အယ်ဒီတာ့အာဘော်

လောက ကောင်းကျိုး ရည်မျှော်၍လည်း မြန်မာတွေ လှူတတ်ပါစေ

Want create site? Find Free WordPress Themes and plugins.

လူအများ နားမခံသာအောင် လော်စပီကာများ အသံကုန် ဖွင့်ပြီး အလှူခံတတ်သော မြန်မာနိုင်ငံသည် ပရဟိတ လှုပ်ရှားမှုများနှင့် လူမှုကူညီရေး အသင်းအဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးရာတွင် အနိမ့်ဆုံးဖြစ်နေကြောင်း ဟောင်ကောင်အခြေစိုက် အာရှပရဟိတနှင့်လူ့အဖွဲအစည်း စင်တာ (Centre for Asian Philanthropy and Society – CAPS) က ဆိုလိုက်သည်။

CAPS သည် အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကို လုပ်ဆောင်နေသော ပရဟိတသမားများနှင့် လူမှုကူညီရေးအဖွဲ့များ တိုးတက်ရေးအတွက် နိုင်ငံပေါင်း ၁၅ နိုင်ငံတွင် ပရဟိတ အရည်အသွေးနှင့် အရေအတွက် တိုးတက်ရေးကို လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။

CAPS ၏ ကောင်းမှုအညွှန်းကိန်း Doing Good Index တွင် မြန်မာသည် ပရဟိတ လုပ်ငန်းများကို အားပေးသည့် ပတ်ဝန်းကျင် ဖန်တီးပေးရာတွင် “လုံလောက်စွာ လုပ်ဆောင်ခြင်းမရှိ” သို့မဟုတ် အများအားဖြင့် နောက်ကျကျန်ရစ်ကြောင်း ဆိုထားသည်။ ထိုအညွှန်းကိန်းသည် အလှူဒါနပြုရန်အတွက် ဘဏ္ဍာရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာ မက်လုံးများကို လေ့လာသော အညွှန်းကိန်းဖြစ်သည်။

ထိုအညွှန်းကိန်းက နိုင်ငံများ၏ လောကီကောင်းကျိုး ပြုမှုကို လေ့လာရာတွင် အုပ်စုလေးစု ကွဲသွားပြီး ဂျပန်၊ စင်္ကာပူနှင့် ထိုင်ဝမ်တို့က စွမ်းဆောင်ရည်ကောင်းသော အုပ်စုတွင်ပါဝင်ပြီး စွမ်းဆောင်ရည် တိုးတက်သော နိုင်ငံများ အုပ်စုတွင် ဟောင်ကောင်၊ ကိုရီးယား၊ မလေးရှား၊ ဖိလစ်ပိုင်၊ သီရိလင်္ကာ၊ ထိုင်းနှင့် ဗီယက်နမ် တို့ပါဝင်သည်။ လုံလောက်သော စွမ်းဆောင်ရည်ရှိသည့် တတိယ အုပ်စု နိုင်ငံများတွင် တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန် တို့ ပါဝင်သည်။

ထိုသို့ နိုင်ငံများကို အဆင့်ခွဲရာတွင် နိုင်ငံတွင် ကျင့်သုံးနေသော အခွန်၊ ဘဏ္ဍာရေးနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ မူဝါဒများသည် ယဉ်ကျေးမှုနှင့် လူမှု ပတ်ဝန်းကျင်ကို အထောက်အကူပြု မပြု၊ ငွေကြေးလှူဒါန်းခြင်း၊ စားရေရိက္ခာ အဝတ်အထည် လှူဒါန်းခြင်းနှင့် ပရဟိတလုပ်ငန်းများ အပါအဝင် လူမှုရေးရာများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု (private social investments) ကို ဟန့်တားခြင်းပြု မပြု စသည်တို့ကို အခြေခံပြီး အုပ်စုခွဲခြားသည်။

အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများနှင့် အလှူရှင်အဖွဲ့အစည်းများအပါအဝင် လူမှုကူညီရေး အသင်းများသည် ပြည်တွင်း ပြည်ပ ပရဟိတသမားများ သို့မဟုတ် အလှူရှင်များထံမှ ရန်ပုံငွေ လက်ခံ ရယူနိုင်ခြင်း ရှိ မရှိနှင့် ရရှိသောငွေကို လူမှုရေး လိုအပ်ချက်များအား စနစ်တကျ ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း ရှိ မရှိကိုလည်း သုံးသပ်သည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ CAPS ၏ ကောာင်းမှုအညွှန်းကိန်းတွင် အနိမ့်ဆုံးဖြစ်သော မြန်မာနိုင်ငံသည် မကြာသေးမီက Charities Aid Foundation ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့လှူဒါန်းမှု အညွှန်းကိန်းတွင်မူ ထိပ်ဆုံးဖြစ်နေခြင်းပင်။ ထိုအညွှန်းကိန်း ၂ ခုအပေါ် မည်သို့နားလည်နိုင်ပါသနည်း။

Charities Aid Foundation သည် စုစုပေါင်းလူဦးရေ ၅.၂ ဘီလျှံရှိသည့် နိုင်ငံပေါင်း ၁၄၆ နိုင်ငံ၏ ရက်ရောမှုကို လေ့လာသောအဖွဲ့ဖြစ်သည်။ ၎င်းတို့၏ စစ်တမ်းသည် သင် ယခင်လက လူစိမ်းတဦးကို ငွေလှူပါသလား။ လွန်ခဲ့သောလက လူစိမ်းတဦးကို ကူညီပါသလားနှင့် လွန်ခဲ့သောလက အချိန်ပေးပြီး စေတနာ့ဝန်ထမ်း လုပ်ခဲ့လားဟူသော မေးခွန်း ၃ ခုသာ မေးသည်။ ထိုမေးခွန်း ၃ ခုတွင် မြန်မာတို့၏ အလှူရေစက် လက်နှင့်မကွာချင်မှုက ကွက်တိသွားကျနေသည်။

သို့သော် ကောင်းမှု အညွှန်းကိန်းတွင်မူ မေးခွန်းပေါင်း ၁၅၀ ပါဝင်ပြီး ရလဒ်များကို ကျွမ်းကျင်သူများနှင့် အကျိုးအမြတ်မယူသော အဖွဲအစည်းဝင်များက အကဲဖြတ်ကြသည်။

စစ်တမ်း ၂ ခု၏ ရလဒ်များကို ချိန်ထိုးကြည့်လျှင် ဘာသာရေးဆိုင်ရာ ဘုရား ကျောင်းကန်များ၊ ပရဟိတ အဖွဲ့များနှင့် လမ်းပေါ်မှ အလှူခံများကို စေတနာ ထက်သန်စွာ လှူဒါန်းလိုက်သော မြန်မာတို့၏ အလှူငွေသည် ကောင်းမွန်သော အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတို့ကဲ့သို့ လူမှု စီးပွား စနစ်ဆိုင်ရာ အပြောင်းအလဲကို အထောက်အပံ့ မဖြစ်သေးခြင်းကို တွေ့ရမည်။ ရက်ရောခြင်းသည် ကောင်းသော စရိုက် လက္ခဏာဖြစ်သည်။ သို့သော် မြန်မာတို့၏ အလှူဒါနသည် လောကကောင်းကျိုး မပြုသေးဟု ဆိုရမည်။

ဤသို့ဆို၍ မြန်မာတို့၏အလှူများသည် အဟောသိကံဖြစ်ရသည်ဟု မဆိုလို။ မြန်မာနိုင်ငံတွင် စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေကြသူ၊ အကျိုးအမြတ်မယူသော လူမှုဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူ အမြောက်အမြား ရှိသည်။ လူအများ နာရေး သေရေး ဘေးဒုက္ခရောက်လျှင် ပရဟိတ အကျိုးဆောင်ရန် ထွက်လာကြသူ အများအပြား ရှိသည်။ ကျန်းမာရေး၊ ပညာရေး၊ လူမှုကူညီစောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူ့အခွင့်အရေး ကာကွယ်ထိန်းသိမ်းရေးတို့ကို ရှေးရှုရည်ရွယ်သော ပရဟိတ အင်စတီကျူးရှင်းများနှင့် သမဂ္ဂများလည်း ခိုင်ခိုင်မာမာ ရှိနေသည်။

ထို့အပြင် Corporate social responsibility ဟုခေါ်သည့် စီးပွားရေး လုပ်ငန်းကြီးများ၏ လူမှုရေး တာဝန်သိမှု အလှူဒါန အစီအစဉ်များကိုလည်း တွေ့မြင်လာနေရပြီး Social business ဟုခေါ်သည့် အလုပ်လုပ်သူတိုင်း အကျိုးအမြတ်ခံစားခွင့်ရှိသည့်အပြင် ရပ်ရွာနှင့် သဘာဝပတ်ဝန်းကျင် ကောင်းကျိုးပါ ဖြစ်ထွန်းစေသော စီးပွားရေးလုပ်ငန်းငယ်များ ဟိုဟိုသည်သည်မှာ စတင် ပေါ်ထွက်လာနေသည်။

၎င်းတို့၏ စေတနာ သို့မဟုတ် အရင်းအနှီးကို ပိုမိုကြီးမားကျယ်ပြန့်လာစေသင့်သည်။ ရေရှည်တည်တံ့ပြီး လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး သို့မဟုတ် နိုင်ငံ၏ စီးပွားဖွံ့ဖြိုးမှုတို့နှင့် အပြန်အလှန် ဆက်စပ် ချိတ်နွယ်စေရေး မူဝါဒ ရေးဆွဲချမှတ်သူများက နားလည် သဘောပေါက်ပြီး အားပေးအားမြှောက်ပြုသည့် ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ရေးဆွဲ ချမှတ် ကျင့်သုံးသင့်သည်။ မိမိ ရှေ့တွင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး အကျိုးခံစားနေရသော နိုင်ငံများကို ဥပမာယူ၍ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည်။

အစိုးရ၊ လွှတ်တော်နှင့် စီးပွားရေးလုပ်ငန်းရှင်များသာမက သာမာန် လူပုဂ္ဂိုလ် တဦးချင်းစီကလည်း မိမိတို့၏ လှုဒါန်းမှုသည် သေလွန်ပြီးနောက် ရှိနိုင်သေးသော ဘဝ အဆက်ဆက်၏ အကျိုးကို မျှော်မှန်းရုံမျှမက ယခု မျက်မှောက်ကြုံတွေ့နေရသော လောက၏ ဆိုးကျိုးများကို တားဆီးပြီး ကောင်းကျိုးများကို ရည်မျှော်သော အလှူအတန်းများ ပြုသင့်ကြောင်း နားလည်သဘောပေါက် လက်ခံကျင့်သုံးလာစေရေးကလည်း အရေးကြီးသည်။

အမှန်တကယ် လိုအပ်နေသူများကို ကိုယ်တိုင် လှူဒါန်း ဖြည့်တင်းပေးခြင်းနှင့် လောကကောင်းကျိုး ရည်မျှော်၍ လုပ်ကိုင်နေသော သမဂ္ဂ အဖွဲ့အစည်း အင်စတီကျူရှင်းများသို့ တတ်အားသ၍ လူအား ငွေအား ပါဝင်ထည့်ဝင်ခြင်းများသည် နတ်လူသာဓု ခေါ်ကြမည့် အကျင့်အကြံကောင်းများဖြစ်ကြောင်း တင်ပြအပ်ပေသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading