ပြီးခဲ့သည့် အပတ်က အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင် (Peace Commission) ကိုယ်စားလှယ်များနှင့် ကချင် လွတ်လပ်ရေး အဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံခဲ့ကြပြီး အပစ်အခတ်ရပ်စဲရေးနှင့် စစ်ပြေးဒုက္ခသည်များ ပြန်လည်နေရာချထားရေးတို့ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းတွေ့ဆုံပွဲသည် ကချင် လွတ်လပ်ရေး အဖွဲ့အနေဖြင့် ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင်စစ်တပ် (AA) တို့နှင့် အတူ မြောက်ပိုင်းမဟာမိတ်အဖြစ် ဖွဲ့စည်းထားပြီး အစိုးရနှင့် အပစ်ရပ်လက်မှတ်ထိုးလျှင် အတူတကွ ရေးထိုးမည်ဟု သဘောတူညီချက်ရှိထားသည့်အချိန်တွင် ဖြစ်ထွန်းလာသောကြောင့် လေ့လာစောင့်ကြည့်သူများအကြား အထူးစိတ်ဝင်စားစရာ ဖြစ်ခဲ့သည်။
ယခုတွေ့ဆုံမှုသည် အစိုးရက KIO ကို လိုက်လျောမှုတချို့ ပြုလုပ်ပေးကာ သီးခြားထွက်လာစေချင်သလောဟု တွေးဆဖွယ်ရာရှိသည်။ အမှန်တကယ်လည်း မြန်မာ့တပ်မတော်အနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် တဖက်သက် အပစ်ရပ်ချိန်မှ စပြီး ကချင်လက်နက်ကိုင်များနှင့် မြန်မာ့တပ်မတော်တို့ကြား သေနတ်မပေါက်တော့ဘဲ စစ်ပြေးဒုက္ခသည်တချို့ နေရပ်ပြန်လာနေနိုင်သည့်အထိ နယ်မြေအေးချမ်းကာ တိုးတက်ဖြစ်ထွန်းခဲ့သည်။ သို့သော် အခိုင်အမာ အပစ်အခတ် ရပ်စဲရေးအတွက် အာမခံချက် မရှိသေးပါ။
အပစ်အခတ် ရပ်စဲရေး တကွဲတပြားစီ ဖြစ်ခြင်းက အစိုးရဘက်ရော KIO ဘက်ပါ ၂ ဘက်စလုံးအတွက် မကောင်းပေ။ အကယ်၍ အစိုးရနှင့် KIO သာ နားလည်မှုယူနိုင်သည်ပဲထား၊ ကျန် ၃ ဖွဲ့နှင့် တိုက်ပွဲများ ဆက်ဖြစ်နေဦးမည်ဆိုလျှင် အစိုးရအနေဖြင့် အပစ်ရပ်ရေး ဆက်လက်ညှိနှိုင်းနေရဦးမည်ဖြစ်သည်။ ထို့ပြင် KIO ကိုလည်း ကျန် ၃ ဖွဲ့က “သစ္စာဖောက်”ဟု မြင်သွားမည်ဖြစ်ပြီး ရှမ်းနှင့် ပလောင်လက်နက်ကိုင်တပ်ဖွဲ့များကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင် အချင်းချင်းကြား ဆက်ဆံရေး တင်းမာသွားပါက ငြိမ်းချမ်းရေးအတွက် မကောင်းပေ။
ယင်းအစား ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အခြေစိုက် လှုပ်ရှားနေသော ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့စလုံးနှင့် ငြိမ်းချမ်းရေးကော်မရှင် (PC) ကြား ပဏာမအပစ်ရပ်စာချုပ် (Bilateral) တပြိုင်နက်တည်း ချုပ်ဆိုနိုင်ပါက သားရွှေအိုး ထမ်းလာသကဲ့သို့ဖြစ်မည်။ ထို့ကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် အချင်းချင်းကြား တစိတ်တဝမ်းတည်း နားလည်မှု ရယူရေး KIO ကို အချိန်ပေးရမည်။
တိုင်းရင်းသားလက်နက်ကိုင် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် နေပြည်တော်အစိုးရတို့ကြား နှစ်ဘက်အပြန်အလှန် နားလည်မှုရယူရေး ကနဦး သဘောတူစာချုပ် ချုပ်ဆိုပြီး အပစ်အခတ်ရပ်စဲရေး များမကြာမီ ဖြစ်ထွန်းလာလိမ့်မည်ဟု မျှော်လင့်မိပါသည်။ သို့မှသာ ပထမဆုံး စစ်ပြေးဒုက္ခသည်များ ကိုယ့်ရပ်ရွာ ပြန်နိုင်မည် ဖြစ်သည်။ တပြိုင်နက်တည်း တနိုင်ငံလုံး အပစ်အခတ်ရပ်ရေး စာချုပ်တွင် ပါဝင်ရေးနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရည်ရွယ်သော ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်ရေး ဆက်လက်ဆွေးနွေးနိုင်မည်။
စစ်ပွဲက နိုင်ငံနှင့် ပြည်သူအတွက် ဒုက္ခသာ သယ်ဆောင်လာသည်။ ငြိမ်းချမ်းရေးသာ အဖြေဖြစ်သည်။ ထိုအဖြေအတွက် ဆွေးနွေးညှိနှိုင်း ပြောဆိုခြင်းသည်သာ နည်းလမ်းမှန်ပေသည်။
You may also like these stories:
အစိုးရနှင့် KIO ခေါင်းဆောင် ချင်းမိုင်တွင် တွေ့ဆုံ
”စွန့်လွှတ်အနစ်နာ မခံဘဲ ငြိမ်းချမ်းရေး မရဘူး”
ပိုမိုကောင်းမွန် ပြည့်စုံသော NCA ဖြစ်တယ်ဆိုရင် ကျနော်တို့ လက်မှတ်ထိုးမယ်
ကွန်ဖက်ဒရေးရှင်း စနစ်သည် မြန်မာနိုင်ငံနှင့် မကိုက်ညီဟု KNU ပြော