ကျယ်ပြန့်လာနေသော ရခိုင်ပြည်စစ်ပွဲကြောင့် အရပ်သားများ သေကျေ ပျောက်ဆုံးမှုများ တိုးပွားလာနေသည်။ သက်ဆိုင်ရာ ဘက် ၂ ဘက်လုံးမှ တာဝန်ရှိသူများအနေဖြင့် တိုက်ပွဲများကို အမြန်ဆုံး ရပ်ဆိုင်းသင့်ပြီ ဖြစ်ပြီး အရပ်သားများ၏ အသက်စည်းစိမ် လုံခြုံရေးကို မထိပါးရန် အာမခံသင့်သည်။
၂၀၁၈ ခုနှစ် နိုဝင်ဘာလက ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် တောင်ပိုင်း၌ စတင်ခဲ့သော မြန်မာ့တပ်မတော်နှင့် ရခိုင် လက်နက်ကိုင်အဖွဲ့ ရက္ခိုင့်တပ်မတော် (AA) တို့ကြား ပြင်းထန်သော တိုက်ပွဲများသည် ရခိုင်ပြည် အလယ်ပိုင်းသို့ ပျံ့လာပြီး သေဆုံးသူများ၊ ပျောက်ဆုံးသူများ၊ ဒဏ်ရာရသူများ တစထက် တစ တိုးလာနေသလို နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၅ ထောင်ကျော် ရှိလာပြီဖြစ်သည်။
အမုန်းတရားများကိုသာ မြင့်တက်လာစေသည့် AA ၏ လူမျိုးရေး အခြေခံ စစ်ပွဲက သတ်ဖြတ်မှုများ၊ သံသယများကိုသာ သယ်ဆောင်ယူလာသည်။ ရခိုင်ပြည်နယ်တွင်း မှီတင်းနေထိုင်ကြသော ရခိုင်၊ မြို၊ ဒိုင်းနက်၊ ဟိန္ဒူနှင့် ရိုဟင်ဂျာဟု ကိုယ့်ကိုယ်ကိုယ်ခေါ်သော ဘင်္ဂါလီ လူမျိုးစုအသီးသီးတို့ ခါးသည်းသော လူမှုဒုက္ခ အဖုံဖုံကို ခံစားခဲ့ကြရသည်မှာ တော်လောက်ပြီဖြစ်သည်။
အကယ်၍ AA အနေဖြင့် ဤအခြေအနေမှ လွတ်မြောက်ရာလမ်းကို ရှာဖွေချင်ပါက ယင်းသည် စစ်ပွဲမဟုတ်ပါ။ နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးရေး စားပွဲ၌သာ ညှိနှိုင်း အဖြေရှာရမည် ဖြစ်သည်။
၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၄ ရက် နယ်ခြားစောင့် ရဲစခန်းများကို ဝင်တိုက်ခဲ့သော AA ၏ တိုက်ခိုက်မှုအား ပြန်လည် လက်တုန့်ပြန်သော မြန်မာ့တပ်မတော်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုများကလည်း ရခိုင်ပြည် မြောက်ပိုင်းတွင် ၂၀၁၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူ့အခွင့်အရေး ချိုးဖောက်မှုများကဲ့သို့ တဖန် ပြန်လည် မဖြစ်ပွားစေရေး စည်းကမ်းများကို တင်းတင်းကျပ်ကျပ် စောင့်ထိန်းစေသင့်သည်။
ယခုလအတွင်းတွင်ပင် တပ်မတော်၏ ရမ်းသမ်း ပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဒေသခံအရပ်သားများကို AA နှင့် အဆက်အသွယ်ရှိကြောင်း သံသယဖြင့် ဖမ်းဆီးမှုများက တရားဥပဒေ ပြင်ပမှ မဖြစ်စေသင့်ပါ။
ငြိမ်းချမ်းရေး တည်ဆောက်ရန် အပြန်အလှန် နားလည် ယုံကြည်မှုတည်ဆောက်နေပါသည်ဟူသော အမျိုးသား ရင်ကြားစေ့ရေးအတွက် လုပ်ဆောင်နေသော အရေးကြီးနေသည့် ယခု ကာလတွင် လူမျိုးရေး အမုန်းပွားစေပြီး လူအသေအပျောက်များစေသည့် တိုက်ပွဲများကို အသုံးချကာ နိုင်ငံရေးကစားနေခြင်းများနှင့် မတူညီသော လူမျိုးစုများ၊ အသင်းအဖွဲ့များအကြား နားလည် ယုံကြည်မှု ပျက်ပြားစေသော လူ့အခွင့်အရေးချိုးဖောက်မှုများသည် ဒီမိုကရေစီ နိုင်ငံရေး ယဉ်ကျေးမှု ကျင့်ဝတ်နှင့် မလျော်ညီသလို နိုင်ငံသားတိုင်း ထားအပ်သည့် ဖယ်ဒရယ် ပြည်ထောင်စုစိတ်ထားလည်း မဟုတ်ပေ။
မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ပြည်နယ်သားများအတွက် အဆိုးသံသရာမှ လွတ်မြောက်ရေးလမ်းစ အမှန်သည် စစ်ပွဲကို အမြန်ဆုံး ရပ်တံ့ရေးသာ ဖြစ်ပေတော့သည်။