောင်စုသို့ သြဂုတ်လအတွင်း သွားရောက်မည်ဟူသော သတင်းများ ထွက်ပေါ်လာခြင်းကြောင့် ၁၃ နှစ်အတွင်း အမြင့်ဆုံး ဖြစ်နေသော အမေရိကန်ဒေါ်လာဈေး သြဂုတ်လ ၁၆ ရက်နေ့တွင် ပြန်လည်ကျဆင်းသွားသည်။ ထိုသတင်းသည် တပတ်ကြာမျှ အပြင်းအထန် စိတ်ပူပန်နေကြသော မြန်မာနိုင်ငံ ဗဟိုဘဏ်အပါအဝင် သွင်းကုန်သမားများကိုလည်း စိတ်သက်သာရာ (ယာယီအားဖြင့် ဖြစ်စေ) ရသွားစေခဲ့သည်။

ဒေါ်လာဈေးမှာ ယခုနှစ် ဇွန်လ ၁ ရက်၌ ၁၃၄၄ ကျပ် ရှိခဲ့ရာမှ သြဂုတ်လအထိ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ၃ လ အတွင်း ၁၅၀၀ ကျော်အထိ စံချိန်တင် တက်လာခဲ့သည်။ ဈေးမာလာနေသော ဒေါ်လာဈေး ထပ်တက်မည်ကို စိုးရိမ်ပူပန်မှုများဖြစ်လာပြီး လူအများအပြားက ပြည်တွင်းဈေးကွက်ရှိ ဒေါ်လာများကို ဝယ်ယူနေကြခြင်းကလည်း ဝယ်လိုအား စောင့်တက်သွားပြီး ပြင်ပဈေးကွက်တွင် ပြီးခဲ့သည့်အပတ်က မြန်မာ ကျပ်ငွေ ၁၅၆၀ ထိ ဈေးမြောက်ခဲ့သည်။ ဈေးကွက်ထဲ ဒေါ်လာ ရှားသွားခဲ့သည်။ ကျပ်ငွေများ ပုံလာနေခဲ့သော ဘဏ်များကလည်း ဒေါ်လာရောင်းပေးရန် ငြင်းဆန်သည်အထိ ရှိခဲ့သည်။

မြန်မာနိုင်ငံသည် လူသုံးကုန်ပစ္စည်း အများအပြား တင်သွင်းသည့်အပေါ် အားကိုးအားထားပြုနေရသည့် အတွက် ဒေါ်လာ ဈေးတက်သည့်အခါ နိုင်ငံခြားငွေဖြင့် နိုင်ငံအတွင်းသို့ တင်သွင်းရသည့် ကုန်စည်များပါ ဈေးတက်လာမည့် အနေအထားဖြစ်သည်။ တပူပေါ် နှစ်ပူဆင့်ဆိုသလို မြန်မာနိုင်ငံ အောက်ပိုင်းတကြော ရေကြီးရေလျှံမှု ဖြစ်ပွားနေမှုများက ဆန်အပါအဝင် ပြည်တွင်းမှ ထွက်ရှိသည့် စားသောက်ကုန်စည် ဈေးနှုန်းများကို တွန်းတင်နေသည်။

ဗဟိုဘဏ်နှင့် အစိုးရက ဈေးကွက် ဖိအားများကို အထိုက်အလျောက် တုံ့ပြန်သည်။ ဇူလိုင်လ ၂၇ ရက်မှ စပြီး နိုင်ငံခြားငွေ ဈေးပြိုင် တင်ဒါတွင် ဘဏ်များအား နိုင်ငံခြားငွေ ရောင်းချ ပေးနေခဲ့သော်လည်း လိုသလောက် မဟုတ်၊ ဘဏ်ပိတ်ရက်မတိုင်မီ သောကြာနေ့တွင် ဝယ်အားက သန်းများစွာ ရှိသော်လည်း ဒေါ်လာ ၁၀၀၀ သာ ရောင်းပေးသည်။ ဗဟိုဘဏ်အနေဖြင့် ဘဏ်များကို ဒေါ်လာ ရောင်းချပေးခြင်းအစား ကျပ်ငွေ အပေါင်ခံစနစ်ဖြင့် ဒေါ်လာထုတ်ချေးရန် ပြင်ဆင်လာခဲ့သည်။ အစိုးရကလည်း ဒေါ်လာငွေ ပြည်ပသို့ ထွက်နေခြင်းကို ထိန်းချုပ်သည့်အနေဖြင့် သကြားနှင့် ဒီဇယ်ကို တရုတ်နိုင်ငံ တင်ပို့ရန် မြန်မာနိုင်ငံသို့ တဆင့်ခံ တင်သွင်းမှုအား ယာယီရပ်ဆိုင်းပစ်ခဲ့သည်။ ရေဘေးဒုက္ခသည်များအတွက် ဆန်အထောက်အပံ့ အာဆီယံနိုင်ငံများထံမှ တောင်းခံရန်လည်း အစိုးရက စဉ်းစားနေသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရသက်တမ်းအတွင်း မက်ခရိုစီးပွားရေး တည်ငြိမ်လာကာ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်း တည်ငြိမ်လာစေခဲ့သော်လည်း ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဖြစ်ခဲ့သည်များက ဗဟိုဘဏ်နှင့် အစိုးရသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ဖိအားများကို တုံ့ပြန်ရန် အားနည်းနေသေးကြောင်း သက်သေပြချက်ဖြစ်သည်။ ရှေ့လာမည့် တရုတ်- အမေရိကန် ကုန်သွယ်ရေး ဆွေးနွေးပွဲများ အောင်မြင်မည် မအောင်မြင် ဆိုသည်မှာ အာမခံချက် မရှိသောကြောင့် အမေရိကန် ဒေါ်လာ ငွေလဲနှုန်းသည် လတ်တလော ခဏသာ ရပ်တန့်နေခြင်းမျှလည်း ဖြစ်နိုင်ကြောင်း သတိရှိရမည်။

ယခု လာမည့်အပတ်အတွင်း ဘာထပ်ဖြစ်မည်နည်း။ ကျပ်ငွေတန်ဖိုး စံချိန်တင် ကျဆင်းသွားချိန်တွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ အထူးစီးပွားရေးအကြံပေး ဩစတြေးလျ ဘောဂဗေဒ ပညာရှင် ရှောင်တာနဲက ကျပ်ငွေ တန်ဖိုးကျဆင်းခြင်းသည် ပြဿနာ မဟုတ်ဘဲ စိတ်အေးအေးထားရန် ပြောဆိုခဲ့သည်။ သူက ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန် သမ္မတ ဖြစ်သူ ရုစဗဲ့ကို ကိုးကားပြီး “ကြောက်ရွံ့ထိတ်လန့်ခြင်းသည်သာ အမှန်တကယ် ဆန့်ကျင်ရမည် အရာဖြစ်သည်” ဟု ရေးသားသည်။

သို့သော် မြန်မာ ပါးစပ်ရာဇဝင်တွင်မူ အင်အားချည့်နဲ့နေသော သရေခေတ္တရာသည် ငါ့စကောတပ်ကြီး ချီလာပြီဟူသော ကောလဟလကြောင့် ပျက်စီးသွားခဲ့ရပုံကို သူ မသိချေ။ ကောလဟလဖြင့် ဝရုန်းသုန်းကား မဖြစ်စေလိုလျှင် ငွေကြေးဖောင်းပွမှု၊ ရသုံးမှန်းချေ၊ အစိုးရ ဘတ်ဂျက်၊ နိုင်ငံအတွင်း သုံးစွဲနေသော ငွေကြေးပမာဏ၊ လပတ် ဖွံ့ဖြိုးမှုနှုန်း၊ တအိမ်ထောင် ဝင်ငွေနှင့် အသုံးစရိတ် စစ်တမ်း၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ သွင်းကုန် ထုတ်ကုန် စာရင်းနှင့် နိုင်ငံခြား ရန်ပုံငွေစသည့် နိုင်ငံ့စီးပွားရေးနှင့် သက်ဆိုင်သော အချက်အလက်များကို ဗဟိုဘဏ်အနေဖြင့် အများပြည်သူအတွက် လက်လှမ်းမီစေပြီး အချိန်နှင့် တပြေးညီ ထုတ်ပြန်ပေးရေးက အဓိက ကျမည်။

ကျပ်ငွေသည် ငွေဖြစ်လွယ်ခြင်း သိပ်မရှိဘဲ နယ်စပ်ကုန်သွယ်ရာတွင် သက်ဆိုင်ရာနိုင်ငံများ၏ ငွေများဖြင့်သော်၎င်း၊ အမေရိကန်ဒေါ်လာဖြင့် ငွေလဲကောင်တာများတွင်၎င်း လဲလှယ်နိုင်သေးခြင်းအား ဒေသတွင်း အခြားနိုင်ငံ ငွေကြေးများ တကမ္ဘာလုံးရှိ ငွေမာများ အားလုံးနှင့် ချိတ်ဆက် လဲလှယ်နိုင်သကဲ့သို့ အဆင့်ထိ ကျပ်ငွေကို အာမခံနိုင်စွမ်း ရှိလာစေရန် လိုမည်။ ကျပ်ငွေ လူတောပြန်ဝင်လိုလျှင် အစိုးရ အဆက်ဆက်နှင့် ဗဟိုဘဏ် အဆက်ဆက်တို့က တိုင်းပြည်စီးပွားကို ကြွယ်ဝလာစေရမည်လည်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုမှု ဖြစ်စဉ်မှ တံခါးပိတ် ခွဲထွက်ကာ ပုံစံတကျ မဟုတ်ခဲ့သော အစွန်အဖျား မြန်မာ့ ဈေးကွက်၏ သဘောသဘာဝမှာ လွတ်လပ်မှုကို ကြိုက်သည်၊ ရိုင်းသည်၊ ကြမ်းသည်။ နွားရိုင်းလိုပင်။ ဗဟိုဘဏ်နှင့် အစိုးရတို့ နွားသိုးကို နဖားကြိုး ထိုး၍ ယဉ်ပါးအောင် လုပ်နိုင်မည်လော။

Did you find apk for android? You can find new Free Android Games and apps.
Loading