သတင်းဆိုးများကိုလည်း ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင်ဖြတ်သန်းပါ

ဧရာဝတီ
ကုလသမဂ္ဂ စင်မြင့်ထက်တွင်လည်း မြန်မာ့အရေးနှင့်ပတ်သက်ပြီး လုပ်ဆောင်ချက်များအား နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင် သွားရောက် ရှင်းလင်းတင်ပြသင့်သည် / Reuters
Want create site? Find Free WordPress Themes and plugins.

မြန်မာအစိုးရအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြု ငြင်းဆိုနေသော်လည်း နိုင်ငံတကာရာဇဝတ်တရားရုံး ICC က မြန်မာ့အရေးကို စစ်ဆေးစီရင်ပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ခဲ့ခြင်းသည် နိုင်ငံတကာတွင် ဂုဏ်သတင်းကျဆင်းနေသော မြန်မာနိုင်ငံအတွက် ဗူးလေးရာ ဖရုံဆင့်သကဲ့သို့ သတင်းဆိုးဖြစ်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခများကြောင့် နိုင်ငံ့ပုံရိပ် အမြင် မကောင်းဖြစ်လာနေမှုက အနောက်ကမ္ဘာရှိ ရင်းနှီးမြှုပ်နှံသူများအပေါ် နိုင်ငံရေးအရ ဖိအားသက်ရောက်စေပြီး ဖြစ်သည်ကို ၂ နှစ် ဆက်တိုက်ကျဆင်းနေသော နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ပမာဏက သက်သေဖြစ်သည်။ ထိုနည်းတူ ခရီးသွားလုပ်ငန်းကလည်း ထိခိုက်နေပြီ ဖြစ်သည်။

ICC က ကြားနာစစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်သွားနိုင်သော်လည်း နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ရှိ တရားရုံးသည် ကိုယ်ပိုင်ရဲတပ်ဖွဲ့ မရှိပါ။ အဖွဲ့ဝင် နိုင်ငံများက ရောမသဘောတူညီချက်အရ ဖမ်းဆီးပေးမှ လိုအပ်သော တရားခံကို မိနိုင်သည်။ နိုင်ငံတကာ သံတမန် ဆက်ဆံရေးအရ အဖွဲ့ဝင် မဟုတ်သော နိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်နက် နယ်မြေကို ကျော်ဖြတ် ဝင်ရောက် ဖမ်းဆီး၍လည်း မရချေ။

ICC တရားလိုရှေ့နေ ဖက်တူ ဘန်ဆိုဒါက မည်သူ့ကို နာမည်တပ် တရားစွဲဆိုမည်ကို မသိသေးသော်ငြား ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်က ဖွဲ့စည်းသော မြန်မာနိုင်ငံဆိုင်ရာ အချက်အလက် ရှာဖွေရေး ကော်မရှင် အစီရင်ခံချက်အတိုင်းဆိုလျှင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော် အရာရှိကြီးတချို့ ဖြစ်နိုင်သည်။ ရခိုင်မြောက်ပိုင်း စစ်ဆင်ရေးတွင် အဓိကတာဝန်ရှိ သူတို့ကို အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ကလည်း ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ခဲ့ကြသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အရပ်သားအစိုးရသည်လည်း စွပ်စွဲချက်မှ မလွတ်ပေ။ ရခိုင်၊ ကချင်နဲ့ ရှမ်းပြည်နယ်များတွင် ကျုးလွန်သည့် စစ်ရာဇဝတ်မှုများကို ဖုံးကွယ်ပေးထားခြင်းဖြင့် ရက်စက်သော ရာဇဝတ်မှုများကျုးလွန်ခြင်းတွင် ပါဝင်ပတ်သက်နေသည်ဟု မကြာသေးမီက ထုတ်ပြန်သည့် ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေး အစီရင်ခံက အမှုတွဲထားသည်။

နိုင်ငံ့ ဂုဏ်သတင်း ထိခိုက်ပွန်းပဲ့ခြင်းသည် ဒီမိုကရေစီ အပြောင်းအလဲ ကနဦးကာလ တည်ငြိမ်ရေးသာမက ရေရှည် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မကောင်းသော အလားအလာများကို သယ်ဆောင်လာသည်။ လတ်တလော ရင်ဆိုင်နေရပြီဖြစ်သော အမေရိကန်နှင့် ဥရောပသမဂ္ဂတို့၏ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုများအပြင် မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှု မလုပ်ရန်၊ မြန်မာပြည် သွားမလည်ရန်၊ မြန်မာပြည် ရှိ ကုမ္ပဏီများ ပြန်ထွက်ရန်၊ မြန်မာပြည် ထုတ်ကုန်များကို မဝယ်ရန် ဖိအားပေး ကန်ပိန်းများ၏ အလားအလာများကလည်း ထည့်သွင်းစဉ်းစားစရာဖြစ်လာနေပြီး စိုးရိမ်ပူပန်မှုများလည်း ရှိလာနေသည်။

မြန်မာ့အရေးသည် ခေတ်ပေါ် ပထဝီနိုင်ငံရေး ကစားပွဲလည်း ဖြစ်သည်။ ရခိုင်မြောက်ပိုင်း ပဋိပက္ခကြောင့် အနောက်ကမ္ဘာနှင့် ဆက်ဆံ ပြန်လည်အေးခဲချိန် မြန်မာ့တပ်မတော်သည် လေကြောင်းနှင့် စက်မှုနည်းပညာ၌ ရုရှ၊ ရေကြောင်းနှင့် ထောက်လှမ်းရေးတွင် အိန္ဒိယတို့နှင့် ပိုမို နီးစပ်သွားနေသလို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဦးဆောင်သော အရပ်ဘက်အုပ်ချုပ်ရေးအဖွဲ့သည်လည်း ကိုယ်ပိုင် “အရှေ့မျှော်” ပေါ်လစီကို ရှာဖွေ တည်ဆောက်ရမည့်ပုံ ပေါ်လာသည်။

တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် အာဆီယံတို့က မြန်မာနိုင်ငံအပေါ် အနောက်နိုင်ငံများနှင့် ကြည့်မြင် ချည်းကပ်ပုံခြင်း ကွာသည်။ နိုင်ငံခြား ခရီးသွားလုပ်ငန်းလျှင်ပင် ချမ်းသာသူ အာရှသားများကို ပစ်မှတ်ထား စွဲဆောင်လာနေရသည်။

ရခိုင်မြောက်ပိုင်း ပဋိပက္ခ အထွတ်အထိပ်ရောက်ခဲ့ရသည့် ၂၀၁၇ ဩဂုတ် အကြမ်းဖက် တိုက်ခိုက်မှု တနှစ်လည်အချိန်တွင် စင်ကာပူ၌ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်ပြီး မြန်မာအစိုးရ ရပ်တည်ချက်များကို ရှင်းပြခြင်းက ထိရောက်သည်။ အများက ဒေါ်အောင်ဆန်းစုကြည် ပြောသံကို ကြားချင်သည်။ ထို့ကြောင့် မဝေးသော အနာဂတ်တွင် ဂျပန်နှင့် ကိုရီးယား နိုင်ငံများသို့ သွားရောက်ရင်း စင်ကာပူတွင်ကဲ့သို့ တင်ပြဖြေရှင်းမည်ဟု မျှော်လင့်ရသည်။

သို့သော် “အရှေ့မျှော်” မူဝါဒက စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီ အကူးအပြောင်းအတွက် ထောက်ခံအားပေးခဲ့ကြသော အမေရိကန် ပြည်ထောင်စုနှင့် ဥရောပ သမဂ္ဂနိုင်ငံများရှိ မိတ်ဆွေဟောင်းများနှင့် ဆက်ဆံရေး လုံးဝ ဖြတ်ပစ်လိုက်ရေး မတိုက်တွန်းပါ။ ယခုအခါ အနောက်ကမ္ဘာ၏ လူ့အခွင့်အရေးလှုပ်ရှားမှု မျက်နှာစာတွင် ဒေါ်အောင်ဆန်းစုကြည်က ကြွေလွင့်သွားသော နတ်သမီး ဖြစ်သော်လည်း နိုင်ငံတကာ အစိုးရများနှင့် ဆက်ဆံရေး၊ သံတမန်ရေးလောကတွင် တဖက်သက်မဆန်ဘဲ မြန်မာ့အရေး စာနာ နားလည်တတ်သူ မိတ်ဆွေကောင်းများ ရှိနေပါသေးသည်။ ရီပတ်ဘလီကန် ပါတီခေါင်းဆောင် ဆီနိတ်တာ မစ်ချ်မက်ကောနဲလ် ဆိုလျှင် ဒေါ်အောင်ဆန်းစုကြည်ကို ယနေ့ထိ ကာကွယ်ရပ်တည်သူဖြစ်သည်။

ထို့ကြောင့် စင်ကာပူတွင်ကဲ့သို့ အစိုးရက အကောင်အထည်ဖော်မည်ဟု ကတိကဝတ်ပြုထားသော ကိစ္စများဖြစ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်၊ UNHCR ၊UNDP တို့နှင့် မြန်မာအစိုးရတို့ လက်မှတ်ရေးထိုး ထားသည် နားလည်မှုစာချွန်လွှာများ၊ ဒေါက်တာ ကိုဖီအာနန် အကြံပေးကော်မရှင်၏ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း၊ ရခိုင်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိ မရှိ စုံစမ်းစစ်ဆေးရေး ကော်မရှင်က တပ်မတော်နှင့် ရဲတပ်ဖွဲ့တို့နှင့် ပူးပေါင်း စစ်ဆေးမှုများ ပြုလုပ်နေကြောင်းတို့ကို နိုင်ငံတော် အတိုင်ပင်ခံ ကိုယ်တိုင်အနေဖြင့် အထူးသဖြင့် ကုလသမဂ္ဂ စင်မြင့်ထက်တွင် ရှင်းလင်းတင်ပြသင့်ပေသည်။

နိုင်ငံရေးသမားကောင်းဟူသည် ဩဇာ အတက် အကျတို့ကို ခံနိုင်ရည် ရှိရမည်။ ဆုတံဆိပ်များ ချီးမြှင့်ပြီး ဝိုင်းဝန်းထောပနာပြုချိန်တွင် မိန့်ခွန်းလှလှ ပြောနိုင်ရုံမက ဆုတံဆိပ်များ ပြန်လည်သိမ်းယူခံရပြီး ကန့်ကွက် ဆန္ဒပြခံရချိန်တွင်လည်း မိမိ ယုံကြည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ဆောင်ချက်များအပေါ် အခိုင်အမာနှင့် ရှင်းလင်းပြတ်သားစွာ ရပ်တည်ရဲရမည်။ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် မဲဆန္ဒရှင် ပြည်သူလူထု အများစုက တိုက်ရိုက် ရွေးကောက်တင်မြှောက်ထားသူ နိုင်ငံရေးခေါင်းဆောင်ဖြစ်သောကြောင့် နိုင်ငံတွင် ကြုံတွေ့လာသည့် ဆိုးမွေကောင်းမွေ မှန်သမျှ တာဝန်ယူ ဖြေရှင်းရမည်မှာ ရိုးရှင်းသော အမှန်တရားဖြစ်သည်။

တိုင်းပြည်၏ ဆိုးရွားကျဆင်းလာသည့် ကံကြမ္မာ အလုံးစုံကို အသက် ၇၀ ကျော် အမျိုးသမီးကြီး တဦးတည်း၏ ပုခုံးပေါ်သို့ တင်ပေးလိုက်ခြင်းကလည်း တရားမျှတခြင်း မရှိချေ။ သို့သော် တခု လိုချင်လျှင် တခုကို စွန့်လွှတ်ရမည်မှာ ဓမ္မတာဟု ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ် ရွေးချယ်ထားပြီး ဖြစ်ပုံ ရသည်။ ပြီးခဲ့သည့် စင်ကာပူခရီးစဉ်အတွင်း အမေးအဖြေကဏ္ဍတခု၌ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက လူမျိုးတုံး သတ်ဖြတ်သည်ဟု စွပ်စွဲထားသော တပ်မတော်မှ တိုက်ရိုက်ခန့်ထားသည့် အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်ကြီးများကို ခင်မင်ဖွယ်ရာ ကောင်းသူများဟု ဒေါ်အောင်ဆန်းစုကြည်က ရည်ညွှန်းခဲ့ပြီး ဖြစ်သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading