မြန်မာနိုင်ငံတွင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုများကို လက်ရှိအစိုးရက လုပ်ဆောင်နေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အတွင်း ပြည်နယ်နှင့် တိုင်းများကို လှည့်လည်သည့် အခါတိုင်း ပညာရေးအကြောင်း၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု အကြောင်းကို အားပေးပြောကြားလေ့ရှိသည်။
ဒေါ်အောင်ဆန်းစုကြည် တဦးတည်းသာ ပြောရုံမပြီး ရေရှည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပညာရေး၏ အခန်းကဏ္ဍ မည်မျှအရေးကြီးကြောင်း အားလုံးက နားလည် လုပ်ဆောင်ရန် အထူးလိုအပ်နေသော အချိန်ဖြစ်သည်။
ယင်းသို့ ပညာလောက တဖန်ပြန်လည် နိုးထ ဆန်းသစ်ရေး နိုင်ငံလုံးဆိုင်ရာ အမျိုးသားလှုပ်ရှားမှုကြီးတရပ် ဖြစ်လာစေရေန် ပညာရေးဝန်ကြီးဌာန၏ ရှေ့ရေးအမြင်နှင့် လုပ်ကိုင်နိုင်စွမ်းက အရေးပါသည်။
အရှေ့တောင် အာရှနိုင်ငံများနှင့် အာရှနိုင်ငံများတွင် မလေးရှား၊ ထိုင်ဝမ်၊ စင်ကာပူ၊ ဂျပန်၊ တရုတ်၊ ဟောင်ကောင်နှင့် တောင်ကိုရီးယားတို့သည် ပညာရေးနှင့် ပတ်သက်ပြီး အကောင်းဆုံး ပေးနိုင်သော တက္ကသိုလ်၊ ကောလိပ်များရှိသည်။ မြန်မာတွင် မရှိပါ။
၁၉၅၀-၁၉၆၀ ဝန်းကျင်က မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်သည် အိမ်နီးချင်းနိုင်ငံတို့က လေ့လာအားကျရသည့် တက္ကသိုလ်ထဲမှာ ပါခဲ့သည်။
၁၉၆၂ ခုနှစ် နောက်ပိုင်းမှစပြီး (တိုင်းပြည်ကို စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှစ၍ဟု တိတိကျကျ ဆိုရမည့်) ပညာရေးစနစ်သည် တစတစ ယိုယွင်းပျက်စီးလာခဲ့သည်။ အာဏာရှင် ဦးနေဝင်း၏ လက်ထက်တွင် ပညာရေးစနစ်သည် ပျက်စီးခဲ့သည်ဟု ဆိုရမည်။ ဦးနေဝင်းလက်ထက်တွင် ပညာတတ်တွေ၊ ပညာသင်တွေ အတော်များများ ထွက်သွားခဲ့ကြရသည်။
၁၉၈၈ နောက်ပိုင်းတွင်တော့ ပညာရေးနစ်ကို စစ်အာဏာရှင်တွေက စနစ်တကျ ဖျက်ဆီးခဲ့သည်ဟု ပြောရမည်။ ကျောင်းတွေ တက္ကသိုလ်တွေကို ပိတ်ခဲ့သည်။ အဝေးသင် ပညာရေးစနစ်ကို ထွင်ခဲ့သည်။ အကျဉ်းစခန်းများတွင်သာ ပညာတတ် ကျောင်းသားတွေ၊ ကျောင်းဆရာတွေ၊ ပါမောက္ခတွေနှင့် ပြည့်နေခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်အတွင်း မြန်မာပြည်တွင် ပညာရေး လွတ်လပ်ခွင့်အစား အာဏာနှင့် ငွေရှိသူကို ဘုရားထူး ကျွန်ခံမည့်သူများ မွေးထုတ်ရန် ဖြစ်လာခဲ့သည်။ ပညာရဲရင့် ပွဲလည်တင့်သူများအစား မြန်မာပြည်ထဲတွင် ဘွဲ့ရခဲ့သောမျိုးဆက်များ ဘာမှ မယ်မယ်ရရ မတတ်ခဲ့ကြသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့ရသည်။
အာရှမှာ ပြန်ပြီး မြန်မာခေါင်းထောင်ဖို့ ပညာရေးကို အစိုးရက ဦးစားပေးရမည်။
မြန်မာပြည်တွင် ယနေ့ဖြစ်ပေါ်နေသော လက်ရှိ လူမှုစီးပွားရေးကို ကြည့်ပြီး ပညာရေးစနစ်က ထပ်ချပ်မကွာ လိုက်ဖို့လိုသည်။ ကျောင်းပညာရေးက သပ်သပ်၊ အပြင်က အလုပ်အကိုင် အသက်မွေးဝမ်းကျောင်းက သပ်သပ် ဖြစ်နေ၍ မရ၊ ပညာရေးနှင့် ယနေ့ ဖြစ်ပေါ်နေသော လူမှုဘဝ စီးပွားရေးသည် တသားတည်း ဖြစ်နေမှ ကျောင်းစာသင်ခန်းမှ လူငယ်များ ကျောင်းသူ ကျောင်းသားများ အနာဂတ် ရှိမည်ဖြစ်သည်။
အလုပ်အကိုင် အခွင့်အလမ်းသည် ၎င်းတို့ သင်ကြားလာခဲ့သော ပညာရေးနှင့် တိုက်ရိုက်ဆက်စပ်နေရမည် ဖြစ်သည်။ ထို့ကြောင့် အတန်းပညာရေးစနစ် ကောင်းမွန်ဖို့ လိုသလို သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်း vocational schools များလည်း များများလိုသည်။
ထိုကျောင်းများမှ ဆင်းလာသော ကျောင်းသူ ကျောင်းသားများသည် သူတို့ သင်ကြားခဲ့သော ဘာသာရပ်၊ ပညာရပ်များနှင့် လိုက်လျောညီထွေသော လုပ်ငန်းခွင်များကို ဝင်ကြမည်ဖြစ်သည်။ ထိုမှသာ တိုင်းပြည်၏ အနာဂတ် စိတ်ချရမည် ဖြစ်သည်။
တိုင်းပြည်၏ သွားနေသော လူမှုဘဝ စီးပွားရေးကိုကြည့်ပြီး ပညာရေးစနစ်က ပြုပြင်ပြောင်းလဲရမည်။ ဥပမာဆိုလျှင် IT နည်းပညာ တိုးတက်ပြီး ထိပ်တန်းရောက်နေသော နိုင်ငံများတွင် ဗေဒင် ပညာကို တက္ကသိုလ်များတွင် သင်ကြားပါက ဘာမှအဓိပ္ဗါယ် ရှိမည်မဟုတ်။
နိုင်ငံတော်တွင် ရှိနေသော လူမှု စီးပွားရေး အဆောက်အဦနှင့် အနာဂတ် စီးပွားရေး ရှုမျှော်ချက်တို့ကိုကြည့်ပြီး အစိုးရများက ပညာရေးမူဝါဒကို တသားတည်း လိုက်ပါ ပုံဖော်ပေးဖို့ လိုသည်။
စင်ကာပူတွင် ကွန်ပြူတာ အခြေခံ နည်းပညာ ကုဒ်ရေးနည်းကို အထက်တန်းကျောင်းများတွင် သင်ပေးသည်။ ကမ္ဘာ့ ကုန်ထုတ်လုပ်ရေး ပုံစံကလည်း ဒေတာများ ဖလှယ်ထားပြီး ဉာဏ်ရည်တု AI တပ်ဆင်ထားသော စက်ရုပ်များ သုံးစွဲသည့် စက်မှု ၄ ဒဿမ ၀ အဆင့် ရောက်နေပြီဖြစ်သည်။
မြန်မာက မည်သည့်နေရာတွင် ရောက်နေပြီနည်း။ မည်သည့်အဆင့်သို့ တက်မည်နည်း။ လက်ရှိနေရာနှင့် မျှော်မှန်းချက်တို့နှင့် လိုက်လျောညီထွေဖြစ်မည့် ပညာရေးမူဝါဒ ရှိနေပြီလော။
မြန်မာနိုင်ငံမှာ ပြည်သူပြည်သား အများစုက ပညာရေးဆိုတာကို အလေးထားသည်။ ဒါက ဂုဏ်ယူစရာဖြစ်သလို အားတက်စရာလည်း ဖြစ်သည်။ သို့သော် ကျောင်းထွက်ကြသူ dropout တွေက များနေသည်။
ယနေ့ မြန်မာပြည်တွင် အခြေခံ ပညာကျောင်းများတွင် ကျောင်းတက်နှုန်း မြင့်ပြီး ကျောင်းဆောင်သစ်များ တိုးလာသည်ကို တွေ့ရသည်။ သို့သော် ကလေးတဝက်ကျော် ကျောင်းမပြီးကြဘဲ ကျောင်းထွက်သွားခဲ့ကြကြောင်း ယူနီဆက်ဖ်က ထုတ်ပြန်ထားသည်။ ကျောင်းဝင်ကြေး အခမဲ့ဖြစ်သော်လည်း ကျောင်းဝတ်စုံကြေး၊ စာအုပ်စာတမ်းကြေးနှင့် အခြား မမျှော်လင့်နိုင်သော ကုန်ကျငွေများကို မတတ်နိုင်၍ ဖြစ်သည်။ ယင်းအစား ဆင်းရဲမွဲတေသော မိသားစုဝင်ငွေကို ကလေးငယ်က ကူရှာပေးကြရတော့သည်။
မသန်စွမ်း ကလေးများ၊ လမ်းဘေးက ကလေးများနှင့် ပဋိပက္ခ နယ်မြေအတွင်းမှ ကလေးငယ်များအရေးကလည်း စိုးရိမ်ဖွယ် ဖြစ်သည်။ စစ်ဖြစ်နေသော နေရာများတွင် ကျောင်းတွေမဖွင့်နိုင်၊ လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နှင့် စစ်သွေးကြွပြီး လက်နက်ကိုင်ကြသည်ကို တွေ့ရသည်။
တိုင်းရင်းသားနယ်မြေများရှိ မြန်မာစာနှင့် အကျွမ်းတဝင် မဖြစ်သော ကလေးများအား သက်ဆိုင်ရာ ဒေသခံ တိုင်းရင်းသား ဘာသာစကားသုံး သင်ကြားနိုင်ရေးကလည်း အရေးကြီးသည်။ သို့မှသာ အားလုံး အကျုံးဝင် ပါဝင်သော ပညာရေးစနစ်ဖြစ်မည်။
တိုင်းပြည်တွင် ပညာရေးသည် မြှားဦးဖြစ်ပြီး ဦးဆောင်လမ်းပြ ဖြစ်ရမည်။ တိုင်းပြည်တွင် ပညာတတ်တွေ ပညာရှိတွေများလျှင် တိုင်းပြည်ရှေ့ရေးကို စိတ်ချရသည်။ ပညာမဲ့သူတွေများလျှင်တော့ တိုင်းပြည်နောင်ရေး စိတ်မအေးစရာပင်။
ပညာမဲ့အောင် ပညာမတတ်အောင် လုပ်ခဲ့သော စနစ်များ၊ အုပ်စိုးသူများ မြန်မာပြည်တွင် ရှိခဲ့သည်။ ပညာကို အတုအယောင် ဝယ်ယူသူများလည်း ယခုအထိ ရှိနေဆဲဖြစ်သည်။ အထက်လူကြီး ပြောသမျှ ခိုင်းသမျှ အမှန်အမှား မပိုင်းခြားတော့သော ပုတ်သင်ညိုများလည်း ရှိနေဆဲဖြစ်သည်။
ထို့ကြောင့် အစိုးရများအနေနှင့် (ဘယ်အစိုးရပဲ တက်တက်) ပညာရေးကို ဦးစားပေးသော အစိုးရ၊ တိုင်းပြည်၏ သွားနေသော ဦးတည်ရာ လားရာနှင့် ပညာရေးကို တသားတည်း လုပ်ပေးနိုင်သော အစိုးရများ အခုရော အနာဂတ်တွင် ဦးဆောင်နေဖို့ လိုသည်။
ပညာရေးအကြောင်း များများပြောရမည်။ ပညာတတ်တွေ အသက်မွေးလုပ်ငန်း တတ်ကျွမ်းသူတွေ များပြားလာအောင် လုပ်ရမည်။ နိုင်ငံရေးသမားတွေ အမြင်ကျယ်ဖို့ လိုသည်။ ခေတ်မီဖို့ လိုသည်။ ပညာ တကယ်တတ်ဖို့ လိုသည်။ သို့မှသာ ပညာရေးနှင့် တိုင်းပြည်ဖွံ့ဖြိုးရေးကို ဦးဆောင်ဆွေးနွေးနိုင်မည်။
အစိုးရက လေးသည်တော်ဆိုလျှင် ပညာရေးသည် မြှားဦးဖြစ်ရမည်။