အောက်တိုဘာလ ၁ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံအတွင်းရှိ ကွန်ပျူတာများနှင့် ဝက်ဆိုက်များ ကမ္ဘာ့အရေးဘာသာစကားအများစု အခြေခံသုံးစွဲကြသည့် ယူနီကုဒ်ကို စတင်အသုံးပြုကြရန် ဆော်ဩခဲ့သည်။
မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် တရားဝင် ယူနီကုဒ်ကို မကျင့်သုံးသည့် တခုတည်းသောနိုင်ငံဖြစ်ခဲ့သည်။ ယူနီကုဒ် မသုံးသောကြောင့် ကမ္ဘာ့တဝှမ်းမှ ယူနီကုဒ်အခြေပြု စနစ်နှင့် ချိတ်ဆက်ရန် အခက်အခဲ ဖြစ်ခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၁၀ ခုနှစ်ကပင် ယူနီကုဒ် ကျင့်သုံးနေသော အိမ်နီးချင်းကမ္ဘောဒီးယားကို အမီလိုက်ရန် ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုသည်။
သို့သော် အသုံးပြုသူ အမျာအပြားသည် အများသုံးစွဲနေကျ ဇော်ဂျီ ဖောင့်ကိုသာ ဆက်လက်ရွေးချယ် သုံးစွဲနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံအခြေစိုက် ဝက်ဆိုက်များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ၎င်းတို့၏ အချက်အလက်များကို ဖေါ်ပြခြင်းနှင့် ဒစ်ဂျစ်တယ်အကြောင်းအရာများအတွက် ဇော်ဂျီ ဖောင့်ကို လွန်ခဲ့သော ဆယ်စုနှစ်အတွင်း သုံးခဲ့ကြသည်။
ဟွာဝေး၊ ဆမ်ဆောင်းနှင့် ဖေ့ဘွတ်ကဲ့သို့သော ကမ္ဘာ့နည်းပညာလုပ်ငန်းကြီးများသည် ဇော်ဂျီ၏ ကြီးမားလှသော သုံးစွဲမှုအခြေခံကို ရယူရန် ယူနီကုဒ်နှင့် ဇော်ဂျီ စံနှစ်ခုလုံးကို အထောက်အပံ့ပေးကြသည်။ ဖေ့ဘွတ်ဆိုလျှင် Real Time converter အချိန်နှင့် တပြေးညီ ဖောင့်ပြောင်းပေးသောစနစ် ထည့်သွင်းပေးခဲ့သည်။
ဖွံဖြိုးဆဲ မြန်မာနိုင်ငံအတွက် ဇော်ဂျီကို ဖယ်ရှားခြင်းသည် လွယ်ကူသော ကိစ္စမဟုတ်ပေ။ စံနှုန်းပြောင်းလဲလိုက်ခြင်းကြောင့် သာမန်အင်တာနက်အသုံးပြုသူများသည် စာများကို မည်သို့ထည့်သွင်းမည်ကို ပြန်လည်လေ့လာကြရပြီး ဝက်ဆိုက်များနှင့် အချက်အလက် သိုလှောင်ရာ ဒေတာဘေ့များတွင် အကြီးအကျယ် ပြန်လည်ရေးသားကြရသည်။ မြန်မာနိုင်ငံသားအများစုနှင့် စီပွားရေးလုပ်ငန်းအများစုတို့သည် ကူးသန်းရောင်းဝယ်ရေးနှင့် နေ့စဉ်လုပ်ငန်းဆောင်တာများအတွက် ဇော်ဂျီဖောင့်ကိုသာ သုံးခဲ့ကြသည်။
မိမိတို့ ဧရာဝတီသတင်းဌာနသည်ပင် ၂၀၁၅ ခုနှစ်တွင် ဇော်ဂျီဖောင့် အခြေခံစနစ်မှ ယူနီကုဒ်အခြေပြုစနစ်သို့ ပြောင်းခဲ့သော်လည်း ဖောင့် ၂ မျိုးစလုံး ပရိသတ် ဖတ်ရှုနိုင်စေရန် စီစဉ်ခဲ့ရပြီး ယခင် ဇော်ဂျီဖောင့်ဖြင့် သိမ်းဆည်းထားသော သတင်းအချက်အလက်များအား ယူနီကုဒ်သို့ ပြောင်းလဲရာတွင် အခက်အခဲတချို့ ကြုံခဲ့ရသည်။ အမှား ပြန်လည် ပြင်ဆင်မှုများ အချိန်ယူ လုပ်ခဲ့ရသည်။
ဇော်ဂျီဖြင့်ရေးသားထားသော အကြောင်းအရာ သန်းပေါင်းများစွာကို အချိန်အခါအလိုက် ဇော်ဂျီမှ ယူနီကုဒ်သို့ ပြောင်းလဲခြင်းကြောင့် ပွတ်တိုက်မှုများ ရှိနိုင်သည်။ ဝန်ကြီးဌာနများ၊ ပြည်တွင်း ဆက်သွယ်ရေးလုပ်ငန်းများ၊ ဘဏ်များ၊ သတင်းဌာနများ၊ အီလက်တရွန်းနစ် ကိရိယာများ၊ အပလီကေးရှင်းများ၊ ဝက်ဆ်ိုက်အကြောင်းအရာများနှင့် အင်တာနက်အသုံးပြုသူများအကြား ကာလ အကန့်အသတ်တခုထိ ပြန်လည် ပြင်ဆင်ရေးသား သွားစေနိုင်သည်။
ယင်းအခက်အခဲကို မဖြစ်မနေ ကျော်လွှားကြရမည်။ ယင်းသည် အစကနဦးမျှပင် ဖြစ်သည်။ တချိန်တည်းတွင် အရှိန်အဟုန်ဖြင့် ပြောင်းလဲနေသော ကမ္ဘာ့နည်းပညာ အရွေ့သို့ အမှီလိုက်ရန် ဖောင့်ပြောင်းလိုက်ရုံနှင့် မပြီး။ မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် နည်းပညာဆိုင်ရာ အခြေခံအဆောက်အဦးနှင့် ပညာရေး အဆင့်အတန်းကို အဆင့်မြှင့်ကြရဦးမည်။
အိမ်နီးချင်း တရုတ်နိုင်ငံတွင် ဒစ်ဂျစ်တယ်ပိုက်ဆံ၊ အီးဂါးဗားမန့်၊ ဒစ်ဂျစ်တယ် စီးပွားရေးတို့က အရှိန်အဟုန်ဖြင့် တိုးတက်နေပြီး အင်အားကြီး အမေရိကန်ကပင် မနာလိုဖြစ်လာနေရသည်။ စင်ကာပူရှိ အလယ်တန်းကျောင်းသားများ ကုတ်ရေးနည်း သင်ကြားနေရပြီး ထိုင်းနိုင်ငံတွင်လည်း စတင်ရန် နှိုးဆော်နေကြသည်။ အိန္ဒိယဆိုလျှင် မြို့နှင့် တောနယ်များ ဒစ်ဂျစ်တယ် အသုံးပြုမှု ကွာဟချက် ကျဉ်းအောင် အစိုးရက ၂၀၁၅ ခုနှစ်က စ၍ Digital India ဟူသော လှုပ်ရှားမှုကို လုပ်ဆောင်နေသည်။
မြန်မာနိုင်ငံသည်လည်း ၂၀၁၈ မှ ၂၀၂၅ ခုနှစ်အထိ ဒစ်ဂျစ်တယ်ပြောင်းလဲမှု လမ်းပြမြေပုံကိုလည်း ပြင်ဆင်ထားပြီး ဒစ်ဂျစ်တယ်စီးပွားရေး တိုးတက်မှုကော်မတီ (DEDC) ရေးဆွဲသည့် မဟာစီမံချက်ကိုလည်း တည်ဆောက်ထားသည်။ သို့သော်မြန်မာနိုင်ငံသည် ဒစ်ဂျစ်တယ် စီးပွားရေးအတွက် အသင့်မဖြစ်သေးပေ။ ကွန်ရက်အသင့်ဖြစ်မှုအညွှန်းကိန်း၊ အီးဂါဘားမင့် အညွှန်းကိန်း၊ ဆိုက်ဘာလုံခြုံရေးအညွှန်းကိန်းနှင့် သတင်းအချက်အလက်နည်းပညာတိုးတက်မှု အညွှန်းကိန်းများတွင် မိမိတို့ မည်သည့် ခရီးမရောက်သေးကြောင်း ပြနေသည်။
ဒစ်ဂျစ်တယ်အသင့်ဖြစ်မှု အတိုင်းအတာများကို အခြေခံပါက မြန်မာနိုင်ငံသည် အဖွဲ့ဝင် ၁၀ နိုင်ငံရှိ အာဆီယံတွင် အနိမ့်ဆုံးဖြစ်နေသောကြောင့် ခရီးရောက်ရန် များစွာလိုသေးသည်။
မြန်မာနိုင်ငံတွင် ဆိုက်ဘာလုံခြုံရေးအတွက် ဥပဒေမူဘောင် သို့မဟုတ် အီးကောမာ့စ် အရောင်းအဝယ်များအတွက် ဥပဒေများမရှိသေးကြောင်း ဇွန်လ ၈ ရက်နေ့က ရန်ကုန်ရှိ MICT တွင် ကျင်းပသော ဒစ်ဂျစ်တယ် စီးပွားရေး ပွဲတော်တခုတွင် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာ ဒုတိယဝန်ကြီးဟောင်း ဦးသောင်းတင်က ထောက်ပြဝေဖန်ခဲ့သည်။
မြန်မာနိုင်ငံတွင် ဒေတာဌာနသစ်များ တည်ထောင်နေသော်လည်း ပြည်တွင်း နည်းပညာလုပ်ငန်းသစ်များသည် ၎င်းတို့၏အချက်အလက်များကို စင်္ကာပူနှင့်ဟောင်ကောင်တွင် သိမ်းဆည်းကြသည်။ ပြောရလျှင် မြန်မာအစိုးရအရှိများသည်ပင် .com.mm ကို မသုံးနိုင်သေးဘဲ ဂျီမေးလ် သုံးနေကြသည်မှာ မြန်မာ့အီးဂါးဗားမန့်၏ သရုပ်အမှန်ကို ပြသနေသည်။
ထို့ကြောင့် တနိုင်ငံလုံး ယူနီကုဒ်သို့ ကူးပြောင်းခြင်းသည် မြန်မာနိုင်ငံတွင် မပြီးဆုံးနိုင်သည့် ဒစ်ဂျစ်တယ်ပြုပြင်ပြောင်းလဲရေး၏ နိဒါန်းသာဖြစ်တော့သည်။
ဆက်စပ်ဖတ်ရှု့ရန်
ခေတ်လိုအပ်ချက်အရ ဇော်ဂျီဖောင့်ကို ထွင်ခဲ့တယ်ဆိုတဲ့ ဦးရဲမြတ်သူနှင့် တွေ့ဆုံခြင်း
တရုတ်တွင် အင်တာနက်နှင့် မိုဘိုင်းဖုန်းသုံးသူများ မျက်နှာကို မှတ်ထားမည့် စနစ် စသုံးမည်
TikTok ကုမ္ပဏီ နှစ်ဝက်အတွင်း ဒေါ်လာ ၇ ဘီလျံကျော် ရရှိ