ကချင်ပြည်နယ် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း ပြန်စရန် တရုတ်သံအမတ် ဟုန်လျံက တက်ကြွစွာ ပြန်လည်လှုံ့ဆော်လာချိန် လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် မည်သို့ဆုံးဖြတ်မည်ကို ကချင်ဒေသခံများသာမက ဧရာဝတီမြစ်တလျှောက် မှီတင်းနေထိုင်ကြကုန်သော ပြည်သူလူထုများကလည်း စိတ်ဝင်တစားဖြစ်နေကြသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် ကချင် တိုင်းရင်းသား ခေါင်းဆောင်တချို့ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ် ဟုန်လျံက တွေ့ဆုံရာ မြစ်ဆုံ စီမံကိန်း ပြန်လည်စတင်ရန် လိုအပ်ကြောင်း အကြိမ်ကြိမ် ဖိအားပေးပြောဆိုခဲ့သည်။ သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်က ဧရာဝတီသို့ပြောကြားချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံ၏ ရပ်ဝန်းတခု၊ လမ်းတခုအစီအစဉ် BRI ဆိုင်ရာ ကော်မတီ ဥက္ကဌ အဖြစ်ဆောင်ရွက် နေပြီး ဖွံ့ဖြိုးရေး စီမံကိန်းများ အကောင်အထည်ဖော်ရန် ဆန္ဒရှိနေကြောင်း တရုတ် သံအမတ်က ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံသည် ရခိုင်မြောက်ပိုင်း ပဋိပက္ခကြောင့် ကြီးမားသော အနောက်တိုင်း ဖိအားနှင့် ကုလသမဂ္ဂတို့၏ ဝေဖန်မှုများကို ခံလာရပြီး ၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံရေကာတာ စီမံကိန်း ရပ်ဆိုင်းလိုက်ပြီးနောက် ဆက်ဆံရေး အေးစက်သွားခဲ့သော တရုတ်နိုင်ငံ၏ သံတမန်ရေးထောက်ခံမှုကို ပြန်လည် စတင်ပြီး မှီခိုလာရသည်။
မကြာသေးမီက တရုတ်-မြန်မာ စီးပွားရေး စြင်္ကန် CMEC အကောင်အထည်ဖေါ်ရေးကော်မတီ ဖွဲ့စည်းပြီး နိုင်ငံတဝန်းလုံးမှ အလားအလာရှိသော CMEC စီမံကိန်းများ အလျှင်အမြန် တိုးတက်ရေး လုပ်ဆောင်တော့မည့် ပုံပေါ်သည်။
တရုတ်အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေး ကော်မရှင် ဒုတိယအကြီအကဲ နင့်ကျီကျဲနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ နိုဝင်ဘာလ နှောင်းပိုင်းက တွေ့ဆုံပြီးနောက် CMEC တည်ဆောက်ရေး မြန်မာနိုင်ငံက သဘောတူဆုံးဖြတ်လိုက်သည်။ ထို စြင်္ကန်တွင် BRI ၏ အစိတ်အပိုင်းအနေဖြင့် ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း၊ မြန်နှုန်းမြင့်ရထားလမ်းများ၊ အထူးစီးပွားရေးဇုန်များ ပါဝင်သည်။
ထို တိုးတက်မှုကို အထောက်အကူပြုရေးအတွက် တရုတ်အစိုးရသည် မြန်မာအစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရခြင်းမရှိသေးသော အဖွဲ့များပါဝင်သည့် မြောက်ပိုင်းမဟာမိတ်အဖွဲ့အကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကို ဦးဆောင်ခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က လမ်းကြောင်းမှန်ပေါ်သို့ ရောက်လာသည့်အခါ ဒေါ်အောင်ဆန်းစုကြည်က အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် တွန်းအားပေးနိုင်လိမ့်မည်ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် BRI စီမံကိန်းများကို စီးပွားရေး အခွင့်အလမ်းတခု အနေဖြင့်သာမက နိုင်ငံရေးအရလည်း အသုံးပြုနေသည်ကို နားလည်နိုင်ပါသည်။
သို့သော် ဇန်နဝါရီ ၂၂ ရက်က စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ဒေသခံများ တွေ့ဆုံပွဲ၌ ကျောင်းသား တဦး၏ မေးမြန်းချက်ကို ဖြေကြားရာတွင် ယခင် အစိုးရ လက်ထက်က ပြုလုပ်ခဲ့သည့် စီမံကိန်းများကို မိမိတို့ မူဝါဒနှင့် မကိုက်ညီဟု ဆိုကာ ဖျက်သိမ်းမည် ဆိုပါက မိမိတို့နိုင်ငံကို မည်သူကမျှ အယုံအကြည် ရှိတော့မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သောကြောင့် ကချင်ခေါင်းဆောင်များကို တရုတ်သံအမတ် ပြောဆိုချက် မမှားဟု ဆိုနိုင်သည်။
အတိုက်အခံ ခေါင်းဆောင် ဖြစ်ခဲ့ချိန်နှင့် အစိုးရခေါင်းဆောင် ဖြစ်လာချိန် မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ရပ်တည်ချက် အပြောင်းအလဲ ရှိလာသည်။ “လူထုဆန္ဒနှင့်အညီ” ကိုင်တွယ်ဖြေရှင်းသွားမည်ဟူသော ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ ရွေးကောက်ပွဲကတိက အမှတ်ရစရာဖြစ်ပြီး အစိုးရအနေဖြင့် ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ၊ မြစ်ဝှမ်းအတွင်း ရေအားလျှပ်စစ်စီမံကိန်းများ လေ့လာစိစစ်သုံးသပ်ရေးကော်မရှင် ဖွဲ့ပြီး နိုဝင်ဘာတွင် အစီရင်ခံစာ ထွက်ရှိစေမည်ဟု ပြောသော်လည်း ယင်းအစီရင်ခံစာကို ယနေ့ထိ ပြည်သူ့ထံ အစီရင်မခံသေးသည်က အမှတ်လျော့စရာ ဖြစ်သည်။
အမျိုးသား ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်၊ နိုင်ငံတကာ သံခင်းတမာန်ခင်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုတို့တွင် အိမ်နီးချင်း တရုတ်နိုင်ငံ၏ အရေးပါသော အနေအထားအား ဒေါ်အောင်ဆန်းစုကြည် လက်တွေ့ကျကျ နားလည်လက်ခံပြီး သံကြီးတမန်ကြီး ပီသစွာ ဆက်ဆံနိုင်ပါသည်။
သို့သော် မြန်မာနိုင်ငံ၏ အသက်သွေးကြော ဧရာဝတီ မြစ်ကို ပိတ်ဆို့မည်ဖြစ်ပြီး စင်ကာပူကျွန်းထက် ပိုကြီးသော ရေလွှမ်းဧရိယာကို ဖန်တီးပေးမည့် မြစ်ဆုံရေကာတာ စီမံကိန်းကို ခွင့်ပြုခြင်းကိုမူ မြန်မာနိုင်ငံသား မဲဆန္ဒရှင်များက နားလည်လက်ခံမည် မဟုတ်ပေ။
စီမံကိန်းကို ပြန်လည်စတင်ခြင်းသည် ၂၀၂၀ ၌ အထွေထွေ ရွေးကောက်ပွဲ ကျင်းပမည့် မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်၏ သိက္ခာနှင့် NLD ၏ နိုင်ငံရေး ဦးဆောင်မှုကို မှိန်ဖျော့သွားစေနိုင်ကြောင်း အလေးအနက် ပြုသင့်သည်။
စစ်ဗိုလ်ချုပ်ကြီးများနှင့် တရုတ်တို့ စာချုပ်ချုပ်ဆိုခဲ့သော မြစ်ဆုံစီမံကိန်းသည် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အတွက် ဆုပ်လည်းဆူး စားလည်းရူး ဘေးကျပ်နံကျပ် ဖြစ်နေစေခဲ့ပြီ။ မြစ်ကြီးနား မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအင်ထုံးခါးနော်ဆန်၏ ပြောဆိုချက်က သက်သေပင်။
NLD ၏ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင်လည်း ဖြစ်သူ ဦးအင်ထုံးခါးနော်ဆန်က “ကျနော်တို့က ပိတ်လိုက်ရင်လည်း တရုတ်ဘက်က စိတ်ဒေါသတွေ ထွက်လာစရာ အကြောင်း ရှိတယ်။ ခွင့်ပြုလိုက်တယ် ဆိုရင်လည်း ပြည်သူက လုံးဝ မကြိုက်တဲ့ အတွက် တနိုင်ငံလုံး အနေအထားနဲ့ ကျနော်တို့ အပေါ်မှာ ဆန္ဒထုတ်ဖော်မှုတွေ ဖိအားတွေ များလာနိုင်ပါတယ်”ဟု ဧရာဝတီသို့ ပြောဆိုခဲ့သည်။