ထောင်ဆူခြင်းများကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်ကြရသော်လည်း သမ္မတ လွတ်ငြိမ်းကို အကောင်းဘက်က ရှုမြင်စရာများလည်း ရှိသည်။ ရိုက်တာသတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးခြင်းသည် နိုင်ငံတကာက ကြိုဆိုကြသည့် သတင်းတပုဒ်ဖြစ်သည်။ အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်နှင့် အနောက်နိုင်ငံအစိုးရများက ယခုလွတ်ငြိမ်းသာခွင့်အမိန့်ကို ချီးကျူးသြဘာပေးခဲ့ကြသည်။
အစိုးရ လျှို့ဝှက်အက်ဥပဒေ ချိုးဖောက်မှုစွဲချက်ဖြင့် ရက်ပေါင်း ၅၀၀ ကျော်ထောင်ကျခဲ့ရသည့် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့အား သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်သည် ဖိနှိပ်မှုဖြင့် ကျပ်တည်းနေဆဲ မြန်မာ့လူ့အဖွဲ့အစည်းကို ရှားရှားပါးပါးအကောင်းမြင် လှိုင်းတလုံး ရိုက်ခတ်စေခဲ့သည်။
ယေဘုယျအားဖြင့် အားရစရာ သိပ်မရှိလှသော အလားအလာများနှင့် အလာကောင်းသော်လည်း အခါနှောင်းခဲ့ရမှုများကြားတွင် ယခုသတင်းမှာ မျှော်လင့်ချက်ရောင်နီ သမ်းလာစေသည်။
ယင်းမျှော်လင့်ချက် မသွေဖီပါစေနှင့်ဟု ကျွန်ုပ်တို့ယုံကြည်ချင်သည်။ သတင်းထောက်များနှင့် တက်ကြွလှုပ်ရှားသူများကို ပြန်လွှတ်ပေးလိုက်ခြင်းအပေါ် ကောင်းချီးသြဘာများ ထွက်ပေါ်လာခဲ့ပြီး ယင်းသည် သတင်းလွတ်လပ်ခွင့် ခရီးရှည်ကြီးထဲတွင် အနည်းငယ်မျှသော ခြေလှမ်းသာ ဖြစ်သည်။ ကျွန်ုပ်တို့ လက်မလျှော့နိုင်သေးပေ။
လူမျိုးစုပေါင်းစုံနေထိုင်ရာ မြန်မာနိုင်ငံသည် နက်နဲရှုပ်ထွေးလှသော နိုင်ငံရေးအသွင်ကူးပြောင်းရေးကာလတခုကို ယခု အာဏာရ ရွေးကောက်ခံ အရပ်သားအစိုးရဖြင့် ဖြတ်သန်းနေရဆဲဖြစ်သည်။ သတင်းထောက်နှစ်ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်ဖွဲ့ဝင်အချို့နှင့် ၎င်းတို့နှင့် ဆက်စပ်ပတ်သက်သည်ဟု စွပ်စွဲခံရသူတို့ကို ပြန်လွှတ်ပေးခြင်းသည် အဓိပ္ပါယ်ပြည့်ဝသော အပြုအမူတခုဖြစ်သည်ဟု ကျွန်ုပ်တို့ မှတ်ယူရပေမည်။
ရိုက်တာသတင်းထောက်နှစ်ယောက်ကို ပြန်လွှတ်ပေးခြင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်မှုရှိရှိဖြင့် စူးစိုက်ရှုမြင်ကြသော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဝင်များ ပြန်လွှတ်ပေးခြင်းမှာမူ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးသည့်အချက်ပြမှုတခု ဖြစ်သည်။
ယခုနှစ်အတွင်း တတိယအကြိမ်မြောက် အကျဉ်းသား ၆၅၂၀ ပြန်လွှတ်ပေးခြင်းနှင့်ပတ်သက်၍ တချိန်က သမ္မတဦးဝင်းမြင့်ကိုယ်တိုင်က နိုင်ငံရေးအကျဉ်းသားဟောင်းဖြစ်ခဲ့ဖူးသဖြင့် အပြည့်အ၀ အသိအမှတ်ပြုထိုက်ပါသည်။
သတင်းထောက်များ ပြန်လွှတ်ရေးအတွက် သမ္မတရုံး၊ တပ်မတော်နှင့် ဝန်ကြီးဌာနများအကြား အပြန်ပြန်အလှန်လှန်ညှိနှိုင်းကာ ခဲယဉ်းစွာဆွေးနွေးခဲ့ရသည်။ ပြည်တွင်းပြည်ပမှ တောင်းဆိုမှုများကလည်း တိုးပွားလာနေခဲ့သည်။
၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်၌ အရပ်သားသမ္မတ ဦးထင်ကျော်ကိုယ်စား တပ်မတော်ခန့်အပ်သည့် ဒုတိယသမ္မတ ဦးမြင့်ဆွေက ခေတ္တတာဝန်ယူနေစဉ် ရိုက်တာသတင်းထောက်နှစ်ဦးအား ဖမ်းဆီးထိန်းသိမ်းရန် အခွင့်အာဏာကို လက်မှတ်ရေးထိုးပေးခဲ့သည်။
အရေးကြီးလျှို့ဝှက်စာရွက်စာတမ်းများ လက်ခံရယူခဲ့သော ၎င်းသတင်းထောက်နှစ်ဦးကို ကိုလိုနီခေတ်တွင် ပြဋ္ဌာန်းခဲ့သော အစိုးရလျှို့ဝှက်ချက်အက်ဥပဒေဖြင့် တရားစွဲဆိုကြောင်း အစိုးရက ကြေညာခဲ့သည်။ ယင်းအချိန်မှစ၍ အစိုးရအပေါ် ၎င်းတို့နှစ်ဦးပြန်လွှတ်ပေးရန် ဖိအားကျရောက်လာခဲ့လေသည်။
ယမန်နှစ်က စင်ကာပူနိုင်ငံတွင် တွေ့ရာ၌ အမေရိကန်ဒုတိယသမ္မတ မိုက်ပင့်စ်က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းထောက်နှစ်ဦး လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် ကြိမ်ဖန်များစွာ ဖိအားပေးတိုက်တွန်းခဲ့သည်။ သမ္မတအိမ်ဖြူတော်အရာရှိများက ထိုစဉ်က ၎င်းတို့အကြောင်း ကိုးကားပြောဆိုနေကြချိန် ဖြစ်သည်။
သတင်းထောက်နှစ်ဦး ပြန်လွှတ်ပေးခြင်းအပေါ် ရခိုင်ပြည်အရေးနိုင်ငံတကာအကြံပေးအဖွဲ့မှ အဖွဲ့ဝင်ဖြစ်သူ လော့ဒ်ဒါဇီက “ဒီရလာဒ်ကေ အခက်ခဲ အကျပ်တည်းဆုံးအခြေအနေမှာတောင် ဆွေးနွေးညှိနှိုင်းမှုက အလုပ်ဖြစ်တယ်ဆိုတာကို ပြသတယ်လို့ မြင်ပါတယ်။ အခုလိုဖြစ်မြောက်အောင် စွမ်းဆောင်ခဲ့ကြတဲ့ မြန်မာအစိုးရ၊ ကမ္ဘာကျော်ရိုက်တာသတင်းဌာန၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းအားလုံးကို ကျနော် ချီးကျူးပါတယ်” ဟု ပြောကြားခဲ့သည်။
ယခု ဝမ်းမြောက်ဝမ်းသာစရာ ရလဒ်သည် တံခါးပိတ်အစည်းအဝေးများနှင့် စေ့စပ်ညှိနှိုင်းမှုများစွာမှ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ ထောင်ဒဏ် ၇ နှစ်စီ ချမှတ်ခံထားရသော အဆိုပါသတင်းထောက်နှစ်ဦးသည် ပြန်လွှတ်နိုင်ဖွယ် မရှိကြောင်း ထင်ရှားပြီး ဖြစ်ပါသည်။
ယမန်နှစ်က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်မြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ဒေါ်အောင်ဆန်းစုကြည်က စီရင်ချက်အပေါ်မှာ အခိုင်အမာ ရပ်တည်ခဲ့ပြီး ၎င်းတို့နှစ်ဦး လွတ်မြောက်ရေး ဦးဆောင်မည် မဟုတ်ကြောင်း ထင်ရှားစေခဲ့သည်။
“(ဒီအမှုမှာ) တရားမျှတမှုမရှိဘူးလို့ ခံစားရတယ်ဆိုရင် ဘယ်အချက်က တရားမျှတမှုမရှိတာလဲဆိုတာ ထောက်ပြစေချင်တယ်။ ချမှတ်လိုက်တဲ့အမိန့်ဟာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေပုဒ်မကြောင့်ဖြစ်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ဘာမှမဆိုင်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။ ၎င်းက “တရားဥပဒေစိုးမိုးရေး” နှင့် ပတ်သက်၍ ဆက်လက်ပြောကြားရာတွင် “တရားဥပဒေစိုးမိုးမှုမှာ ယုံကြည်တယ်ဆိုရင် သူတို့မှာ အယူခံဝင်ပိုင်ခွင့်ရှိပါတယ်။ ဒီတရားစီရင်မှုဟာ ဘယ်အကြောင်းအချက်ကြောင့် မှားယွင်းတယ်ဆိုတာကို ချေပလျှောက်လဲနိုင်ပါတယ်” ဟု ဆိုသည်။
မြန်မာအစိုးရ အဆင့်မြင့်အရာရှိများနှင့် နိုင်ငံတကာရှိ အဓိကကျသူများအကြား ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့ရသည်။ အစိုးရခေါင်းဆောင်များက တရားရုံးလုပ်ငန်းစဉ်များ (သို့မဟုတ်) တရားစီရင်ရေးအပိုင်းကို ဝင်ရောက်စွက်ဖက်လိုဟန် မရှိကြပေ။
ယမန်နှစ်က အဆိုပါသတင်းထောက်နှစ်ဦးထံမှ အောက်ရုံးသို့ တင်သွင်းသည့်အယူခံလွှာ ပယ်ချခံရကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် လှုပ်ရှားမှုအချို့ သိသိသာသာ ပေါ်ပေါက်ခဲ့သေးသည်။
ယခုနှစ် လွတ်လပ်ရေးနေ့ဖြစ်သည့် ဇန်နဝါရီလ ၄ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပေးရာ၌ အဆိုပါသတင်းထောက်နှစ်ဦးပါဝင်မည်ဟု ကောလာဟလ ထွက်ခဲ့သော်လည်း လက်တွေ့တွင် လွတ်မြောက်လာခြင်း မရှိပေ။ နေပြည်တော်ရှိ တရားလွှတ်တော်ချုပ်သို့ တင်သွင်းသည့် အယူခံလွှာ ပယ်ချခံရပြီးနောက် ယင်းတို့နှစ်ဦးနှင့် မိသားစုများမှာ တရားသူကြီးချုပ်ထံ နောက်ထပ် အယူခံလွှာတင်သွင်းခြင်း မပြုလုပ်တော့ပေ။
ယင်းအစား သတင်းထောက်များ၏ မိသားစုများသည် နေပြည်တော်၌ ဧပြီလ ၃၀ ရက်တွင် မီဒီယာသမားများ၊ အစိုးရအရာရှိများ၊ လွှတ်တော်အမတ်များ၊ တရားစီရင်ရေးအဖွဲ့ဝင်များကြား တွေ့ဆုံမှုမှတဆင့် အယူခံစာလွှာများကို သမ္မတနှင့်နိုင်ငံတော်အတိုင်ပင်ခံတို့ထံ ပို့ဆောင်ခဲ့သည်။
သမ္မတ ဦးဝင်းမြင့်အနေဖြင့် သတင်းထောက်များကို လွှတ်ရန် ဆုံးဖြတ်ခဲ့သော်လည်း တရားရုံးလုပ်ငန်းစဉ်များကို ဝင်ရောက်စွက်ဖက်လိုခြင်း မရှိကြောင်း သတင်းရင်းမြစ်များက ပြောကြသည်။
ကျွန်ုပ်တို့ပြည်သူများ လိုလားတောင့်တနေသော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို သမ္မတက ကတိပေးခဲ့ပြီး တိုင်းပြည်၏ အားနည်းသော တရားစီရင်ရေးစနစ် ပြုပြင်ပြောင်းလဲရေး၊ မီဒီယာများအပေါ် လေးစားရေးတို့ကိုလည်း ရှေ့နေတဦးဖြစ်သူ ဦးဝင်းမြင့်က ကတိကဝတ်ပေးခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးအနေဖြင့် သမ္မတသည် မီဒီယာအပေါ် စာနာထောက်ထားရန်နှင့် ဒီမိုကရေစီလှုပ်ရှားမှုတွင် မီဒီယာပါဝင်ခဲ့သော အခန်းကဏ္ဍကို ကောင်းစွာသိရှိပြီးဖြစ်သည်။
ကိုဝလုံးနှင့်ကိုကျော်စိုးဦးတို့သည် မေလ ၇ ရက် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်လာခဲ့သည်။ လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်အရ အကျဉ်းသားများကို မြန်မာနှစ်သစ်ကူးမင်္ဂလာ အခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ငြိမ်းချမ်းလုပ်ငန်းစဉ်များ ချောမွေ့အောင်မြင်စေရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး အထောက်အကူပြုစေရန်အတွက်လည်းကောင်း “စည်းကမ်းသတ်မှတ်ချက် မထားဘဲ” ချွင်းချက်မရှိ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ ယခင်အစိုးရဟောင်းများ (သို့မဟုတ်) ယခင်အုပ်ချုပ်ရေးလက်ထက်က လွတ်ငြိမ်းချမ်းသာခွင့်မျိုးကဲ့သို့ မဟုတ်ချေ။
ဧပြီလ ၁၈ ရက်မှ မေလ ၇ ရက်အတွင်း သမ္မတဦးဝင်းမြင့်အမိန့်ဖြင့် လွတ်မြောက်လာသည့် အကျဉ်းသား ၂၃,၀၁၉ တို့အနက် မူးယစ်ဆေးဝါးဥပဒေချိုးဖောက်မှုကြောင့် သီးခြားမူးယစ်ဆေးဝါး ပြစ်ဒဏ်ဖြင့် အရေးယူထောင်ချခံရသူ အများအပြားပါဝင်ပြီး အထူးသဖြင့် ငယ်ရွယ်သူများ (သို့မဟုတ်) သက်ကြီးပိုင်းများ ဖြစ်ကြသည်။ ယခုသတင်းထောက်နှစ်ဦးမှာ ၎င်းတို့နှင့်အတူ လွတ်မြောက်လာခဲ့ပေသည်။
ဤသို့အကောင်းမြင်မှုရှိသည့်အခိုက်မှာ အရေးကြီးပြီး ကျွန်ုပ်တို့ အမိအရ ဖမ်းဆုပ်ရမည်ဖြစ်ကာ မြန်မာနိုင်ငံတွင် နောက်ထပ် နိုင်ငံရေးပြုပြင်ပြောင်းလဲရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရှိန်အဟုန်မြှင့် တည်ဆောက်ရမည် ဖြစ်ပေသည်။
နိုင်ငံ၏ မီဒီယာအခန်းကဏ္ဍသည် ဂုဏ်စရာကောင်းသော အစဉ်အလာရှိရာ ထူးချွန်ထက်မြက်၍ လေ့ကျင့်သင်ကြားပြီး ဖြစ်ကာ ရဲရင့်သော အယ်ဒီတာများ၊ ဂျာနယ်လစ်များနှင့် သတင်းထောက်များသည် နိုင်ငံ၏ဖြစ်စဉ်အဖုံဖုံကို ကမ္ဘာသို့ ချပြရန် သူတို့ဘဝများကို စတေးလျက် လုပ်ကိုင်နေကြရသည်။ သူတို့ကြောင့်ပင် ကမ္ဘာက မြန်မာနိုင်ငံတွင် ဖုံးကွယ်ခံထားရသော ဖြစ်ပျက်နေသမျှကို သိရှိ၊ တွေ့ရှိကြသည်ဖြစ်ရကား ယင်းသို့ပင် ဆက်လက်လုပ်ဆောင်သွားရမည်ဖြစ်ပေသည်။
သို့သော် သတင်းသမားများအနေဖြင့် နှစ်ရှည်၍ တရားမျှတမှု မရှိသော ထောင်ဒဏ်အပြစ်ပေးမှုများအပါအဝင် လက်စားချေ တုံ့ပြန်မှုများဖြင့် ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ကာ ခက်ခဲ၍ စိန်ခေါ်မှုများ ပြည့်နေသည့် ပတ်ဝန်းကျင်တွင် ၎င်းတို့အလုပ်ကို လုပ်ကိုင်နေကြရသည်။
ရိုက်တာသတင်းထောက်များ ပြန်လွှတ်ပေးခြင်းဖြင့် မျှော်လင့်ချက်ရောင်နီ သမ်းလာလင့်ကစား သတင်းသမားများသည် နိုင်ငံအတွင်း မျက်မှောက်ကာလ ကြောက်ရွံ့မှုရေချိန်မြင့်တက်နေသည့်ကြားမှ အကျပ်ကိုင်ခြိမ်းခြောက်မှုများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
မေလ ၃ ရက် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့နှင့် တိုက်ဆိုင်နေသည့်အခါသမယတွင် တပ်မတော်က သတင်းသမားများနှင့် သတင်းမီဒီယာအဖွဲ့အစည်းများကို တရားစွဲဆို အများအပြား ပြုခဲ့သည်။ တပ်မတော်အနေဖြင့် ပြစ်မှုဆိုင်ရာစွဲချက်များတင်ရန် ရွေးချယ်ခဲ့ရခြင်းမှာ သတင်းမီဒီယာကောင်စီ ကြားဝင်ဖျန်ဖြေမှုထက် ပိုသည့် ပြစ်ဒဏ်များပေးနိုင်သောကြောင့် တပ်မတော်အဆင့်မြင့်အရာရှိတဦးက ပြောကြားခဲ့သည်။
နိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအခြေအနေတို့မှာ ဆိုးရွားနေဆဲဖြစ်ပေရာ မကြာသေးမီက မီဒီယာသမားများ တရားစွဲဆိုခံခဲ့ရသူတို့အနက် မိမိတို့ ဧရာဝတီသတင်းဌာနမှ အယ်ဒီတာတဦးလည်း ပါဝင်သည်။ လတ်တလော မြန်မာ့တပ်မတော်နှင့် ရခိုင်တိုင်းသားလက်နက်ကိုင်အုပ်စုတို့အကြား ဖြစ်ပွားနေသော ရခိုင်ပြည်နယ်ရှိ တိုက်ပွဲများကြား ရှေးဟောင်းမြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားပုံကို ဖော်ပြခဲ့ရာ ဧရာဝတီသတင်းဌာနကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ ဃ ဖြင့် တပ်မတော်က တရားစွဲဆိုခဲ့သည်။
ဒီမိုကရေအသွင်ကူးပြောင်းရေး ကတိကဝတ်၏ ပုံရိပ်ဖြစ်သော ရွေးကောက်ခံ အရပ်သားအစိုးရသည် သတင်းလွတ်လပ်ခွင့် တိုးတက်အောင် လုပ်ဆောင်ပေးရမည်ဖြစ်သည်။ သတင်းလွတ်လပ်ခွင့်သည် တိုင်းပြည်အတွင်း ဒီမိုကရေစီထွန်းကားရေး သော့ချက်တခုဖြစ်သည်။ ဒီမိုကရေစီကို ဖော်ဆောင်ရာတွင် သတင်းသမားများသည် လက်တုံ့ပြန်မှုကို စိုးရိမ်မနေရဘဲ သူတို့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရမည်ဖြစ်သည်။
အစိုးရအနေဖြင့် သတင်းသမားများအား ဘေးကင်းစိတ်ချရအောင် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး အခြားတဖက်တွင်လည်း လွတ်လပ်၍ တာဝန်ယူမှုရှိသော မီဒီယာများအတွက် စည်းမျဉ်းနှင့် ဥပဒေများပြုပြင်ပြောင်းလဲလျက် လုပ်သာကိုင်သာသော အခြေအနေများကို ဖန်တီးပေးခြင်းဖြင့် အထောက်အကူရမည်ဖြစ်သည်။
သူတို့အလုပ် သူတို့လုပ်သော သတင်းသမားများကို ဖမ်းဆီးထောင်ချခြင်းသည် နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းစေသည်။ ယခု သတင်းထောက်နှစ်ဦး ပြန်လွတ်လာခြင်းနှင့်အတူ ယင်းသို့ လုပ်ဆောင်ချက်များ အဆုံးသတ်ပြီဟု ကျွနု်ပ်တို့ မျှော်လင့်မိနေပါသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Amnesty Sends Positive Signals for Press Freedom, Reconciliation ကို ဆီလျော်အောင် ဘာသာပြန်သည်။)