ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးကြောင့် အနောက်နိုင်ငံ ခရီးသွားများ လာရောက်မှု ကျဆင်းသွားသော်လည်း မြန်မာအစိုးရ၏ အရှေ့မျှော်ဝါဒကြောင့် အာရှ နိုင်ငံများမှ ခရီးသည် ဝင်ရောက်မှု ပိုများလာသည်။ အထူးသဖြင့် တရုတ်နိုင်ငံသား ခရီးသွား အရေအတွက် တိုးလာခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာနမှ စာရင်းများအရ သိရသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက် အထိ ပြည်တွင်းသို့ နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှုမှာ လူဦးရေ ၃ ဒသမ ၄၄ သန်း ရှိပြီး ၂၀၁၈ ခုနှစ်တွင် ၃ ဒသမ ၅၅ သန်းရှိခဲ့သည်။ ယင်းတို့အထဲတွင် တရုတ်နိုင်ငံ ခရီးသွား ဝင်ရောက်မှုမှာ ၃၈ ရာခိုင်နှုန်းဖြင့် အများဆုံး ဖြစ်ကြောင်း သိရသည်။
ဆွေမျိုးပေါက်ဖော်တို့ လာချေပြီ။ အမှန်တကယ်တွင်လည်း တရုတ်ခရီးသည်များသည် တကမ္ဘာလုံးနေရာ အနှံအပြား သွားရောက်လည်ပတ်လျက် ရှိသည်။ ကမ္ဘာလှည့်ခရီးသည်သွားလာမှု အထိန်းချုပ်ဆုံးနေရာဖြစ်သည့် အာဖရိကတိုက်မှာပင် အနည်းဆုံး တရုတ်ခရီးသည်များကို တွေ့နိုင်သေးသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအကြောင်းပြောလျှင် တရုတ်ခရီးသည်များ မပါမဖြစ်သည့် အနေအထားဟုပင် ဆိုနိုင်သည်။
ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့(UNWTO) ၏အဆိုအရ ၂၀၁၇ ခုနှစ်တွင် ပြည်ပခရီးစဉ်သွားလာနေသည့် တရုတ်နိုင်ငံသားဦးရေမှာ ၁၃၁ သန်းရှိပြီး ယင်းနှစ်က အမေရိကန်မှ ပြည်ပခရီးသွားနေသူဦးရေထက် မြင့်မားသွားခဲ့သည်။ ၂၀၀၀ ပြည့်နှစ်က ပြည်ပခရီးသွားနေသူ တရုတ်နိုင်ငံသား ၁၀.၅ သန်းနှင့် နှိုင်းယှဉ်ကြည့်လျှင် ရာခိုင်နှုန်း ၁၃၀၀ ထက်ကျော်လွန်သွားခဲ့သဖြင့် အရှိန်အဟုန် မည်မျှကြီးကြောင်း သိနိုင်သည်။ တရုတ်ခရီးသည်များ ပြည်ပရောက် သုံးစွဲငွေပမာဏမှာလည်း ၂၀၀၀ ပြည့်နှစ်က ဒေါ်လာ ၁၀ ဘီလီယံသာရှိခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂၅၇.၇ ဘီလီယံရှိလာသည်။ အမေရိကန်ခရီးသည်များက ဒေါ်လာ ၁၃၅ ဘီလီယံသာ သုံးစွဲခဲ့သဖြင့် တရုတ်က ထိပ်ရောက်သွားသည်။
အရှေ့တောင်အာရှသို့ ပြန်ကြည့်လျှင်လည်း အာဆီယံအဖွဲ့ဝင်နိုင်ငံအားလုံးမှာ တရုတ်ခရီးသည်ဦးရေ ဧရာမ များပြားသည့် အကျိုးကျေးဇူးကြောင့် ၎င်းတို့ ခရီးသွားကဏ္ဍများ ပွင့်လန်းလာခဲ့ကြသည်။ တရုတ်ခရီးသွားများမှာ ထိုင်း၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင် ခရီးသွားလုပ်ငန်းတို့၏ ဝင်ငွေရရှိရေး အဓိက ရင်းမြစ်များဖြစ်လာကြသည်။
အိမ်ရှင်နိုင်ငံအဖို့ တရုတ်ဧည့်သည်များ အဆင်ပြေချောမွေ့စေရေး မန်ဒရင်း စကားပြော လူဝင်မှု ကြီးကြပ်ရေး အရာရှိများ၊ ဈေးရောင်းသူများ၊ ဧည့်လမ်းညွှန်များ၊ ဟိုတယ်မန်နေဂျာများကို မွေးထုတ်ရသည်သာမက ဒစ်ဂျစ်တယ်ငွေကြေး ပေးချေရေးစနစ်ကို တရုတ်ဘဏ်များနှင့် ချိတ်ဆက်အလုပ်လုပ်နိုင်ရန်လည်း လုပ်ကြရသည်။ အခြားအာဆီယံနိုင်ငံများကဲ့သို့ မြန်မာကလည်း အလျင်အမြန် ကိုင်တွယ်ဖြေရှင်းရတော့မည်။
တရုတ်ခရီးသွားလုပ်ငန်းတွင် အငြင်းပွားဖွယ် “zero-dollar tourism” ဇီးရိုးဒေါ်လာ ခရီးသွားလုပ်ငန်းကိုလည်း နားလည်ရန် လိုသည်။ တရုတ်အခြေစိုက် ခရီးသွားအေဂျင်စီများသည် တရုတ်ခရီးသည်များကို လျှော့ဈေးအလုံးအရင်းဖြင့် ကမ်းလှမ်းကြပြီး ခရီးသည်အုပ်စုတို့သည် package tour အနေဖြင့် ၎င်းတို့အတွက် သတ်မှတ်ထားသောဆိုင်များ (သို့မဟုတ်) သတ်မှတ်ထားသောဈေးနှုန်းအတိုင်း ရောင်းချသော လက်လီဆိုင်များတွင်သာ တည်းခိုကြ၊ ဈေးဝယ်ကြသည်။ ထိုသို့ စီစဉ်ထားသည့်အတွက် အခြား ဒေသခံများက မရောင်းရ။ တည်းခိုရာနှင့် သတ်မှတ် ဈေးဆိုင်များမှအပ ဝင်ငွေ အကျိုးအမြတ်များမှာ တရုတ် ခရီးသွားအေဂျင်စီများသာ ခံစားရ၍ ဇီးရိုးဒေါ်လာ ခရီးသွားလုပ်ငန်းဟု နာမည်တွင်လာသည်။ ထိုင်းတွင် အရေးယူမှုများ ရှိသည်။
တဘက်မှာမူ တရုတ် ခရီးသွားလုပ်ငန်း ဖော်ပြပါအတိုင်း အရှိန်အဟုန်ဖြင့် ကြီးထွားလာရခြင်းတွင် တရုတ်ခရီးစဉ် စီစဉ်သူများသည် အငြင်းပွားဖွယ် ဇီးရိုးဒေါ်လာခရီးများအပါအဝင် အုပ်စုလိုက် ခရီးစဉ်များ စီစဉ်ရေးဆွဲရေး ပိုမို အဆင့်မြင့် ကျွမ်းကျင်လာပြီး ထိရောက်စွာ စီမံလာနိုင်ခြင်းကြောင့်လည်း ပါသည်။ ယင်းသို့ခရီးစဉ်များ စီစဉ်ရေးဆွဲရာတွင် ခရီးသည်များဘက်မှ ကုန်ကျစရိတ်ကို ကြိုပေးထားရပြီး သတ်မှတ်ထားသောနေရာများတွင် ဝယ်ယူနိုင်ကြစေရန် တရုတ်အွန်လိုင်းကုမ္ပဏီများက အွန်လိုင်းငွေချေစနစ် ပံ့ပိုးပေးထားသည်။ တရုတ်ရမ်မင်ဘီဖြင့် Wechat နှင့် Alipay ကဲ့သို့ တရုတ်ဒစ်ဂျစ်တယ်ငွေပေးချေမှု ပလက်ဖောင်းများကို သုံးစွဲကြသည်။
တရုတ်ခရီးသွားလုပ်ငန်း အကယ်ဒမီ Chinese Tourism Academy နှင့် ခရီးသွားဝက်ဘ်ဆိုက် Ctrip.com တို့၏အဆိုအရ အေဂျင်စီမှ စီစဉ်ပေးမှု မဟုတ်ဘဲ မိမိဘာသာ အင်တာနက်မှတဆင့် ကြိုတင်စီစဉ်ပြီး လွတ်လပ်စွာ ခရီးသွားလိုသူနှုန်း တက်လာကြောင်းလည်း သိရသည်။
ဂျကာတာအခြေစိုက် ဝါရင့်သတင်းစာဆရာနှင့် စာရေးဆရာ Veeramalla Anjaiah က အရှေ့တောင်အာရှသို့ တရုတ်ခရီးသည်ဦးရေ များပြားလာခြင်းသည် အလုပ်အကိုင်သစ်များ သန်းပေါင်းများစွာ ဖန်တီးပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းကို တိုးချဲ့ပေးမည်ဖြစ်သော်လည်း ထိုအချက်သည်ပင် တရုတ်၏ ပါဝါအပျော့ သံခင်းတမန်ခင်းတွင် လက်နက်ကိရိယာတခု ဖြစ်လာနိုင်သည်ဟု ဆိုသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ ကုန်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းထံမှ အကျိုးအမြတ်များ ခံစားရရှိနိုင်ရန်အတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် တရုတ်နှင့် ရင်းနှီးဖော်ရွေသော ဆက်ဆံရေးထိန်းသိမ်းထားရေးက မလွဲမသွေ လုပ်ရမည်ဟုလည်း ဆိုလိုက်သည်။
ထိုအရှိတရားသည် အစစ်အမှန် ဖြစ်ကြောင်း တဖန်ပြန်လည် တိုးတက်လာနေသော တရုတ်-မြန်မာ ဆက်ဆံရေးက သက်သေပင်။ အငြင်းပွားဖွယ် မြစ်ဆုံဆည် စီမံကိန်းအပေါ် အပြီးသတ် အဆုံးအဖြတ် အဖြေမပေးသေးသော်ငြား တရုတ်ပိုးလမ်းမသစ် စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော တရုတ် – မြန်မာ စီးပွားရေး စင်ကြန် CMEC အကောင်အထည်ဖေါ်ရေး ကော်မတီကို နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးစီး ဖွဲ့စည်းပြီး တရုတ် ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုနေခဲ့သလို တရုတ် ခရီးသွားများအတွက်လည်း ဆိုက်ရောက်ဗီဇာ ထုတ်ပေးခြင်းဖြင့် လမ်းဖွင့် ကြိုဆိုခဲ့ပြီ ဖြစ်သည်။
ဆွေမျိုးပေါက်ဖော်တို့ လာနေပြီ။