အယ်ဒီတာ့အာဘော်

တက်လာနေတဲ့ ရေနံဈေးနဲ့ ကုန်သွယ်ရေးစစ်ပွဲကြားက မြန်မာ့စီးပွားရေး

Want create site? Find Free WordPress Themes and plugins.

မြန်မာ့ဈေးကွက်ကို ကိုင်လှုပ်လာခဲ့သော ငွေကြေးလဲလှယ်မှုနှုန်း ပြဿနာအပြီး နောက်ထပ် ရင်ဆိုင်လာရသော ခြိမ်းခြောက်မှုက စက်သုံးဆီ ဈေးများမြင့်တက်လာခြင်း ဖြစ်သည်။ ဈေးကွက်ထဲ ဒေါ်လာလိုသဖြင့် ထုတ်ရောင်းပေးသလို ပြည်တွင်းထုတ် စက်သုံးဆီ ထုတ်ရောင်းပေးခြင်းကမူ စက်ဆီဈေး ကျ မကျတော့ မသေချာ၊ သေချာသည်က ဆီအရောအနှောများ ဖြစ်လာနိုင်ခြင်းပင်။

အမေရိကန် ဒေါ်လာ ဈေးမာလာရခြင်းသည် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကြောင့် ဖြစ်သည်။ “အမေရိက ပထမ”ပေါ်လစီဖြင့် တရုတ်နှင့် ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲလာနေခြင်း၊ အမေရိကန် စီးပွားရေး ဖွံ့ဖြိုးမှု နှုန်း တက်လာခြင်း၊ အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းများ မြှင့်တင်နေခြင်းတို့ကြောင့် အမေရိကန် ဒေါ်လာဈေး မာလာခဲ့သည်။ ယင်းအပေါ် အသုံးချပြီး ဒေါ်လာဈေး ကစားသူများက ဒေါ်လာတန်ဖိုး သန်းချီပါဝင်နိုင်ဖွယ် ရှိသည့် ရွှေဘုံသာလမ်းရှိ “လေပတ်ကား” မှောင်ခိုဈေးကွက်တွင် ဈေးကစားကြသောကြောင့် အထူးစုံစမ်း စစ်ဆေးရေး ဦးစီး ဌာန (စစစ)က လူ ၅ ဦးကို အမှုဖွင့် အရေးယူမှုများ ပြုလုပ်ထားသည်။ ၄ ဦးကို ထိန်းသိမ်းထားပြီး တဦး လွတ်မြောက်နေကြောင်းသာ သိရှိရပြီး မည်သူမည်ဝါများ ဖြစ်သည်၊ ငွေတန်ဖိုး မည်မျှပါဝင်ပတ်သက်နေပြီး မည်သို့ ဈေးကစားသည်တို့ကိုမူ မသိရှိရသေးပါ။

အမေရိကန် တဒေါ်လာလျှင် မြန်မာငွေကျပ် ၁၆၀၀ ကျော် အထိ ဈေးပေါက်ခဲ့ပြီး နောက်ဆက်တွဲ အခြေခံ စားသောက်ကုန်များ၊ စက်သုံးဆီ၊ ဆေးဝါးများ၊ ရွှေ ဈေးနှုန်းများ ဈေးတက်ခဲ့သဖြင့် ပြည်သူလူထု ခံစားခဲ့ရခြင်းသည် အသေးအမွှား အမှုအခင်း မဟုတ်ပါ။ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု အက်ဥပဒေတွင် ကျူးလွန်သူများကို ၃ နှစ်ထက် မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ် ၂ ရပ်စလုံး ဖြစ်စေ ချမှတ်ရမည့် အပြင် သက်သေခံ ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းယူနိုင် ကြောင်း ဖော်ပြထားပါသည်။

ထိုသို့ နိုင်ငံတော်၏ ဝင်ရောက် ကြပ်မတ်ချက်ကြောင့် တဒေါ်လာ ၁၅၅၀ ကျပ်အောက် ပြန်ဆင်းလာခဲ့သော်လည်း စက်သုံးဆီ ဈေးက မဆင်းပါ။ ပြည်ပမှ စက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးသူများကို တက်လာနေသော ကမ္ဘာ့ရေနံဈေးက ချောက်လှန့်နေသည်။ အမေရိကန် စီးပွားရေး အားကောင်းလာသည်နှင့်အမျှ ဒေါ်လာ မာလာသလို ရေနံ ပိုသုံးစွဲလာရမည်လည်း ဖြစ်သောကြောင့် ကမ္ဘာ့ ရေနံ ဈေးလည်း တက်လာနိုင်မည်ဟု ဈေးကွက်ကျွမ်းကျင်သူများကလည်း ဟောကိန်းထုတ်ထားသည်။ ရေနံစိမ်း တစည် ဒေါ်လာ ၈၀ ထိ ရောက်လာနေသော လက်ရှိ ပေါက်ဈေးသည် ရှေ့နှစ် ၂၀၁၉ နှစ်လယ်တွင် ၉၅ ဒေါ်လာ ပေါက်လိမ့်မည်ဟု Bank of America Merrill Lynch မယ်ရေလင့်ချ် အမေရိက ဘဏ်ကြီးက ဟောကိန်းထုတ်လိုက်သည်။

စက်သုံးဆီ ဈေးတက်မှုသည် သယ်ယူပို့ဆောင်ရေး စရိတ်မြင့်တက်စေပြီး ငွေကြေးဖောင်းပွမှုနှုန်းကို တွန်းတင်နေသည်မှာ သီဝရီတခုမျှသာမဟုတ်၊ တက်မြဲ စားသောက်ကုန်ပစ္စည်း ဈေးနှုန်းများက သက်သေဖြစ်သည်။ ဒေါ်လာဈေး မာလာသောကြောင့် ဝန်ပိပြီးသားဖြစ်သည့် နိုင်ငံ၏ ကုန်သွယ်ရေး လိုငွေပြမှုကလည်း ပိုကျယ်ပြန့်လာမည် ဖြစ်သည်။ ထိုသို့ ကုန်သွယ်ရေး လိုငွေ ပိုများလာခြင်းက ပြည်တွင်းသုံး ကျပ်ငွေ တန်ဖိုးအပေါ် ဖိအားပေးနေပြန်သည်။

ငွေကြေးဖောင်းပွမှုနှုန်း လျှော့ချရန် များသောအားဖြင့် ဗဟိုဘဏ်များက အတိုးနှုန်း မြှင့်ကြသည်မှာ ထုံးတမ်းစဉ်လာလိုဖြစ်သော်လည်း အတိုးနှုန်း မြင့်ပြီးသား ဖြစ်သော မြန်မာနိုင်ငံ ဗဟိုဘဏ်အတွက် ဦးစားပေး ရွေးချယ်စရာ ဖြစ်ပုံ မရပါ။ ထို့ကြောင့် ငွေလဲလှယ်နှုန်း တည်ငြိမ်စေရန် ဈေးကွက်အတွင်း လိုနေသော ဒေါ်လာငွေများကို နိုင်ငံခြား အရံငွေမှ ထုတ်ရောင်းပေးခြင်း၊ ဈေးကစားသော မှောင်ခိုဈေးကွက်အား နှိမ်နင်းခြင်းတို့ဖြင့် တုံ့ပြန်ခဲ့ ပုံရသည်။

စက်သုံးဆီ ဈေးနှုန်း ကြီးမြင့်နေမှုကို ထိန်းချုပ်နိုင်ရန်အတွက်မူ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက စက်သုံးဆီ ဂါလံ ၂ သန်း ထုတ်ရောင်း ပေးသည်။ သို့သော် ယင်းသည် ယာယီဖြေရှင်းမှုမျှသာဖြစ်ပြီး ဈေးကွက်ပေါက်ဈေးကို ထိန်းမထားနိုင်ပါ။ ထို့အပြင် ကုန်ပစ္စည်း အရည်အသွေး စံမမှီမှုဆီသို့သာ ဦးတည်စေမည် ဖြစ်သည်။ စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရာင်းချသူများ အသင်း၏ လတ်တလော ဖော်ဆောင်မည်ဟု ပြောထားသော ဒေါ်လာဈေး နှင့် စက်သုံးဆီဈေး အတက်အကျ တိုက်ရိုက်ချိတ်ဆက်မှုကလည်း ဈေးနှုန်း အလှုပ်အရမ်းအပေါ် အားကိုးအားထားပြုလွန်းသည်။

ကြီးထွားလာနေသော မြန်မာ့ဈေးကွက်သည် စွမ်းအင်ကို ပိုမို လိုအပ်နေမည်သာ။ သို့သော် ရေရှည်တွင် စွမ်းအင်ကဏ္ဍ သွင်းကုန်ကို အမြောက်အမြား မှီခိုနေရမှုအား လျှော့ချပြီး ပြည့်မြဲ စွမ်းအင်ရင်းမြစ်များ တိုးပွားမြှင့်တင်ရေး မဟာဗျူဟာ ချမှတ် အကောင်အထည်ဖော်ရမည်။ ကာလလတ်တွင်မူ စက်သုံးဆီကို စင်ကာပူမှ တဆင့် ဝယ်ယူနေခြင်းအား ရေနံမှ စက်သုံးဆီ ချက်လုပ်ရောင်းချနေသော နိုင်ငံများမှ တိုက်ရိုက် ဝယ်ယူခြင်းမှသည် တင်သွင်းလာသော စက်သုံးဆီများအား သိမ်းဆည်းရန် လှောင်ကန်များ ထပ်မံတည်ဆောက်ခြင်းနှင့် စက်သုံးဆီတင် သင်္ဘောကြီးများ သွားလာ ဆိုက်ကပ်နိုင်သော ဆိပ်ကမ်းများ တည်ဆောက်ရေးတို့ထိ အစီအစဉ်များ စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ရန် လိုပါသည်။

တချိန်တည်းတွင်ပင် စမ်းသပ်တွေ့ရှိလာသည့် သဘာဝဓာတ်ငွေ့သိုက်သစ်မှ ထွက်ရှိလာမည်တို့ကို ပြည်တွင်းတွင် ဓာတ်ငွေ့ရည်အဖြစ် ပြောင်းလဲ ချက်လုပ် ဖြန့်ဖြူး ရောင်းချနိုင်ရေး ရည်ရွယ် လုပ်ဆောင်ရန်လည်း လိုသည်။ အစိုးရအနေဖြင့် စွမ်းအင်တူးဖော်မှုကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုခဲ့သလို ပြည်တွင်းဈေးကွက်၌ စွမ်းအင် တင်သွင်း ဖြန့်ဖြူး ရောင်းချရာတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပေးသင့်သည်။ ယင်းသို့ ရေတိုရေရှည် ဘက်စုံ ပူးပေါင်း ဆက်စပ်ထားသော မူဝါဒချမှတ်ပြီး အကောင်အထည်ဖော်မှသော စက်သုံးဆီ ဈေးကို ထိန်းချုပ်နိုင်ရေး အစိုးရတွင် အခွင့်အာဏာ ပိုမို လက်ဝယ်ရှိလာနိုင်မည်ဖြစ်သလို စွမ်းအင် ထုတ်လုပ် ရောင်းချမှုဆိုင်ရာ ခေတ်မီ နည်းပညာ၊ အတတ်ပညာနှင့် အခြေခံ အဆောက်အဦများ မြန်မာပြည် ဈေးကွက်အတွင်း ဖြစ်တည်လာနိုင်မည် ဖြစ်သည်။

အဆုံးစွန်တွင် ဝယ်ယူ သုံးစွဲသူများက အရည်အသွေး စံချိန်မီသော စက်သုံးဆီကို သင့်တင့်လျောက်ပတ်သော တန်ရာတန်ကြေး ပေးဝယ်နိုင်ပြီး ၎င်းတို့၏ ကုန်ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေး ကွင်းဆက်အား မပြတ်လည်ပတ်စေကာ အမြတ်အစွန်း ဖော်ဆောင်ရင်း တိုင်းပြည်၏ ဂျီဒီပီကို တွန်းတင်နိုင်ကြမည် ဖြစ်တော့သတည်း။

Did you find apk for android? You can find new Free Android Games and apps.
Loading