ပြီးခဲ့သည့် ရက်များအတွင်း ဧရာဝတီ သတင်းဌာနအပါအဝင် သတင်းမီဒီယာတိုက်များ လုံခြုံရေး ခြိမ်းခြောက်ခံလာရသည်။
7 Days ၊ The Voice ၊ Eleven Media Group၊ Mizzima၊ MCN၊ ရန်ကုန် ခေတ်သစ် အပါအဝင် သတင်းမီဒီယာ အချို့ကို အီးမေး၊ မက်ဆင်ဂျာများမှတဆင့် ခြိမ်းခြောက်စာများ ရရှိခဲ့ကြသည်။ ၎င်းတို့ရရှိသည့် ခြိမ်းခြောက်စာထဲတွင် ရက္ခိုင့် တပ်မတော် (AA) အကြောင်း ရေးသား ဖော်ပြရာတွင် မဟုတ်မမှန် ဖော်ပြခြင်း၊ အကြမ်းဖက် သောင်းကျန်းသူဟု သုံးနှုန်းခြင်းနှင့် အစိုးရဘက်သို့ ဘက်လိုက် ဖော်ပြခြင်းများ ပြုလုပ်လျင် ပြင်းပြင်းထန်ထန် တုန့်ပြန်သွားမည်ဟု ဖော်ပြပါရှိသည်ဟု သိရသည်။
AA နှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများ ရှိသကဲ့သို့ တပ်မတော်နှင့် ပတ်သက်၍ ခြိမ်းခြောက်မှုများလည်း ရှိသည်။ “တပ်မတော်၏ ဂုဏ်သိက္ခာနှင့် ပုံရိပ် ကျဆင်းစေနိုင်သည့် ဓါတ်ပုံ၊ စာသား၊ အသံဖိုင်၊ ဗီဒီယိုဖိုင်များ လူမှုကွန်ရက်ပေါ်၌ ဖြန့်ဝေ၊ရေးသားပါက ၎င်းမျိုးဖျက်မီဒီယာသမားများကို (တည်ဆဲဥပဒေကြောင်းအရ) ပြင်းထန်စွာ အရေးယူပြီး ကိုပါကြီးနဲ့စောအိုမူး ရောက်ရှိရာဘုံသို့ လုပ်ထုံးလုပ်နည်း နဲ့ အညီ ပို့ပေးသွားမည် ဖြစ်ကြောင်း နောက်ဆုံး အကြိမ် သတိပေးအပ်သည်” ဟု ဧရာဝတီ၊ ဒီဗွီဘီ၊ ဘီဘီစီ၊ ဗွီအိုအေနှင့် အာရ်အက်ဖ်အေ သတင်းဌာနများသို့ လိပ်မူ၍ [email protected] အီးမေးလ် လိပ်စာမှ အသက်အန္တရာယ်ကို ခြိမ်းခြောက်စာကို လက်ခံရရှိသည်။
နှစ်ဘက် သက်ဆိုင်ရာများအနေဖြင့် ယင်းသို့ လုပ်ဆောင်ရေး တရားဝင် မူဝါဒများ မကြေညာသော်ငြား ယခု ခြိမ်းခြောက်ခြင်းများသည် နှစ်ဘက်အဖွဲ့အစည်းများ နာမည်ကို အသုံးပြုခဲ့ကြခြင်းကြောင့် အများအမြင်တွင် နာမည်ပျက်စရာ ဖြစ်လာခဲ့သည်။ မိမိတို့အနေဖြင့် တောမီးလောင် တောကြောင် လက်ခမောင်းခတ်ခြင်းဟုသာ ယုံကြည်ချင်ပါသည်။
ယင်းခြိမ်းခြောက်မှုများသည် သတင်းမီဒီယာသမားများသာ ခြိမ်းခြောက်ခြင်း မဟုတ်ပါ။ စစ်အစိုးရလက်ထက် သတင်းအမှောင်ကျမှုကြားမှ နိုးထလာသော သတင်းမှန်များကို ဆာလောင်မွတ်သိပ်နေသော မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးကို ခြိမ်းခြောက်ခြင်းလည်း ဖြစ်သည်။
မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလထဲတွင် သတင်းမီဒီယာသမားများသည် သတင်းမီဒီယာ ဥပဒေသစ်အရ လွတ်လပ်စွာ ရေးသားပြောဆိုပိုင်ခွင့် ရလာခဲ့ကာ နိုင်ငံ၏ အခြားမဏ္ဍိုင်ကြီးများဖြစ်သော အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့ကို စောင့်ကြည့်ထိန်းကျောင်းလာနိုင်ခဲ့သည်။
ဂျာနယ်လစ်များသည် အခြားမြန်မာနိုင်ငံသားများကဲ့သို့ ဥပဒေအထက်တွင် မရှိပါ။ သို့သော် မိမိတို့သည် သတင်းမီဒီယာဥပဒေက ပြဌာန်းထားသည့် သတင်းမီဒီယာသမားများ၏ ရပိုင်ခွင့်များအတိုင်း ဖော်ထုတ်ရေးသားနိုင်ကြပါသည်။ ၎င်းရပိုင်ခွင့်များမှာ (က) ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာတို့၏ လုပ်ငန်းဆောင်ရွက်မှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွတ်လပ်စွာ ဝေဖန် ထောက်ပြ အကြံပြု ရေသားခွင့် ရှိသည် (ခ) နိုင်ငံသားတိုင်း သိရှိခွင့်ရှိသော သတင်းအချက်အလက်နှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်း ဖော်ထုတ် ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့် ရှိသည် (ဂ) နိုင်ငံသားတဦး၏ အခွင့်အရေး ဆုံးရှုံးမှုဆိုင်ရာ ကိစ္စရပ်များကို ဖော်ထုတ်ရေးသားခွင့် ရှိသည်ဟူ၍ ရေးသားပြဌာန်းထားပါသည်။
ဂျာနယ်လစ်များသည် ရန်သူများလည်း မဟုတ်ပါ။ သတင်းအချက်အလက်မှန် ပိုရရှိလေ ဆုံးဖြတ်ချက် ပိုမိုမှန်ကန်လေသာ ဖြစ်မည်။ မည်သည့် ပဋိပက္ခမဆို ဝါဒဖြန့်ချိမှုများ အခုခေတ်၌မူ သတင်းတုများ အောက် ဘာတွေ တကယ်ဖြစ်ခဲ့သလဲဟူသော အမှန်တရားက ပျောက်ကွယ်နေတတ်သည်။ ယင်းကို ဖော်ထုတ် ရေးသားကြရသည်မှာ ဂျာနယ်လစ်များ၏ တာဝန်ဖြစ်သည်။ စာနယ်ဇင်းအလုပ်သည် ရာဇဝတ်မှု မဟုတ်ပါ။ ပွင့်လင်းမြင်သာမှုရှိရေးနှင့် တာဝန်ယူမှုရှိရေး မရှိမဖြစ် လိုအပ်သော အလုပ်သာ ဖြစ်သည်။
ဤနေရာတွင် ကွယ်လွန်သူ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းက သတင်းစာအား အဘယ့်ကြောင့် ကြေးမုံဟု ရွေးချယ်ခဲ့ရပုံကို အမှတ်ရ ပါသည်။ ဆရာကြီးက သတင်းစာဟူသည် တိုင်းပြည်နှင့် လူ့အဖွဲ့အစည်း၏ ဖြစ်ပျက်မှုမှန်သမျှကို ရောင်ပြန်ဟပ် တင်ပြနေရသောကြောင့်ဟု ရေးသားခဲ့သလိုပင် မိမိတို့ သတင်းမီဒီယာများသည်လည်း မြန်မာနိုင်ငံနှင့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ဖြစ်ပျက်ပြောင်းလဲနေမှုကို ရောင်ပြန်ဟပ်နိုင်ရန် ကြိုးစားနေခြင်း ဖြစ်ပါသည်။
ထို့ကြောင့် ဒီမိုကရေစီ အပြောင်းအလဲတွင် အရေးပါသည့် လွတ်လပ်သော စတုတ္ထမဏ္ဍိုင်ကို တည်ထောင်နေသော သတင်းမီဒီယာများအား ခြိမ်းခြောက်ခြင်းသည် အမှန်တရားကို ဖုံးကွယ်လိုသူများထံမှသာ ဖြစ်မည်။ လူများ၏ နား၊ မျက်စေ့နှင့် ပါးစပ်များကို ပိတ်ဆို့ပြီး အကြံတုံး ဉာဏ်တုံးဖြစ်စေလိုသူများထံမှသာ ဖြစ်မည်ဟု ယုံကြည်ယူဆပါသည်။
လွတ်လပ်သော စာနယ်ဇင်းများ ထွန်းကားလေ ဒီမိုကရေစီ အားကောင်းမောင်းသန် ဖြစ်လေဟု ယုံကြည်ကြသော အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် သတင်းစာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ လုံခြုံရေးကို လေးစား အာမခံပေးကြရန် တောင်းဆိုတင်ပြအပ်ပေသည်။