အယ်ဒီတာ့အာဘော်

အမှန်တရားကို ရွှေ့ဆိုင်းမရပါ

Want create site? Find Free WordPress Themes and plugins.

အမှုကို ကိုင်တွယ်သည့် တရားသူကြီး နေမကောင်းသောကြောင့် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ချိုးေဖောက်သည်ဟု စွပ်စွဲခံရသော ရိုက်တာ Reuters သတင်းထောက်နှစ်ဦးအတွက် စီရင်ချက်ကို ယမန်နေ့ ဩဂုတ်လ ၂၇ ရက်အစား စက်တင်ဘာလ ၃ သို့ ရွှေ့ဆိုင်းခဲ့သည်။

သို့သော် တရားမျှတမှုနှင့် အမှန်တရားကိုမူ ရွှေ့ဆိုင်းရနိုင်မည်မဟုတ်ကြောင်း မိမိတို့အနေဖြင့် ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား ပြောဆိုလိုသည်။ အမှန်တရားကို ဖေါ်ထုတ်သော သတင်းထောက်နှစ်ဦးဖြစ်သော ကိုဝလုံးနှင့် ကိုကျော်စိုးမိုးတို့သည် ၎င်းတို့၏ အလုပ်ကို ၎င်းတို့လုပ်ခြင်းသာဖြစ်ပြီး မည်သည့်ရာဇဝတ်မှုမျှ ကျူးလွန်ခြင်း မရှိကြပေ။

သံတမန်များနှင့် သတင်းသမားများသည် စီရင်ချက်ကို နားထောင်ရန် တရားရုံးတွင် စောင့်ဆိုင်းနေခဲ့ကြပြီး ကိုဝလုံး ထံမှ စကားကို ကြားသိရသောကြောင့် ဝမ်းသာဝမ်းမြောက်ဖြစ်ကြသည်။

“ကျနော်တို့ မကြောက်ဘူး၊ မတုန်လှုပ်ဘူး။ အမှန်တရားက ကျနော်တို့ဖက်မှာရှိတယ်။ ဘယ်လိုအခြေအနေနဲ့ပဲ ရင်ဆိုင်ရ ရင်ဆိုင်ရ ကျနော်တို့ တုန်လှုပ်မှာ မဟုတ်ဘူး။ ကျနော်တို့အင်အားချိနဲ့သွားအောင် သူတို့လုပ်လို့မရဘူး” ဟု တိုတောင်းသော ရုံးချိန်းအပြီးတွင် ကို ဝလုံးက သတင်းထောက်များအား ပြောသည်။ သူပြောသည်မှာ မှန်သည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ရွေးကောက်ခံအစိုးရသည် စာနယ်ဇင်းများအပေါ် အမြင်မကောင်းဘဲ နိုင်ငံတကာ သတင်းဌာနများနှင့် အခါအားလျှော်စွာ ပြောဆိုဆက်ဆံသော်လည်း ပြည်တွင်းမှ လွတ်လပ်သော မီဒီယာများနှင့် ခပ်တန်းတန်းနေသောကြောင့် စိတ်ပျက်ဖွယ်ပင်။ သမ္မတဦးဝင်းမြင့်သည်လည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်း မရှိသေးသကဲ့သို့ မြန်မာနိုင်ငံမှ မည်သည့် မီဒီယာနှင့်မျှ တွေ့ဆုံခြင်းလည်း မရှိသေးပေ။

ထိုသတင်းထောက် နှစ်ဦးတို့သည် နိုင်ငံတော် လျှို့ဝှက်ချက် ဥပဒေကို ဖောက်ဖျက်သောကြောင့် အဖမ်းခံရခြင်းဖြစ်ကြောင်းနှင့် ““သူတို့မှာ အပြစ်ရှိမရှိပြောလို့မရသေးဘူး။ အဲဒါက တရားစီရင်ရေးရဲ့ အပိုင်းပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရုပ်မြင်သံကြား NHK သို့ လွန်ခဲ့သော နှစ်က ပြောခဲ့သောကြောင့် သူ့ကို ထောက်ခံခဲ့ကြသူ သတင်းမီဒီယာသမားများ စိတ်ပျက်ကြရသည်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်သည်လည်း ဥပဒေနှင့်မညီသော တရားခွင်များ၊ တရားမျှတမှု ကင်းမဲ့သော တရားရုံးများတွင် အကြိမ်ကြိမ် အကျဉ်းချခံရဖူးသည်။ အချို့သော ထောင်ဒဏ်နှင့် နေအိမ်အကျယ်ချုပ် သက်တမ်းတိုးခြင်းတို့ကို သူကိုယ်တိုင် အကျဉ်းသားအဖြစ် ဆယ်စုနှစ်ချီ နေထိုင်နေရသည့် သူ၏နေအိမ်တွင်သာ ချမှတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ တရားစီရင်ရေးစနစ်သည် လွတ်လပ်အမှီခိုကင်းပြီး ပွင့်လင်းမြင်သာ တာဝန်ယူမှုရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည် ယူဆလျှင် ထို သတင်းထောက်နှစ်ဦးကို ချက်ခြင်းလွှတ်ပေးရမည်ဖြစ်သည်။

ယနေ့ပြောဆိုနေကြသည့်အချက်မှာ တခါက အလားအလာကောင်းလှသော မြန်မာနိုင်ငံသည် ခေတ်ဟောင်းသို့ ပြန်သွားနေပြီး သတင်းသမားများအတွက် စိန်ခေါ်မှုများသော အချိန်ဖြစ်သည်ဟူသော အချက်ဖြစ်သည်။ ယခင်ကကဲ့သို့ ကြောက်ရွံ့စရာ အခြေအနေသည် သတင်းသမားများအကြား ပျံ့နှံ့နေသည်။ သို့သော် မိမိတို့သည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေခေတ်၊ စစ်ထောက်လှမ်းရေး ဗိုလ်ချုပ်ကြီး ခင်ညွန့် ခေတ်တွင် နေထိုင်နေခြင်း မဟုတ်ကြောင်းကိုမူ သိရှိကြပါသည်။

လက်တွေ့တွင် အစိုးရ၏ ပုံရိပ်မှာ တရားဥပဒေ စိုးမိုးရေး၊ တည်ငြိမ်ရေး၊ ပြောင်းလဲချိန်တန်ပြီ ဟူသော ကတိနှင့် စတုတ္ထမဏ္ဍိုင်တိုးတက်ရေးတို့အပါအဝင် နယ်ပယ်အများအပြားတွင် အကြီးအကျယ် ထိခိုက်နေသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဖိနှိပ်သော စစ်အစိုးရကို ရင်ဆိုင်သူအဖြစ် တခါက ကျော်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အစိုးရသည် မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့်ကို တိုးတက်အောင် လုပ်ဆောင်မည်ဟု သတင်းမီဒီယာသမားများက မျှော်လင့်ခဲ့ကြသည်။ လက်ရှိ အခြေအနေမှာမူ ဆန့်ကျင်ဖက်ဖြစ်နေသည်။

မြန်မာ့ ပြုပြင်ပြောင်းလဲရေးအတွက် သမ္မတ ဦးသိန်းစိန်သည် မီဒီယာ ကန့်သတ်ချက်များကို ဖြေလျှော့ပေးခဲ့ပြီး စာပေစိစစ်ရေးအဖွဲ့ကို ဖျက်သိမ်းခဲ့သည်။ အဝေးရောက် မီဒီယာများနှင့် အင်တာနက်စာမျက်နှာများအား ပိတ်ထားခြင်းကို ရုပ်သိမ်းခဲ့သည်။ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက်ရန် မိမိတို့ကို ၂၀၁၂ ခုနှစ်က စတင်ခွင့်ပြုခဲ့သည်။ ယခု မိမိတို့ ရရှိခဲ့သော မီဒီယာနယ်ပယ်သည် ကန့်သတ်ချက်များဖြင့် ရင်ဆိုင်လာနေရပြီး သတင်းလွတ်လပ်ခွင့်အခြေအနေ ယိုယွင်းလာခြင်းက တုန်လှုပ်စရာ ဖြစ်သည်။

အမည်ဆိုးဖြင့် ကျော်ကြားလှသော စစ်အစိုးရအောက် တချိန်က ရှိခဲ့သော စာပေစိစစ်ရေး နေရာတွင် စိုးရိမ်မှုကြောင့် မိမိဘာသာ ဖြတ်တောက်စိစစ်ရခြင်း အစားထိုး ဝင်ရောက်လာသည်။ တပ်မတော်၏ တိုက်ရိုက် ကိုင်တွယ်နေသော ပြည်ထဲရေး ဝန်ကြီးဌာနသည်လည်း မီဒီယာများနှင့် ရင်းနှီးမှု မရှိဘဲ သတင်းသမားများ၊ မီဒီယာများကို တင်းမာသော သဘောထားရှိသောကြောင့် မိမိတို့သည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။

စက်တင်ဘာလ ၃ ရက်နေ့တွင် တရားသူကြီး ရုံးထိုင်ပြီး ဇာတ်လမ်းကို အဆုံးသတ်ကာ သတင်းထောက် နှစ်ဦးကို လွှတ်ပေးရန် စီရင်ချက်ကို ဖတ်မည်ဟု မိမိတို့မျှော်လင့်သည်။ သူတို့ ၂ ဦးသည် တရားဝင် တောင်းပန်ချက်ဖြင့်သာ ထိုက်တန်သူများ ဖြစ်သည်။

(အင်္ဂလိပ်ဘာသာဖြင့် Press Freedom Faces Serious Setbacks in Myanmar တွင် ဖတ်ရှုပါ။)

Did you find apk for android? You can find new Free Android Games and apps.
Loading