အယ်ဒီတာ့အာဘော်

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြဿနာကို မျက်မှောက်ပြုခြင်း

Want create site? Find Free WordPress Themes and plugins.

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် စစ်ဘက်က ရေးဆွဲခဲ့သော ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး လုပ်ဆောင်ရန် ပူးတွဲလွှတ်တော်ကော်မတီတရပ် ဖွဲ့စည်းရေးလုပ်ငန်းစဉ်ကို စတင်လိုက်ပြီဖြစ်သည်။ အများပြည်သူ စိတ်ပျက်ခြင်းနှင့် ပါတီကို အမာခံထောက်ခံသူများအကြား ယုံကြည်မှု ဆုံးရှုံးလာခြင်းတို့ကို ရင်ဆိုင်ရပြီးနောက် NLD အဆင့်မြင့် ခေါင်းဆောင်များသည် လွှတ်တော်တွင် အဆိုတင်သွင်းရန် မဆုံးဖြတ်မီ လအတန်ကြာကပင် ကြိုတင်စဉ်းစားသုံးသပ်ခဲ့ကြသည်။

ပြည်ထောင်စုလွှတ်တော်တွင် ပူးတွဲကော်မတီ ဖွဲ့စည်းရေး အဆိုတင်သွင်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်သူနှင့် NLD အဖွဲ့ဝင် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရခြင်း ၂ နှစ်ပြည့်ချိန်နှင့်လည်း တိုက်ဆိုင်နေသည်။

လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၃၉၇ ဦးက ထိုအဆိုကို ထောက်ခံပြီး ၁၇ ဦးက ကန့်ကွက်သည်။ သုံးဦးက မဲမပေးဘဲနေပြီး တပ်မတော်ကိုယ်စားလှယ်များ အားလုံးနှင့် အခြား ကိုယ်စားလှယ် ၂၁ ဦးတို့က မဲခွဲခြင်းကို သပိတ်မှောက်ခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးတွဲကော်မတီကို ပါတီအားလုံးမှ လွှတ်တော်ကိုယ်စားလှယ်များအတွက် တံခါးဖွင့်ထားပေးမည်ဟု အဆိုတင်သွင်းသူ NLD လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။ “ကျနော်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ ဥပဒေကြမ်းတင်သွင်းတာ မဟုတ်ဘူး။ ဥပဒေကြမ်းတခုကို စနစ်တကျ မြန်မြန်ဆန်ဆန် ပွင့်လင်းမြင်သာစွာလုပ်နိုင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးတွဲကော်မတီ ဖွဲ့စည်းဖို့ အဆိုတင်တာသာဖြစ်တယ်” ဟုလည်း ဆိုသည်။

ယခင်သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ယခင်အစိုးရခေတ်က လွှတ်တော်ကိုယ်စားလှယ်များသည် ဒေသဆိုင်ရာအစိုးရများနှင့် ပတ်သက်သော ဖွဲစည်းပုံအခြေခံဥပဒေ အသေးစားပြင်ဆင်မှုတခုကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။

မဲဆွယ်ပွဲ အဓိက ကတိ

၂၀၁၅ ခုနှစ်က NLD သည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို စီးပွားတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့နှင့်အတူ အဓိက မဲဆွယ်ပွဲ ကတိကဝတ်အဖြစ် ပေးခဲ့သည်။ သို့သော် အာဏာရပါတီသည် ထိုကတိကဝတ်များကို ဖြည့်ဆည်းနိုင်ခြင်း မရှိပေ။

တပ်မတော်က လက်ရှိ ထိန်းချုပ်မှုနှင့် အာဏာကို ထိန်းသိမ်းထားသည့် ကာလတလျှောက်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေကို အကြီးအကျယ်ပြင်ဆင်ခြင်းသည် လွယ်ကူမည် မဟုတ်ကြောင်း လူအများက သတိပေးခဲ့ကြသည်မှာ အမှန်ဖြစ်လာသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ကြည့်လျှင် ပြည်ထောင်စုနှင့် ဒေသဆိုင်ရာ လွှတ်တော်အားလုံး၏ ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို မည်သည့်မဲဆန္ဒနယ်မြေကိုမျှ ကိုယ်စားမပြုသည့် တပ်မတော်မှ ခန့်အပ်သူများအတွက် သီးခြားထားရှိသည်။ ထို့အပြင် အဓိကကျသည့် ဝန်ကြီးဌာန ၃ ခုဖြစ်သည့် ကာကွယ်ရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာနတို့ကို ထိန်းချုပ်ခွင့်နှင့် ဒုတိယ သမ္မတတဦးခန့်အပ်ခွင့်ကိုလည်း တပ်မတော်က ထိန်းချုပ်ထားသည်။

NLD အစိုးရသည် အာဏာရလာပြီးနောက် များပြားလှသည့် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထိုစိန်ခေါ်မှုများတွင် ရခိုင်ပြည်နယ် အကျပ်အတည်းနှင့် နောက်ဆက်တွဲ နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုများ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် ကြီးမားသော တိုးတက်မှု မရခြင်းနှင့် ကာလရှည်ကြာ နှေးကွေးနေသော စီးပွားရေးတို့ပါဝင်သည်။ တချိန်တည်းတွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို အားပေးသည့်အနေဖြင့် နေပြည်တော်တွင် ရင်းနှီးမြှုပ်နှံမှု ညီလာခံတက်ရောက်ခဲ့သည်။ ငြိမ်းချမ်းရေးကို ဦးစားပေးခြင်းဖြင့် လူမျိုးစုံ နေထိုင်နေသော နိုင်ငံတွင် စီးပွားရေး တိုးတက်အောင် လုပ်နိုင်မည်ဟု အစိုးရက ယုံကြည်နေသည်။

မြို့ကြီးများပေါ်တွင် လူထု၏ စိတ်အလိုမကျမှုကို အထင်အရှားတွေ့နိုင်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသည် ကြီးမားသော ထောက်ခံမှု ဆက်လက်ရနေသည်။ ယခင်အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် လူထုထောက်ခံမှု နည်းသောကြောင့် မည်သည့်နည်းလမ်းဖြင့်မဆို လူထုအတွက် ရွေးချယ်စရာ အနည်းငယ်သာ ရှိနေသည်။

နိုဝင်ဘာလက NLD ခေါင်းဆောင်များသည် ယှဉ်ပြိုင်သည့် ၁၃ နေရာတွင် မျှော်လင့်ထားသည်ထက် နည်းပြီး ၇ နေရာသာ အနိုင်ရသော ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကြောင့် တုန်လှုပ်သွားကြသည်။ နောက်ဆုံးတွင် ရွေးကောက်ပွဲကျင်းပသည့် လစ်လပ်မဲဆန္ဒနယ် အားလုံး၏ ၅၄ ရာခိုင်နှုန်းသာ ရှိသောကြောင့် ပါတီခေါင်းဆောင်များကို လှုပ်နှိုးလိုက်သကဲ့သို့ဖြစ်သွားသည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် မဲဆွယ်ပွဲကတိများဖြည့်ဆည်းရေးကို ဆက်လက်အာရုံစိုက်လုပ်ကိုင်နေကြောင်း NLD ခေါင်းဆောင်များ ပြောဆိုဆဲ ဖြစ်သည်။

လွန်ခဲ့သောနှစ် မေလက ဒေါက်တာမျိုးညွန့်က ဧရာဝတီ သတင်းဌာနသို့ ယခုလို ပြောခဲ့သည်။ “ကျနော်တို့အစိုးရက ဖွဲ့စည်းပုံပြင်ဖို့ ဘာမှ မလုပ်ဘူးဆိုတဲ့ ပူပန်မှုတွေ ရှိတယ်။ တကယ်တော့ ကျနော်တို့လုပ်သမျှ အားလုံး၊ လူထုထောက်ခံမှု ရဖို့ စည်းရုံး လှုံ့ဆော်ခြင်းကနေ တပ်မတော်နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ နေ့စဉ်ဘဝတွေ တိုးတက်ဖို့လုပ်နိုင်တယ်လို့ လူထုက ယုံကြည်လာရေးအထိဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ဖို့အတွက်ပဲ။ ဒီအုတ်မြစ်တွေ မရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်လို့မရဘူး။ ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ လူထု ထောက်ခံမှုရရေးကို လုပ်ရင်းနဲ့ မှန်ကန်တဲ့အချိန်ကို စောင့်နေတယ်။ နိုင်ငံရေးမှာ အမြဲတမ်းတောင်းဆိုမှုတွေပဲ လုပ်နေလို့ မရဘူး။ မှန်ကန်တဲ့အချိန်ကို စောင့်ရမယ်” ဟု ပြောခဲ့သည်။

ယခုအခါ မှန်ကန်သော အချိန်ရောက်ပြီဟု NLD ပါတီခေါင်းဆောင်များ ဆုံးဖြတ်လိုက်ပုံရသည်။ တိုင်းရင်းသားပါတီများအပေါ် စာနာ ထောက်ခံမှုမြင့်မားလာခြင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲနီးလာခြင်းတို့ကြောင့် NLD ပါတီအနေဖြင့် ၎င်းတို့သည် အားကိုးလောက်သော အင်အားစုဖြစ်နေသေးကြောင်း ပြသရန် လိုသည် မဟုတ်လော။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးသည် လွှတ်တော်တွင်းတွင် တိုင်းရင်းသားကိုယ်စားလှယ်များ၏ ကြီးမားသော ထောက်ခံမှုရရှိသည်။ NLD သည် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ရန် ပိုင်းဖြတ်ထားကြောင်းနှင့် နိုင်ငံကို ဒီမိုကရေစီနှင့် ပြုပြင်ပြေင်းလဲရေးဆီသို့ ဆောင်ယူနေသေးသည်ဟု အချို့သော တိုင်းရင်းသားပါတီများက ယုံကြည်နေဆဲဖြစ်သည်။ သို့သော် အများအပြားက စိတ်ပျက်နေပြီး နက်ရှိုင်းလာသော အကျပ်အတည်း၊ စိတ်ဝမ်းကွဲခြင်းနှင့် အယုံအကြည် ကင်းမဲ့ခြင်းတို့ဖြင့် ပြဿနာအများအပြားတွင် တိုးတက်မှုအနည်းငယ်သာ မြင်ကြသည်။

ထို့ကြောင့် NLD ခေါင်းဆောင်များသည် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ကဲ့သို့သော အဓိက နိုင်ငံရေးပါတီများနှင့် ဆက်သွယ်လုပ်ကိုင်ရန် ကြိုးစားလာရသည်။ ထိုနယ်ပယ်တွင် တိုးတက်မှုရှိသည်ဟု ပါတီ သစ္စာခံအချို့ယုံကြည်ကြသည်။

နေပြည်တော်၏ မမြင်နိုင်သော ကစားကွက်

အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအပေါ် ထိန်းချုပ်မှုကို ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုအစိုးရရုံး ဝန်ကြီးဌာနအောက်သို့ မကြာသေးမီက လွှဲပြောင်းပေးခဲ့သည်။ ယခု ပြည်ထဲရေးဝန်ကြီးဌာနအောက်တွင် ရှိနေဆဲဖြစ်သော ရဲတပ်ဖွဲ့ကိုလည်း ထိုသို့ လုပ်ဆောင်ပြီး မကြာမီ ပြည်ထောင်စု အစိုးရအောက်သို့ရောက်လာမည်ဟူသော ခန့်မှန်းချက်များလည်း ရှိနေသည်။

ထိုအပြောင်းအလဲများသည် အားတက်စရာကောင်းသော်လည်း နေပြည်တော်မှ ကစားပွဲမှာ ဆက်လက်ဖြစ်ပေါ်နေပြီး အများအားဖြင့် မြင်သာခြင်း မရှိဘဲ ဆက်လက်ဖြစ်ပေါ်နေပုံရသည်။

NLD သည် အမျိုးသားနိုင်ငံရေးတွင် တပ်မတော်၏ အခန်းကဏ္ဍ၊ နိုင်ငံခြားသား ဇနီး ခင်ပွန်း သားသမီးရှိသူ သမ္မတဖြစ်ခွင့် ပိတ်ပင်သည့် ပုဒ်မ ၅၉(စ)နှင့် ဖွဲ့စည်းပုံပြင်ရန် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းထောက်ခံရန် လိုအပ်စေသည့် ပုဒ်မ ၄၃၆ စသည့် အရေးပါသော ပြဿနာများအပါအဝင် ဖွဲ့စည်းပုံ၏ ပုဒ်မပေါင်း ၁၆၀ ကျော်ကို ပြင်လိုသည်။

NLD ခေါင်းဆောင်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ သား ၂ ဦးမှာ နိုင်ငံခြားသား ဖြစ်သောကြောင့် ပုဒ်မ ၅၉(စ) အရ သမ္မတ ဖြစ်ပိုင်ခွင့် မရှိပေ။

မည်သို့ဆိုစေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းတွင် အင်အားကြီးမားလှသော တပ်မတော်ကို ဖယ်ထုတ်မရပေ။ တပ်မတော်၏ ပူးပေါင်းဆောင်ရွက်မှု မရပါက ပြင်ဆင်မှုများသည်လည်း အဓိပ္ပါယ်ရှိမည် မဟုတ်ပေ။

လက်တွေ့တွင် တိုင်းရင်းသားများလှသော မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၏ အဓိက ရည်မှန်းချက်မှာ နိုင်ငံရေးနှင့် အုပ်ချုပ်ရေးသာမက ဗဟိုချုပ်ကိုင်မှု ဖြည်လျှော့ရေး ဖြစ်သင့်သည်။

ထိုအခြေအနေသည် ချောမွေ့သော ခရီးမဖြစ်နိုင်ဘဲ အောင်မြင်မည်ဟုလည်း အာမ မခံနိုင်ပေ။ ယခု ပူးတွဲကော်မတီ ဖွဲ့စည်းရေး အဆိုသည် သေးငယ်ပြီးနောက်ကျသော ခြေလှမ်းကလေးသာဖြစ်သော်လည်း NLD က အချိန်ကျပြီဟု ထင်လျှင် ထင်နိုင်သည်။

သို့သော် သေချာသောအချက်မှာ လာမည့်လများအတွင်း စိတ်ဝင်စားစရာကောင်းသော ဖြစ်ပေါ်တိုးတက်မှုများနှင့် ခေါင်းကြီးသတင်း ဖြစ်လာမည်ဟု မိမိတို့ မျှော်လင့်နိုင်ခြင်းသာဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Acknowledging the Elephant in the Room  ကို ဆီလျော်အောင် ဘာသာပြန်သည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading