မြန်မာ့ အကူးအပြောင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အကြီးမားဆုံးသော စိန်ခေါ်မှု တခုမှာ ရခိုင်ပြည် မြောက်ပိုင်းပြဿနာပင်။ ကမ္ဘာ့မီဒီယာများတွင် မြန်မာနိုင်ငံ၏ ပုံရိပ်ကို အဆိုးမြင်စေခဲ့သော ဘင်္ဂလားဒေ့ရှ် နယ်ခြားသို့ လူ ၇ သိန်းကျော် ဆင်းရဲခြင်း ကြီးစွာ ထွက်ပြေးခဲ့ကြခြင်းက ကုလသမဂ္ဂ လုံခြုံရေးကောင်စီထိ ရောက်ခဲ့ရပြီး အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က မြန်မာ့တပ်မတော် အရာရှိကြီးများအား အရေးယူပိတ်ဆို့မှု စာရင်းသွင်းခဲ့ကြသည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်ထားသော ဂုဏ်ထူးဆောင် ဘွဲ့များလည်း တခုပြီး တခု ပြန်ရုပ်သိမ်းခံရကာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံးတွင် တရားရင်ဆိုင်နိုင်ဖွယ်ကိုလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရက တုံ့ပြန်ချေပနေရသည်။
“လူမျိုးစု ရှင်းလင်းသုတ်သင်ရေး”ဟု စွပ်စွဲခံရသည်အထိ လူအမြောက်အမြား ထွက်ပြေးကြရခြင်းကို ဖြစ်ပေါ်စေသော မြန်မာ့တပ်မတော်၊ အခြား လုံခြုံရေးတပ်ဖွဲ့များနှင့် ဒေသခံ အရပ်သားများ ပါဝင်သော “အကြမ်းဖက်မှု နှိမ်နင်းရေး” တန်ပြန် စစ်ဆင်ရေးများမှာ ၂၀၁၇ ခုနှစ် ဩဂုတ်လ ၂၅ ရက်နေ့တွင် တပ်စခန်းတခု အပါအဝင် ရဲစခန်းနှင့် ရဲကင်း ၃၀ ကျော် တပြိုင်နက်တည်း ဝင်ရောက် တိုက်ခိုက်ခံရအပြီး ဖြစ်သည်။ လက်သည် တရားခံ ARSA အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ်ဖွဲ့ဝင်များသည် ဟိန္ဒူ ဘာသာဝင်များ၊ မြိုနှင့် ရခိုင် တိုင်းရင်းသား အရပ်သားများကိုလည်း ပစ်မှတ်ထား တိုက်ခိုက်ခဲ့ကြသောကြောင့် ဒေသတွင်း အပြန်အလှန် မုန်းတီးမှုနှင့် အကြောက်တရားက နက်ရှိုင်း ကျယ်ပြန့်သွားသည်။
ARSA သည် ၂၀၁၆ ခုနှစ် သြဂုတ်လက ဟာရာကားရ် အယ်လ်ယာကင် Harakah al-Yaqin (ယုံကြည်ချက် လှုပ်ရှားမှု) အမည်ဖြင့် ပထမဆုံး ပေါ်ထွက်လာခဲ့သည့် အဖွဲ့ကို အမည်ပြောင်းလဲထားခြင်း ဖြစ်ပြီး အဖွဲ့၏ အစောပိုင်း ကြေညာချက်များတွင် ဘာသာရေးစစ်ပွဲ ဆင်နွဲရန် ပြောဟောမှုများကို ထောက်ခံခဲ့သည်။ ARSA အဖွဲ့သည် ဩဂုတ်လက ဟိန္ဒူ အမျိုးသမီး၊ အမျိုးသားနှင့်ကလေး ၉၉ ဦးအထိ သတ်ဖြတ်ခဲ့ပြီး ဟိန္ဒူများကို နောက်ထပ် သတ်ဖြတ် ဖမ်းဆီးမှုများလည်း ကျူးလွန်ခဲ့သည်။ ARSA ကို အိုင်အက်စ်အဖွဲ့ဘက်မှ ထောက်/ပို့နှင့် စစ်သင်တန်းများ ပေးနေပြီး ပါကစ္စတန် အစွန်းရောက် လက်စကာ အီ တိုင်ဘာ Lashkar-e-Taiba အကြမ်းသမားများသည်လည်း ARSA တပ်ကို စစ်သင်တန်းပေးရာတွင် ပါဝင်ပတ်သက်နေကြောင်း အိန္ဒိယ ထောက်လှမ်းရေးများက ယုံကြည်နေသည်။
လျှို့ဝှက်သည့် လက်နက်ကိုင် အဖွဲ့အစည်းတခု ဖြစ်သည့် ARSA သည် ပြီးခဲ့သည့် ၆ လအတွင်း ၎င်းဝါဒဖြန့်ချိရာ ဆိုရှယ်မီဒီယာတခုဖြစ်သည့် တွစ်တာတွင် သတိပြုစရာ ကောင်းလောက်အောင် ငြိမ်သက်နေခဲ့သည်။ ယင်းသည် ရိုဟင်ဂျာခေါ် ဘင်္ဂလီအရေး လှုပ်ရှားတက်ကြွသူများက ARSA မရှိကြောင်း ငြင်းဆိုလာနေမှုနှင့်လည်း သံသယရှိဖွယ် တိုက်ဆိုင်နေသည်။ ဇူလိုင်လအတွင်း အိန္ဒိယ-မြန်မာနယ်စပ်တွင် ကင်းလှည့်နေသော အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များနှင့် ARSA တပ်ဖွဲ့ဟု ယုံကြည်ရသော လက်နက်ကိုင်များ ထိတွေ့မှုတခု ဖြစ်ပွားပြီး အိန္ဒိယနယ်စပ်အနီး မြန်မာဘက်ခြမ်းတွင် အခြေစိုက်စခန်းများ တည်ဆောက်ရန် နေရာရှာဖွေလျက် ရှိကြောင်း သတင်းပေါ်ထွက်ခဲ့သည်။ မည်သို့ဆိုစေ ယင်းအဖွဲ့၏ ခြိမ်းခြောက်မှုက လျော့ကျ မသွားသေးဘဲ ရခိုင်ပြည် မြောက်ပိုင်း လုံခြုံရေးကို နှစ်ပတ်လည်နေ့မတိုင်မီ တိုးမြှင့်ထားခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကလည်း စင်ကာပူခရီးစဉ်အတွင်း အကြမ်းဖက်မှု အန္တရာယ် ရှိနေသေးကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုသို့ အကြမ်းဖက်မှု နှိမ်နင်းရေးအတွက် မြန်မာ စစ်ဖက်က ဆောင်ရွက်ခြင်းသည် တရားဝင်သည်ဆိုနိုင်သော်ငြား တရားလက်မဲ့ လက်လွန်ခြေလွန် လုပ်ဆောင်မှုများကလည်း ဒုက္ခသည် ၇၀၀၀၀၀ နီးပါး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ထွက်ပြေးစေခဲ့သည်။ ထိုဒုက္ခသည်များကလည်း လုံခြုံရေးတပ်များ၏ အငြင်းပွားဖွယ်ရာ သတ်ဖြတ်၊ နှိပ်စက်၊ အဓမ္မပြုကျင့်ခံရသည်ဟု စွပ်စွဲပြောကြားခဲ့ကြတော့သည်။ ARSA ကလည်း ပိုမို၍ ခေတ်မီသော ပြည်သူ့ ဆက်ဆံရေး ဗျူဟာကို လပေါင်းများစွာ အားထုတ်ခဲ့သည်။ အနောက်တိုင်း စာနယ်ဇင်းသမားများကို ပစ်မှတ်ထား၍ Twitter တွင် အင်္ဂလိပ်ဘာသာဖြင့် ကြေညာချက်များကို ထုတ်ပြန်ခဲ့သည်။ ရခိုင် တိုင်းရင်းသားများနှင့် ငြိမ်းချမ်းစွာ နေထိုင်လိုကြောင်း အလယ်အလတ်ကျသည့် သတင်းစကားများကို ထုတ်ပြန်ရင်း ‘လူသားမျိုးနွယ်ကို ဆန့်ကျင်သည့် ကာလရှည် ရာဇဝတ်မှုများ အဆုံးသတ်ရေး” အကူအညီပေးရန် ကုလသမဂ္ဂကို တောင်းဆိုခဲ့သည်။
မြန်မာအစိုးရသည် မီဒီယာများကို ပဋိပက္ခ ဖြစ်ပွားနေသော ရခိုင်ပြည်နယ်သို့ သွားလာခွင့် ပိတ်ပင်ခြင်းနှင့်အတူ နိုင်ငံတကာ မီဒီယာသည် တခုတည်းသော သတင်းရယူနိုင်စရာ ကော့စ်ဘဇားမှ သတင်းရင်းမြစ်များ ပြောသမျှ ရေးသားတော့သည်။ နိုင်ငံတကာ မီဒီယာများတွင် ပုံကြီးချဲ့ထားသော၊ အထင်မှားစေသော သတင်းများ မကြာခဏ ဖော်ပြကြပြီး “ရိုဟင်ဂျာ” ထောက်ခံသူများကလည်း ဆိုရှယ်မီဒီယာတွင်၊ ပုံကြီးချဲ့မှုများ၊ အပြည့်အဝမမှန်သည့် သတင်းများ၊ လုပ်ကြံဖန်တီးထားသည့် ဗီဒီယိုများ နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လူ့အခွင့်အရေးချိုးဖောက်မှု ဓာတ်ပုံများကို အဆက်မပြတ် ဖော်ပြခဲ့ကြသည်။
တဖက်တွင်လည်း ရိုဟင်ဂျာ ဆန့်ကျင်ရေး လူမျိုးရေး ဘာသာရေး ခွဲခြားပြောဆိုမှု အမုန်းတရား မီးများ ဆိုရှယ်မီဒီယာပေါ်တွင် ဟုန်းဟုန်း တောက်လောင်ခဲ့ပြီး အစိုးရနှင့် တပ်မတော်တို့၏ တရားဝင် ထုတ်ပြန်ချက်များတွင်ပင် လူမျိုးရေးခွဲခြားသည့် အသုံးအနှုံးများ အသုံးပြုခြင်း၊ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းများကို လွဲမှားပုံဖော်ခြင်းတို့ကို တွေ့နိုင်သည်။ အခြေအနေသည် အလွန် ရှုပ်ထွေးသွားပြီး လွတ်လပ်စွာ စုံစမ်းဖော်ထုတ်ပြီး အခြေအနေ အမှန်နှင့် အနီးစပ်ဆုံး ကြည့်မြင်ချက်တို့က မဖြစ်နိုင်သလောက် ရှိနေခဲ့သည်။ ဘက်လိုက်ခြင်း မရှိဘဲ မျှမျှတတ ရေးသားတင်ပြမှု မှန်သမျှ ဒေါသမုန်တိုင်းအောက် နစ်မြုပ်နေခဲ့သည်။
လွတ်လပ်သော မီဒီယာမှာ သွားပုပ်လေလွင့် အပြောခံလာရပြီး အင်းဒင်ရွာအနီး မွတ်စလင် ရွာသား ၁၀ ဦးအား မြန်မာ လုံခြုံရေး တပ်ဖွဲ့ဝင်များက တရားလက်မဲ့ သတ်ဖြတ်ခဲ့မှုအပေါ် စုံစမ်းဖော်ထုတ်သူ ရိုက်တာ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့ နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီး စွဲချက်တင်ခံခဲ့ရခြင်းက စာနယ်ဇင်း လွတ်လပ်ခွင့် အန္တရာယ်ရှိ လာနေကြောင်း ရှင်းရှင်းလင်းလင်း ဖော်ပြလိုက်သည့် သင်္ကေတ ဖြစ်သည်။ သို့သော် အဆိုးထဲက အကောင်းဆိုရမလို အင်းဒင်ရွာ လူသတ်မှုတွင် ပါဝင်ခဲ့သူများကို တပ်မတော်က အလျင်အမြန် တုံ့ပြန်အရေးယူခဲ့သည်။ တချို့ ထောင်ဒဏ် ကျခံရပြီး တချို့ တာဝန်မှ ရပ်စဲခံရသည်။ အစိုးရအနေဖြင့်လည်း ကုလသမဂ္ဂ အေဂျင်စီများအား ဘင်္ဂလားဒေ့ရှ်မှ ဒုက္ခသည်များ ပြန်လည်လက်ခံ အခြေချရေး ပူးတွဲလုပ်ကိုင်ခွင့် ပေးခြင်း၊ ARSA အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ယင်းနှင့် ဆက်နွယ်သည့် ကိစ္စရပ်များကို စုံစမ်း စစ်ဆေးရေး နိုင်ငံခြားသားများ ပါဝင်သော လွတ်လပ်သည့် ကော်မရှင်ဖွဲ့ခြင်းတို့ကို လုပ်ဆောင်လာခဲ့သည်။
သြဂုတ်လ ၂၁ရက်နေ့ စင်ကာပူနိုင်ငံ Grand Hyatt ဟိုတယ်တွင် ကျင်းပသည့် “မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုဖြစ်စဉ်တွင် တွေ့ကြုံနေရသော အခက်အခဲများနှင့် ရှေ့ခရီးလမ်း” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးရာ၌ ဒေါ်အောင်ဆန်းစုကြည်က ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အကြံပြုချက် ၈၈ ချက်မှ ၈၁ချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်း ပြောဆိုသွားသော်လည်း ဒုက္ခသည်များ မည်မျှမြန်မြန်ပြန်လာနိုင်မည် ဆုံးဖြတ်ရန်မှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ တာဝန်သာဖြစ်ကြောင်း ပြောသည်။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အစိုးရများသည် ဒုက္ခသည်များပြန်လည်ပို့ဆောင်ရေးကို အနည်းဆုံး စာရွက်ပေါ်တွင် သဘောတူညီထားကြပြီးဖြစ်သည်။ သို့သော် လက်တွေ့တွင် ဒုက္ခသည်များ ပြန်လည်အခြေချရန် အလားအလာ မရှိသလောက် သို့မဟုတ် အနည်းငယ်သာ ရှိနေသည်။ ပြဿနာ၏ ရင်းမြစ်မှာ ရိုဟင်ဂျာများအဖြစ် တရားဝင် အသိအမှတ်ပြုရန် တဘက်က တောင်းဆိုနေပြီး မြန်မာအစိုးရဘက်ကမူ ရိုဟင်ဂျာ မရှိကြောင်း ပယ်ချကာ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအတိုင်းသာ ဖြစ်စေမည်ဟု ရပ်ခံထားသည်။
ဒုက္ခသည်များ မပြန်လျှင် ဘင်္ဂလားဒေ့ရှ် မည်သို့ ဆက်လက် လုပ်ဆောင်မည်နည်း။ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များ နှစ်အတန်ကြာက ပြောဖူးသော ပိုမို ကြာရှည် တည်မြဲသော နေထိုင်ရာနေရာအဖြစ် ဘင်္ဂလား ပင်လယ်အော်မှ ကျွန်းတကျွန်းပေါ်တွင် သီးသန့်ထားပေးမည်လော။ သို့သော် ထိုသို့လုပ်ဆောင်ခြင်းသည် ရေရှည်အတွက် အဖြေမဟုတ်ဟု အကူအညီပေးရေး လုပ်သားများက ယူဆကြပြီး ဘင်္ဂလားဒေ့ရှ်ကမ်းခြေမှ ကီလိုမီတာ ၃၀ ခန့်အကွာတွင် လွန်ခဲ့သော နှစ် ၂၀ ခန့်ကမှ ပေါ်ထွက်လာသော ဘာဆန်ချားကျွန်းသည် ရေလွှမ်းမိုးသည့် ဒဏ်ခံရနိုင်ခြေ မြင့်မားပြီး ဒုက္ခသည် အားလုံးကို နေရာ မပေးနိုင်ဟု ထောက်ပြကြသည်။
အခြားနည်းလမ်းမှာ ဒုက္ခသည်များ လက်ရှိ နေထိုင်ရာ ကုတုပလောင် အရပ်တလျှောက်တွင် အထူးစီးပွားရေးဇုန် ထူထောင်ရန်ဖြစ်သည်။ ထိုသို့သော အစီအစဉ်မှာ ဂျော်ဒန်နိုင်ငံ၏ နမူနာကို ယူခြင်းဖြစ်သည်။ ဂျော်ဒန်နိုင်ငံသည် ဆီးရီးယားမှ ဒုက္ခသည် ၆၅၀၀၀၀ ခန့်ကို လက်ခံထားသည်။ ဒုက္ခသည်များအတွက် အထူးစီးပွားရေးဇုန်သည် အခွန်ကင်းလွတ်ခွင့်နှင့် အခြားမက်လုံးများပေးခြင်းဖြင့် ရင်းနှီးမြှုပ်နှံမှုကို စွဲဆောင်သည်။ ထိုသို့လုပ်ခြင်းသည် အလုပ်လုပ်ခွင့်ရှိသော ဒုက္ခသည်များအတွက်သာမက ဒေသခံများအတွက်လည်း အလုပ်အကိုင် ဖန်တီးပေးနိုင်သည်ဟု လန်ဒန်ထုတ် အီးကောနောမစ် မဂ္ဂဇင်းက တင်ပြထားသည်။
ဆက်စပ်ဖတ်ရှုရန် မြန်မာ့ ပြုပြင်ပြောင်းလဲရေး သက်လုံကောင်းရဲ့လား
အကြမ်းဖက်မှုကြောင့် မြန်မာ့အပြောင်းအလဲ မကျဆုံးပါစေနှင့်