အယ်ဒီတာ့အာဘော်

ရခိုင် ပြဿနာ နိုင်ငံရေးနည်းဖြင့် အမြန်ဆုံး အဖြေရှာကြပါ

Want create site? Find Free WordPress Themes and plugins.

ဇန်နဝါရီလ ၄ ရက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့ အကြိုတွင် ရခိုင်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုဖြစ်သည့် ရက္ခိုင့် တပ်မတော်(AA) က ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ရဲတပ်ဖွဲ့ စခန်း ၄ ခုကို တပြိုက်နက် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုများကြောင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးခဲ့ရပြီး AA က နောက်လာမည့် ရက်သတ္တပတ်များနှင့် လများ အတွင်း တိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လိမ့်မည်ဖြစ်ကြောင်း နေပြည်တော်အစိုးရသို့ အချက်ပေးခဲ့သည်။ တိုက်လည်း တိုက်ခဲ့သည်။ မတ်လ ၉ ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းတွင် မြန်မာ့တပ်မတော်မှ တပ်ဖွဲ့များနှင့် တိုက်ခိုက်မှုဖြစ်ပွားစဉ်အတွင်း တပ်မတော်၏ ယာယီစစ်ဗျုဟာ စခန်းတခုကို သိမ်းပိုက်၍ စစ်သုံ့ပန်း ၁၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း AA က ကြေညာခဲ့သည်။

ရခိုင်ပြည်နယ်မှ ပဋိပက္ခ အရှိန်မြင့်တက်လာခြင်းက အရေးတကြီး အလေးထားရန် လိုအပ်လာပြီး ပြည်ထောင်စု အစိုးရ ခေါင်းဆောင်များက တပ်မတော်နှင့် AA ကြားမှ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ စိုးရိမ်လာခဲ့ကြသည်။ သမ္မတရုံး၏ ပြောရေးဆိုခွင့် ရှိသူ တဦးဖြစ်သော ဦးဇော်ဌေးက“လုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးအရရော ကျနော်တို့ရဲ့ ဒီမိုကရေစီ ကူးပြောင်းရေး အရပါ စိုးရိမ်စရာ အနေအထားတွေ ဖြစ်လာတယ်။ အဲဒီအပေါ်မှာတော့ လူကြီးတွေ ပြန်လည် သုံးသပ်ပြီးတော့ အကောင်းဆုံး လုပ်ပါလိမ့်မယ်။ သူတို့လည်း ဆွေးနွေး ညှိနှိုင်းနေတာတွေ ရှိပါတယ်”ဟု ပြောကြားခဲ့သည်။

အစိုးရက တည်ငြိမ်မှုကို ပြန်လည်ရယူရန် လိုအပ်ခဲ့သည့် ၂၀၁၂ ခုနှစ်တွင် သမ္မတ ဦးသိန်းစိန် ပြုလုပ်ခဲ့သည့်အတိုင်း မကြာမီ ရခိုင်ပြည်နယ်တွင် အစိုးရက အရေးပေါ် အခြေအနေ ကြေညာလိမ့်မည်ဆိုသည့် ကောလာဟလများလည်း ထွက်ပေါ်ခဲ့သည်။

အမှန်တကယ်တွင်လည်း ရခိုင်ပြည်နယ်၏ တည်ငြိမ်မှုက ယခုအခါတွင် မေးခွန်းထုတ်စရာဖြစ်နေပြီး ပဋိပက္ခမှ ထွက်ပြေး နေကြသည့် ထောင်နှင့် ချီသော စစ်ရှောင်ဒုက္ခသည်များကို ကျနော်တို့ မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။ AA နှင့် မြန်မာ့တပ်မတော် တို့ကြားတွင် တိုက်ပွဲနှင့် တိုက်ပွဲငယ်များ မကြာခဏ ပေါ်ပေါက်နေသည်ကို ကျနော်တို့ မြင်ကြရသည်။

ထိုင်းနိုင်ငံသို့ မကြာသေးမီက သွားရောက်လည်ပတ်ခဲ့သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် တပ်မတော်ခေါင်းဆောင်များက ရခိုင်အရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် ထိပ်တန်းလုံခြုံရေး အစည်းအဝေးတခု ခေါ်လိမ့်မည်ဟု မျှော်လင့်နေခဲ့ကြသည်။ သို့သော်လည်း အရေးပေါ် အခြေအနေ ကြေညာခြင်းက ရခိုင်ပြည်နယ်မှ ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည် မဟုတ်ဘဲ မြန်မာ အစိုးရအနေဖြင့် အခြေအနေကို နိုင်ငံရေးနည်းလမ်းများဖြင့် ကြားဝင် ကိုင်တွယ်ရမည် ဖြစ်သည်။

တိုက်ပွဲကြားက တပ်ဖွဲ့

AA ကို ၂၀၁၄ ခုနှစ်အထိ လူသိနည်းခဲ့သည်။ သို့သော်လည်း AA က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ဌာန ချုပ်ဖြစ်သည့် လိုင်ဇာတွင် ၂၀၀၉ ခုနှစ်မှ စတင်၍ တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။ AA က စစ်သင်တန်းများနှင့် လက်နက်များကို KIA ထံမှ ရသည်ဟု သိရှိထားပြီး မြန်မာနိုင်ငံ မြောက်ပိုင်းတွင် တိုင်းရင်းသား မဟာမိတ် အဖွဲ့များထံမှ ထောက်ခံမှုများ ရရှိထားသည်ဟု ယုံကြည်ရသည်။

ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင် ရခိုင်ပြည်နယ်၌ ဗဟို အစိုးရကို ဆန့်ကျင်တိုက်ခိုက်သည့် လက်နက်ကိုင်တပ်ဖွဲ့ များ မရှိခဲ့ပါ။ သို့သော် ယခင်က ရခိုင်လက်နက်ကိုင်တပ်ဖွဲ့များသည် မာနယ်ပလောဟု သိကြသည် ကရင်လက်နက်ကိုင် များ၏ ဌာနချုပ်တွင် အခြေပြုခဲ့ကြသည်။ တခုမှာ AA နှင့် ပတ်သက်မှု မရှိသော ရခိုင်လွတ်မြောက်ရေးတပ်မတော် (Arakan Liberation Army) ဟု သိကြသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်း ဘူးသီးတောင်မြို့နယ်နေ ဒေသခံများ စစ်ရှောင်နေစဉ်/ မင်းအောင်ခိုင်

ယနေ့ တွင် AA တပ်ဖွဲ့ဝင်များမှာ မြန်မာနိုင်ငံမြောက်ပိုင်းတွင် သူတို့၏ မဟာမိတ်များနှင့် အတူတိုက်ပွဲများ ဝင်ခဲ့သည့် အတွက် စစ်မြေပြင်အတွေ့အကြုံများ ပိုမိုရရှိခဲ့ကြပြီ ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုများ သင်ကြားခဲ့သည့် အပြင် ယခုအခါ ရခိုင်ပြည်သူတို့၏ ခိုင်မာသော ထောက်ခံမှုများနှင့် နိုင်ငံရေးသမားတို့၏ စာနာထောက်ထားမှုကို ရရှိနေသည့် အသွင်ဖြစ် သည်။

သူတို့သည် ဘဏ္ဍာရေးအရ တောင့်တင်းမှု ရှိပြီး ဘရပ်ဆဲလ်အခြေစိုက် International Crisis Group (ICG) က “ကချင်ပြည်နယ်နှင့် ရန်ကုန်ရှိ ကြီးမားသော ရခိုင်အသိုင်းအဝိုင်းက တိုက်ခိုက်ရေးသမားများအတွက် နောက်ထပ် အရေး ပါသော အရင်းအမြစ်ဖြစ်သည်။ လက်နက်ကိုင်အဖွဲ့(AA) က ရန်ကုန်မှ ရခိုင်ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းများနှင့် ရခိုင်လူမျိုးပိုင် စီးပွားရေးလုပ်ငန်းများကို လူသစ်စုဆောင်းရေး ရုံးများအဖြစ် အတော်ပင် ပွင့်ပွင့်လင်းလင်း အသုံးပြုနေ သည်” ဟု ဆိုသည်။ ပြည်ပရောက် ရခိုင်ရွှေ့ပြောင်းလုပ်သားများကလည်း AA သို့ ငွေပို့ ပေးခဲ့ကြသည်။

“AA က ဘူးကွယ်ထားသော်လည်း မြန်မာနိုင်ငံမှ အခြားသောလက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးကဲ့သို့ပင် မူးယစ်ဆေး ကုန်သွယ်ရေးမှ အကျိုးအမြတ် ရရှိနေသည့် အသွင်ရှိသည်” ဟု ICG က ရေးသားခဲ့သည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားမှာ တရားမဝင်ကုန်သွယ်ရေးတွင် ပါဝင်ပတ်သက်နေသည့်အတွက် ထိုအချက်ကို အံ့သြရန် ခက်ခဲပါသည်။

“အကြမ်းဖက်” အမည်တပ်ခြင်း

မည်သို့ပင် ဖြစ်ခဲ့စေကာမူ တပ်မတော်က ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးများနှင့် AA ကို အကြမ်းဖက် အဖွဲ့အဖြစ် ကြေညာခြင်း တို့က အဆိုပါ တင်းမာမှုများကို ပိုမိုဆိုးရွားသွားစေခဲ့သည်။ ဇန်နဝါရီလ တိုက်ခိုက်မှုဖြစ်ပြီး များမကြာမီ အစိုးရပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ခြိမ်းခြောက်မှုတခု ပြုလုပ်ခဲ့သည်။ “ရခိုင်ပြည်နယ် နောင်လာမယ့် ဆယ်စုနှစ်များစွာအတွင်းမှာ ဒီလိုပဲ စစ်ပွဲသံသရာ လည်သွားတာကို မြင်ချင်သလား။ AA ကို ထောက်ခံနေတဲ့ ရခိုင်ပြည်သူတွေကို ကျနော်ပြောချင် ပါတယ်။ ကိုယ့်အတွက်ပဲ မစဉ်းစားပါနဲ့၊ နောက်လာမယ့် မျိုးဆက်အတွက် စဉ်းစားပါ” ဟု ဦးဇော်ဌေးက ပြောကြားခဲ့သည်။ AA က ARSA နှင့် ဆက်သွယ်မှု ရှိနေသည်ဟုလည်း သူက စွပ်စွဲခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းတွင် လှုပ်ရှားနေသည် ဟု သူက ပြောသည်။ သို့သော်လည်း တင်းမာမှုများကို ပိုမိုဆိုးရွားစေခဲ့သည်။

ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရက္ခိုင့်တပ်မတော်(AA) ၏ နိုင်ငံရေး ရည် မှန်းချက်မှာ ရခိုင်ပြည်နယ်တွင် ကွန်ဖက်ဒရိတ် အဆင့်အတန်းရရှိရေး ဖြစ်သည်ဟု ပြောသည်။ “ကျနော်တို့က အခြေခံဥပဒေနဲ့ အညီ ‘ဝ’လိုမျိုး အာဏာခွဲဝေမှု မြင့်မားတဲ့ (Confederate) အခြေအနေကို ပိုသဘောကျတယ်” ဟု ဗိုလ်ချုပ်ထွန်းမြတ်နိုင်က AA ၏ မဟာမိတ်ဖြစ်သော ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ အနေအထားကို ရည်ညွှန်း၍ ပြောသည်။ ကွန်ဖက်ဒရေးရှင်းက ဖက်ဒရယ်စနစ်ထက် ပိုကောင်းကြောင်း သူက ထပ်ပြော သည်။

အမှန်တကယ်တွင် AA တိုက်ခိုက်မှုများ၏ ရည်မှန်းချက်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ခြေကုပ်စခန်းတခု တည်ထောင်ရန်နှင့် မည်သည့် အနာဂတ် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင်မဆို အနေအထားကို ခိုင်မာစေရန် ဖြစ်သည်။

သို့သော်လည်း ရခိုင်ပြည်နယ်သည် အလေးအနက်ထားရမည့် အကျပ်အတည်းများနှင့် ရင်ဆိုင်နေရသည်။ ဘရပ်ဆဲလ် အခြေစိုက် ICG က ဇန်နဝါရီလအတွင်း ထုတ်ပြန်ခဲ့သည့် ၎င်းတို့၏ အစီရင်ခံစာတွင် “ပြည်နယ်သည် ရိုဟင်ဂျာများ အစု အပြုံလိုက် ထွက်ပြေးခြင်းကြောင့် ထိခိုက်ခဲ့ပြီး ဖြစ်သည်။ ရခိုင်တိုင်းရင်းသားများနှင့် အစိုးရတို့ကြားမှ တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခြင်းက မြန်မာနိုင်ငံ၏ အရပ်ဘက်အုပ်ချုပ်ရေးသို့ နိုင်ငံရေးအသွင်ကူးပြောင်းမှုအပေါ် ထိုးနှက်ချက်တခု ဖြစ်လာပြီး ရပ်တန့်ရန် ခက်ခဲလိမ့်မည်” ဟု သတိပေးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ARSA အကြမ်းဖက်အဖွဲ့က အပြစ်မဲ့ ရွာသားများနှင့် ရဲကင်းစခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် တပ်မတော်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများ ပြုလုပ်သည့် အချိန်တွင် AA က အထောက်အကူမပြုခဲ့သည့်အတွက် တပ်မတော်ခေါင်းဆောင်များကို စိတ်ပျက်စေခဲ့သည်ဟု သိရသည်။ ထိုပဋိပက္ခတွင် ARSA အကြမ်းဖက်အဖွဲ့နှင့် ရွာသားများ၊ တပ်မတော်နှင့် ရခိုင်အရပ်သား ကာကွယ်ရေးသမားများဟူ၍ ၃ ဖွဲ့ ပါဝင်ပတ်သက်မှု ရှိခဲ့သော်လည်း AA ကို မည်သည့်နေရာတွင်မှ မတွေ့ခဲ့ရပါ။ AA ကို နာမည်ပျက်စေရန် တပ်မတော်နှင့် သမ္မတရုံးတို့က AA သည် ARSA နှင့် ပတ်သက်မှု ရှိနေကြောင်း စွပ်စွဲခဲ့သည်။

AA ၏ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက စွပ်စွဲမှုများကို ပယ်ချခဲ့သည်။ ၎င်းတို့၏ အဖွဲ့အစည်းက ARSA နှင့် ဆက်နွယ်မှု မရှိကြောင်းနှင့် မူးယစ်ဆေးဝါး ကုန်သွယ်ခြင်းအပါအဝင် မည်သည့် တရားမဝင် စီးပွားရေးလုပ်ငန်းတွင်မျှ ပါဝင်ပတ်သက် ခြင်း မရှိကြောင်း သူက ပြောသည်။

၂၀၁၆ ခုနှစ် ဌာနချုပ် လိုင်ဇာတွင် ပေးသော AA ၏ စစ်သင်တန်းတခု/ နန်းလွင်နှင်းပွင့်

“ကျနော်တို့မှာ ကျနော်တို့ရဲ့ ကိုယ်ပိုင် တာဝန်ရှိပါတယ်။ မြန်မာအစိုးရက ကျနော်တို့က ARSA နဲ့ ပတ်သက်မှု ရှိတယ်လို့ ပြောပြီးတော့ ကျနော်တို့ရဲ့ ပုံရိပ်ကို ဖျက်ဆီးဖို့ ကြိုးစားနေပါတယ်။ ဒါက ကျနော်တို့ကို အကြမ်းဖက်အဖွဲ့အစည်းတခုလို့ ပုံ ဖော်ဖို့ သူတို့ရဲ့ နိုင်ငံရေးညစ်ပတ်မှု ပါ” ဟု သူကပြောသည်။

AA က “ရက္ခိတလမ်းစဉ်” (ရက္ခိုင်အိပ်မက်) ကိုလည်း ဘုံမြှောက်ခဲ့သည်။ လွန်ခဲ့သော ရာစုနှစ်များအတွင်းတွင် ကြီးကျယ်ခမ်းနားခဲ့သော ရခိုင်ဘုရင့်နိုင်ငံတော်နှင့် ပတ်သက်သည့် အမှတ်တရများ ပြည်သူများကြား ပေါ်ထွက်လာစေသည့် စည်းလုံးညီညွတ်ရေး သတင်းစကားတခုဖြစ်သည်။

အရေးပါသော အမှားများ

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးသည့် အချိန်မှစတင်၍ NLD ဦးဆောင်သော အစိုးရက ရခိုင်ပြည်နယ်တွင် အလွန် အရေးပါသည့် အမှားများပြုလုပ်ခဲ့သည်။ ပထမမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ပြည်နယ်အတွင်းတွင် အဓိက ရခိုင်ပါတီဖြစ်သည့် ရခိုင်အမျိုး သားပါတီ(ANP) က နေရာအများစု အနိုင်ရရှိခဲ့သော်လည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အနည်းစုသာ အနိုင်ရခဲ့သည့် NLD အစိုးရကို ခန့်အပ်ခဲ့သည်။ ထိုအချိန်မှစ၍ ရခိုင်တိုင်းရင်း သားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်၏ NLD အစိုးရတို့ကြားတွင် နိုင်ငံရေးအရ တင်းမာမှုများ ရှိလာခဲ့ရသည်။ တဖြည်းဖြည်းနှင့် AA ခေါင်းဆောင်များက ရခိုင်ပြည်နယ်အတွင်းသို့ စိမ့်ဝင်လာပြီး စခန်းများ တည်ထောင်ခဲ့သည်။ နိုင်ငံရေး အဖွဲ့များနှင့် ဆက်သွယ်မှုများ ထူထောင်လာခဲ့ကြသည်။

ICG က “သမ္မတ ဦးသိန်းစိန်၏ လက်ထက်တွင် အစိုးရက ရခိုင်နိုင်ငံရေးခေါင်းဆောင်များနှင့် ဆွေးနွေးတိုင်ပင်ရန် အားထုတ်မှု အချို့ ပြုလုပ်ခဲ့သည်။ သူတို့ကို ဆုံးဖြတ်ချက် ချမှတ်မှုများတွင် ပါဝင်စေခြင်း အပါအဝင် ဖြစ်သည်။ မဟာမိတ်များ ဖန်တီးရန် စီးပွားရေးလုပ်ပိုင်ခွင့်များပေးခြင်းကိုလည်း ဗျူဟာမြောက်စွာ အသုံးပြုခဲ့သည်။ NLD အစိုးရကမူ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ပြည်နယ်တွင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်နေရာ အများစုကို ရှင်းရှင်းလင်းလင်း ရရှိခဲ့သော ရခိုင်အမျိုးသားပါတီက ပြည်နယ်ဝန်ကြီးချုပ် ရာထူးနေရာ တောင်းခံခြင်းကို ဥပေက္ခာပြု၍ ANP နှင့်ယှဉ်လျှင် အင်အားနည်းသည့် NLD အဖွဲ့ဝင်တဦးကို ခန့်အပ်ခဲ့သည်” ဟု ရေးသည်။

“၂၀၁၆-၁၇ ARSA ၏ တိုက်ခိုက်မှုများ နှင့် ၎င်း၏ အကျိုးဆက်အနေဖြင့် ရိုဟင်ဂျာမွတ်ဆလင် ၈၀၀၀၀၀ ထွက်ပြေးခဲ့ကြပြီး နောက်ပိုင်းတွင် ဗဟိုအစိုးရက ရခိုင်ပြည်နယ်၏ အုပ်ချုပ်ရေးလုပ်ငန်းများအပေါ်တွင် နောက်ထပ် ထိန်းချုပ်မှုများ ပိုမိုခိုင်မာစေရန် ဆောင်ရွက်ခဲ့ခြင်းက ပြည်နယ်အစိုးရကို လုပ်ပိုင်ခွင့်အာဏာ အကြီးအကျယ် ကင်းမဲ့သွားစေပြီး ပြည်နယ်လွှတ်တော်မှာလည်း ဘေးရောက်သွားသည်” ဟု ICG က ထောက်ပြသည်။

မြောက်ဦး ဆန္ဒပြပွဲ

၂၀၁၈ ခုနှစ်တွင် ဆန္ဒပြပွဲတခုကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲခဲ့ပြီးနောက် ထင်ရှားသော ရခိုင်နိုင်ငံရေးသမားတဦးဖြစ်သည့် ANP ပါတီ ဥက္ကဌ ဒေါက်တာအေးမောင်နှင့် ရခိုင်တက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံခဲ့ရသည်။ ရှေးဟောင်း ရခိုင်ဘုရင့်နိုင်ငံ မြောက်ဦး ဗမာဘုရင့်နိုင်ငံ လက်အောက်သို့ ကျရောက်သွားခဲ့ရသည့် နှစ်ပတ်လည် အထိမ်းအမှတ် အခမ်းအနားတခု သူတို့က ကျင်းပခဲ့သည်။

ထိုအချိန်မှ စတင်၍ ဒေါက်တာအေးမောင်ကို ထောင်သွင်းအကျဉ်းချထားခဲ့ပြီး နိုင်ငံတော်ပုန်ကန်မှုနှင့် သွေးထိုးလှုံ့ဆော် မှုများအတွက် တရားရင်ဆိုင်နေရသည်။ (ဒေါက်တာ အေးမောင်သည် ပါတီတွင်းတိုက်ပွဲများကြောင့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် ANP ပါတီ ဥက္ကဌနှင့် အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခဲ့သည်။ သို့သော်လည်း နောက်ပိုင်းတွင် သူ့ကို ပါတီမှ ဆိုင်းငံ့ထားခြင်း ဖြစ်ကြောင်း ANP က ကြေညာခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ရုံးထွက်လာသော အကျဉ်းစံ ဒေါက်တာအေးမောင်/ မင်းအောင်ခိုင်

တပ်မတော်ကလည်း အပစ်အခတ်ရပ်စဲရေး နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး AA ၏ တောင်းဆိုမှုကို အစောပိုင်းကတည်းက ဥပေက္ခာပြုခဲ့သည်။ ထိုအချက်ကိုလည်း AA ခေါင်းဆောင်များက ဒေါသဖြစ်ခဲ့ကြသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းတွင် တပ်မတော်က ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မှ စစ်တိုင်းဒေသ ၅ ခုတွင် အကျုံးဝင် သော တဖက်သတ် အပစ်အခတ်ရပ်စဲရေးတခုကို ကြေညာခဲ့သည်။ သတ်မှတ်ရက်က ဧပြီလ ၃၀ ရက်နေ့တွင် ပြီးဆုံးမည် ဖြစ်သည်။ သို့သော်လည်း ARSA ကို တိုက်ခိုက်နေသည့် စစ်ဆင်ရေးများကြောင့် ရခိုင်ပြည်နယ်က အပစ်အခတ်ရပ်စဲရေး တွင် မပါဝင်ခဲ့ပါ။ သို့သော် တပ်မတော်က AA ကို တိုက်ခိုက်ရန် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်မှ တပ်ဖွဲ့များကို ရခိုင်ပြည်နယ်သို့ ခေါ်ယူလာသည်ဟု AA ခေါင်းဆောင်များက သံသယရှိခဲ့ကြသည်။ ယခုအချိန်အထိ တိုက်ခိုက်မှုများ ပြောလျော့စေမည့် ခိုင်မာသော ဆောင်ရွက်ချက် အနည်းငယ်မျှသာ ရှိသေးပြီး မတည်ငြိမ်မှုများသာ တိုးလာခဲ့သည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းတွင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာလှည့်ခရီးသည်များ လာရောက်ကြသော ရခိုင်ပြည်နယ်မှ ငပလီကမ်းခြေသို့ ရှားရှားပါးပါး သွားရောက်ခဲ့သည်။ ဂျပန်နိုင်ငံက အထောက်အပံ့ပေးသည့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာ ပွဲတခုအတွက် ဖြစ်သည်။

အဆိုပါပွဲ၌ မိန့်ခွန်းပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က တာဝန်ယူမှုရှိသော စီးပွားရေးလုပ်ကိုင်မှု အလေ့အထများ ကို အလေးပေးပြောကြားခဲ့သည်။

“နိုင်ငံတကာရဲ့ အာရုံစိုက်မှုက ငြိမ်ချမ်းမှုနဲ့ အောင်မြင်မှုအတွက် ကြီးမားတဲ့ အလားအလာတွေကို ဖော်ပြနေတဲ့ ကျယ်ပြန့်တဲ့ ရုပ်ပုံအစား ရခိုင်ပြည် မြောက်ပိုင်းက ပြဿနာတွေနဲ့ ဆိုင်တဲ့ အနုတ်သဘောရှုထောင့်တွေပေါ်မှာပဲ ကျဉ်းမြောင်းစွာ ရှိနေခဲ့တာ ကြာပါပြီ” ဟု နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

သူပြောသည်က တစိတ်တပိုင်း မှန်ပါသည်။ သို့သော်လည်း ယခုအခါ သူနှင့် သူ၏ အစိုးရခေါင်းဆောင်များအနေဖြင့် အကယ်၍ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာစေလိုလျှင် ရခိုင်ပြည်နယ်မှ ပဋိပက္ခ ကျယ်ပြန့်လာခြင်းကို ဖြေရှင်းရမည် ဖြစ်ကြောင်း သဘောပေါက်သင့်ပါသည်။ အစိုးရအနေဖြင့် ANP ခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးသင့်ပါသည်။ ဆွေးနွေးညှိနှိုင်းမှုတခု ဖွင့်လှစ်ရန် ဒေါက်တာအေးမောင်ကို ပြန်လွှတ်ပေးရေး စဉ်းစားသင့်ပါသည်။

တည်ငြိမ်အေးချမ်းရေး ကျနော်တို့ ဘာလုပ်သင့်လဲ

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်များထဲမှ တခုဖြစ်ပါသည်။ အတိတ်မှ အစိုးရများက ရခိုင် ပြည်နယ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် ဒုက္ခများနှင့် ပဋိပက္ခကို ဥပေက္ခာပြုခဲ့ကြသည်။ ရခိုင်ပြည်နယ်တွင် သတင်းရယူရေးက ယခုအချိန်အထိ အနုတ်လက္ခဏာပြနေပြီး ရခိုင်ပြည်နယ်မှ ပဋိပက္ခ ကျယ်ပြန့်လာခြင်းအပေါ် စိုးရိမ်ကြောင်း အနောက်တိုင်း အစိုးရများနှင့် တရုတ်နိုင်ငံတို့က ထုတ်ဖော်ပြောကြားခဲ့ကြသည်။

အစိုးရနှင့် တပ်မတော်တို့ ထုတ်ပြန်ပေးခဲ့သည့် ဇာတ်ကြောင်းများက အရာမရောက်ဘဲ မီးလောင်နေသည့်ပေါ်သို့ လောင်စာ ထပ်လောင်းသလိုသာ ဖြစ်ခဲ့သည်။ အကယ်၍ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှုနှင့် နိုင်ငံရေးအရ ပြေငြိမ်းမှုကို အမှန်တကယ် ရရှိလိုခဲ့ပါက တာဝန်ယူမှု မရှိသော စွပ်စွဲ ထုတ်ပြန်ခြင်းများကို ရှောင်ရှားရမည် ဖြစ်သည်။

ANP ပါတီ အတွင်းရေးမှူး ဦးဦးလှစောက တိုက်ပွဲများသည် အစိုးရ၏ မှားယွင်းသော စီမံခန့်ခွဲမှု၊ အလုပ်လက်မဲ့ ပြဿနာ နှင့်် အမျိုးသား ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရပ်တန့်နေခြင်းတို့ကြောင့် ဖြစ်သည်ဟု အပြစ်တင်ခဲ့သည်။ ပဋိပက္ခများ၏ ဒဏ်ကို အရပ်သားများက ခံနေရသည်ဟု သူက ပြောသည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ငပလီတွင် ကျင်းပသော ရင်းနှီးမြှုပ်နှံမှု အခမ်းအနားသို့ တက်ရောက်လာသော ဒေါ်အောင်ဆန်းစုကြည်နှင့် ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပု/Reuters

“ရခိုင်ပြည်နယ်မှာ အလုပ်အကိုင် အခွင့်အလမ်း မရှိဘူး။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကလည်း မအောင်မြင်ဘူး။ ရခိုင်ပြဿနာကို ပြည်ထောင်စု အစိုးရကလည်း စီမံခန့်ခွဲမှု ညံ့တဲ့အခါ ဒီဘက်က ရယ်ဒီကယ်လိုင်းတွေ တက်လာ တာပေါ့။”ဟု သူက ဧရာဝတီသို့ ပြောသည်။

မြန်မာနိုင်ငံသို့ လာရောက်ခဲ့သော ဥရောပသမဂ္ဂ(EU) ကိုယ်စားလှယ်အဖွဲ့က ယခုနှစ် အစောပိုင်းတွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တစောင်တွင် “ရခိုင်ပြည်နယ်တွင် နက်ရှိုင်းစွာ အမြစ်တွယ်နေသည့် သမိုင်းနှင့်ချီသော မကျေနပ်မှုများကို တွေ့ဆုံဆွေးနွေးခြင်းနှင့် အားလုံးပါဝင်သော နိုင်ငံရေး လုပ်ငန်းစဉ်တခုက တဆင့်သာ ဖြေရှင်းနိုင်လိမ့်မည်” ဟု အသိ အမှတ်ပြု ဖော်ပြထားသည်။ တဘက်သတ် အပစ်အခတ်ရပ်စဲခြင်းကို ရခိုင်ပြည်နယ်အထိ တိုးချဲ့ရန်လည်း တောင်းဆိုခဲ့ သည်။

တရုတ်နိုင်ငံကလည်း “ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းထားရန် မြန်မာဘက်မှ အားထုတ်မှုများကို ထောက်ခံကြောင်း” ပြောကြားခဲ့သည်။ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာ အကြောင်းကိစ္စများကို ဆွေးနွေးခြင်းနှင့် ညှိနှိုင်းတိုင်ပင်ခြင်းတို့မှတဆင့် အဖြေရှာကြရန် တောင်းဆိုခဲ့သည်။

အစိုးရအနေဖြင့် AA အပါအဝင် အင်အားစုများကို စားပွဲဝိုင်းသို့ ခေါ်ဆောင်ခြင်း၊ ဒေါက်တာအေးမောင်နှင့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးခြင်းနှင့် လူအများ လေးစားသည့် (ရခိုင်နိုင်ငံရေးကိုလည်း နားလည်သည့်) ရဟန်းရှင်လူများကို ငြိမ်းချမ်းရေး ကိုယ်စားလှယ်များ ခန့်အပ်ခြင်းများမှတဆင့် ရခိုင် ပဋိပက္ခကို ငြိမ်းချမ်းသော နည်းများ၊ နိုင်ငံရေး အဓိပ္ပါယ်ရှိသော လမ်းများဖြင့် ဖြေရှင်းရမည်ဖြစ်သည်။

ရခိုင်ပြည်နယ် ပဋိပက္ခကို ဆွေးနွေးမှုမှ တဆင့် ဖြေရှင်းနိုင်ပါသည်။ အားလုံးနောက်ကျမသွားမီ ယခုအချိန်သည် အားလုံး တညီတညွတ်တည်း လှုပ်ရှားရမည့် အချိန်ဖြစ်ပါသည်။ မလုပ်ခဲ့လျှင် အသက်များ ပို၍ ဆုံးရှုံးရတော့မည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Urgent Political Action Needed to Solve Rakhine’s Problems  ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)

Did you find apk for android? You can find new Free Android Games and apps.
Loading