အယ်ဒီတာ့အာဘော်

အင်တာနက်ဖြတ်ခြင်းသည် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သည်

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ်ရှိ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်၊ မင်းပြား၊ မြေပုံမြို့နယ်များနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်များတွင် မိုဘိုင်းဖုန်း အင်တာနက် ဆက်သွယ်ရေးကို အများပြည်သူ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး အပေါ် ထိခိုက်မှု ရှိလာနိုင်သောကြောင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ပိတ်ပင်ခဲ့ခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ၏ လူ့အခွင့်အရေးကို မြှင့်တင်ပေးနေသည်ဟူသော မူဝါဒနှင့် ဆန့်ကျင်ဘက် လားရာသို့ ဦးတည်နေသည်။

ယနေ့ ဒစ်ဂျစ်တယ် အွန်လိုင်း သတင်းများနှင့် ဆိုရှယ်မီဒီယာမှတဆင့် သတင်းများ ရယူ သိရှိနိုင်ခွင့်သည် အခြေခံလူ့အခွင့်အရေး ဖြစ်သည်။ သတင်းနည်းပညာခေတ်ကြီးထဲတွင် သတင်းသည် ရေနှင့် အစားအစာကဲ့သို့ လူတို့၏ အခြေခံ ရပိုင်ခွင့် ဖြစ်လာသည်။ ၂၀၁၆ ခုနှစ်တွင် ကျင်းပသော ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက အစိုးရများ၏ အင်တာနက်ကို ဖြတ်တောက်ခြင်းနှင့် ရည်ရွယ်ချက်ရှိရှိ ဝင်ရောက်နှောင့်ယှက်ခြင်းကို ရှုတ်ချပြစ်တင်ခဲ့သည်။ ယခု မြန်မာအစိုးရ၏ ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ပလက်ဝမြို့နယ်တို့တွင် အင်တာနက် သုံးစွဲနိုင်မှု ပိတ်ပင်ခဲ့ခြင်းကိုလည်း ရှုတ်ချပြစ်တင်ထိုက်ပါသည်။

ရခိုင်စစ်ပွဲ ကျယ်ပြန့်လာခြင်းနှင့်အတူ ဖေ့ဘွတ် ဆိုရှယ်မီဒီယာပေါ်တွင် သတင်းတုများ၊ လူမျိုးရေး အမုန်းပွားစေသော ရေးသားချက်များ မြင့်တက်လာခြင်းကို နေပြည်တော်အနေဖြင့် စိုးရိမ်ထိုက်သော်လည်း ဆိုရှယ်မီဒီယာသည် ပဋိပက္ခဒေသတွင်း ဖြစ်ပေါ်နေခဲ့သော နှစ်ဘက်လက်နက်ကိုင်များ ကျူးလွန်ဖွယ်ရှိသော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် တရားလက်လွန် လုပ်ဆောင်ချက်များ ထုတ်ဖော်တင်ပြရာ လမ်းကြောင်းလည်း ဖြစ်သည်။ ထို့ပြင် လူမှုကွန်ရက်သည် ဒေသခံများ အချင်းချင်းနှင့် ဒေသအပြင်ဘက်ရှိ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ သတင်းများ ဝေငှဖလှယ်ရာလည်း ဖြစ်သည်။

သတင်းတုများ၊ အမုန်းစကားများကို ထိန်းချုပ်ခြင်းသည် မြန်မာတနိုင်ငံတည်း ရင်ဆိုင်နေရသော ပြဿနာ မဟုတ်ပါ။ ဒေသတွင်းနှင့် နိုင်ငံတကာတွင်ပါ အစိုးရများ ရင်ဆိုင်နေကြရသော ပြဿနာ ဖြစ်သည်။ အစိုးရ အများစုက ဥပဒေသစ်တွေ ပြဌာန်းခြင်းအားဖြင့် ပြဿနာကို ဖြေရှင်းနေကြပြီး နိုင်ငံတခုချင်းစီ၏ အခြေအနေကို လိုက်ပြီး ကွဲပြားသော တုံ့ပြန်မှု ရှိကြသည်။ သို့သော် ယခုကဲ့သို့ အင်တာနက်လိုင်း ဖြတ်တောက်ခြင်းကို ကြည့်ခြင်းဖြင့် ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေး သတင်းများ ပြည်ပ ပြန့်ထွက်လာသည်မှာ အင်တာနက်ကြောင့်ဟု ထင်မြင်ယူဆပြီး ပလပ်ဆွဲဖြုတ်ခဲ့သော စစ်အစိုးရ၏ တွေးခေါ် မြော်မြင်မှု အဆင့်မှ ယခု အစိုးရ မတက်နိုင်သေးဟုပင် ကောက်ချက်ချရတော့မလို ဖြစ်နေသည်။

မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေသည် ၂၀၀၇ ခုနှစ် တံခါးပိတ် အထီးကျန်ကာလ မဟုတ်တော့ဘဲ တယ်လီဖုန်း ဆက်သွယ်ရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ လက်ခံထားခဲ့ပြီး ဈေးကွက်တံခါးဖွင့် မူဝါဒနှင့် လူ့အခွင့်အရေးအပေါ် အခြေခံသော ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင်နေသောကာလ ဖြစ်ပါသည်။ ဈေးကွက်ကို ကန့်သတ်လိုက်သဖြင့် ရင်းနှီးမြှုပ်နှံသူများ သဘောမတွေ့သလို လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုရေးသားပိုင်ခွင့်ကို ကန့်သတ်လိုက်ခြင်းကြောင့် ပွင့်လင်းမြင်သာမှု အားနည်းသွားပြီး ပဋိပက္ခကို ဖြေရှင်းရာတွင် အရေးပါသည့် အပြန်အလှန် ပြောဆိုသော ဒိုင်ယာလော့ ယဉ်ကျေးမှုနှင့် ဝေးကွာသွားစေပါသည်။

ယခုလို ကန့်သတ်မှုမျိုးမှာ စစ်ဆင်ရေး အရှိန်မြင့်ရာတွင် သတင်းလုံခြုံမှု အထောက်အကူ ဖြစ်စေရေး လူထုအကြား သတင်းကွင်းဆက် ဖြတ်တောက်ရန် လုပ်ဆောင်ခဲ့ဖူးသော တပ်မတော်က လုပ်ဆောင်ခြင်း မဟုတ်ဘဲ ရွေးကောက်ခံ အရပ်သား အစိုးရက လုပ်ဆောင်ခဲ့ခြင်းက အံ့သြစရာ ကောင်းနေသည်။ တပ်မတော်က ပြုလုပ်ခဲ့သော နေပြည်တော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော် အနေဖြင့် ဆောင်ရွက်ခြင်း မဟုတ်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသဖြင့် ယခု အစီအစဉ်သည် စစ်ရေးအထောက်အကူ ဖြစ်စေရန် တပ်မတော်နှင့် အရပ်သားအစိုးရ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းမျိုး မဟုတ်ဟု နားလည်နိုင်သည်။

များမကြာမီက အရေးပေါ်ကာလ အစိုးရနှင့် လုံခြုံရေးအေဂျင်စီများ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့သော သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံများ၏ ဆိုရှယ်မီဒီယာ သုံးစွဲမှု ဖြတ်တောက်ခြင်းသည်ပင်လျှင် အကန့်အသတ် ရှိသည်။ စစ်ဆင်ရေး မည်သည့်အချိန်ထိ လုပ်မည်၊ မည်သည့်အချိန် ပြီးဆုံးပြီး မည်သို့ အရပ်ဘက်ဆိုင်ရာ အခွင့်အရေးများ ပြန်လည်ပေးမည်တို့ကို ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံကြရသည်။ ယခု “တရားဥပဒေ စိုးမိုးရေးနှင့် အများပြည်သူအကျိုးအတွက်” ဟု အကြောင်းပြပြီး အင်တာနက် ရယူသုံးစွဲခွင့်ကို “တည်ငြိမ်အေးချမ်းမှု ရရှိပါက ပြန်လည် ဖွင့်လှစ်ပေးသွားမည်”ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ဆိုခြင်းမျှဖြင့် မလုံလောက်ပေ။

အကယ်၍ တည်ငြိမ်အေးချမ်းမှု မည်သည့်အခါမျှ မရှိလျှင် အခြေခံ လူ့အခွင့်အရေးတရပ်ဖြစ်သော သတင်းရယူပိုင်ခွင့်နှင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့်တို့ ရရှိ ကျင့်သုံးနိုင်သော အင်တာနက်လိုင်းများ မည်သည့်အခါမျှ မရနိုင်၊ ယခင် ရရှိထားပြီး ဖြစ်သည့် ဈေးကွက်များ မည်သည့်အခါမျှ ပြန်မရနိုင်ဟု ဆိုသကဲ့သို့ ဖြစ်နေပေသည်။ ထို့ကြောင့် အစိုးရ၏ ယခု ဆုံးဖြတ် လုပ်ဆောင်ချက်ကို အရေးတကြီး ပြန်လည်သုံးသပ်ကာ ပြင်ဆင်သင့်ပေကြောင်း တင်ပြရေးသားအပ်ပေသည်။

ဆက်စပ်ဖတ်ရှုရန်

ရခိုင်တွင် အင်တာနက်လိုင်း ဖြတ်တောက်မှု အစိုးရအဖွဲ့ သဘောတူညီချက်ဟု ဆို 

နိုင်ငံရေး၊ တည်ငြိမ်ရေး၊ ရွေးကောက်ပွဲနဲ့ သတင်းတုတွေ 

ရခိုင် ပြဿနာ နိုင်ငံရေးနည်းဖြင့် အမြန်ဆုံး အဖြေရှာကြပါ 

ရခိုင်စစ်ပွဲ အမြန်ဆုံး ရပ်ပါ 

Did you find apk for android? You can find new Free Android Games and apps.
Loading