အယ်ဒီတာ့အာဘော်

လူသတ်ဝါဒနှင့် စစ်ရာဇဝတ်မှုများ အလိုမရှိ

ပြီးခဲ့သည့် ရက်များအတွင်း ရခိုင်စကားပြော လက်နက်ကိုင်အဖွဲ့တဖွဲ့က အရပ်သားတဦးကို ရိုက်နှက်သတ်ဖြတ်ခဲ့သော ဗီဒီယိုဖိုင်တခု ဆိုရှယ်မီဒီယာတွင် ပေါ်ထွက်လာခဲ့ခြင်းသည် စစ်ပွဲအတွင်း ကျူးလွန်သော လူမဆန်သော ရာဇဝတ်မှုများ ရှိနေကြောင်း နောက်ဆုံး သက်သေပြချက် ဖြစ်သည်။

ယခုအခါ ဖြုတ်ချခဲ့ပြီဖြစ်သော ဗီဒီယိုကို လေ့လာကြည့်သမျှ လူသတ်သမားများသည် စစ်ယူနီဖောင်း တပိုင်းသာ ဝတ်ဆင်ထားသောကြောင့် မည်သည့်လက်နက်ကိုင်တပ်ဖွဲ့ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိရန် အတော်ခက်သည်။ သို့သော် ရခိုင်စကားနှင့် မြန်မာစကား ၂ မျိုးလုံး ပြောဆိုနိုင်သည့်အပြင် အသတ်ခံရသူ၏ နောက်ဆုံးဆုတောင်းစကားအရပါ ရက္ခိုင့်တပ်မတော် Arakan Army-AA ပါဝင်နေနိုင်သည်ဆိုသော သံသယကို ဖြစ်စေခဲ့သည်။

သတင်းမီဒီယာများ၏ ဆက်သွယ်မေးမြန်းမှုများအရ AA က အဆိုပါ လူသတ်မှုတွင် ၎င်း၏ တပ်ဖွဲ့များ မပါဝင်ကြောင်း ငြင်းဆိုပြီး စုံစမ်းစစ်ဆေးမှုများလည်း ပြုလုပ်မည်ဟု သိရှိရပါသည်။ ထို့ပြင် အဆိုပါ ဗီဒီယိုဖိုင်သည် AA က ပြန်ပေးဆွဲ ဖမ်းဆီးသွားသော တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ဓားစာခံများထဲ တပ်မတော် ရဟတ်ယာဉ်များက ဗုံးကြဲတိုက်ခိုက်သည့်အတွက် သေဆုံးမှု ရှိကြောင်း သတင်းကို တန်ပြန်ထိုးစစ်ဆင်ရန် တပ်မတော်က လုပ်ကြံထားမှုဟု သုံးသပ်ချက်ကိုလည်း ကြားသိရသည်။ တပ်မတော်ကမူ ယင်းသို့ တုန့်ပြန်မှုကို ပယ်ချခဲ့ပြီး ဗီဒီယိုဖိုင်ပါ လူသတ်မှုသည် AA ၏ လက်ချက်ဟုသာ ပြောဆိုသည်။

မည်သို့ဆိုစေ ရခိုင်ပြည်နယ်တွင်း လက်နက်ကိုင် ပဋိပက္ခ ပိုမိုမြင့်တက်လာသည်နှင့်အမျှ တရားဥပဒေစိုးမိုးရေး လျော့နည်းသွားကာ အများပြည်သူလူထု၏ အသက်အိုးအိမ် လုံခြုံရေးကလည်း လုံးဝ အာမ မခံတော့ချေ။ စက်တင်ဘာလအတွင်း လူ ၃ ဦး ခေါင်းဖြတ်သတ်ဖြတ်ခံခဲ့ရပြီး ၂ ဦး၏ အလောင်းနှင့် ခေါင်းပြတ်များကို မြေပုံမြို့နယ် ကန်တောင်ကြီးကျေးရွာ ဈေးတွင် စွန့်ပစ်ထားခဲ့ခြင်းကလည်း တုန်လှုပ်ဖွယ် နောက်ထပ် သက်သေတခု ဖြစ်သည်။

ယင်းသို့ သတ်ဖြတ်မှုများသည် ကိုယ်နှင့်မတူ ကိုယ့်ရန်သူဟု ရှုမြင် သဘောထားမှုတွင် အခြေခံပြီး “သစ္စာဖောက်”ဟူသော စွပ်စွဲချက်များနှင့် တိုက်ရိုက်ပတ်သက်နေလေ့ရှိတတ်သည်။ ပြည်တွင်းစစ်သမိုင်းကို ပြန်ကြည့်လျှင် လက်နက်ကိုင်အဖွဲ့အစည်းတိုင်းလိုလို ဤကိစ္စနှင့် မကင်းကြ။ ဗမာပြည် ကွန်မြူနစ်ပါတီ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ကချင် လွတ်လပ်ရေးအဖွဲ့တို့မှ အစ ၁၉၈၈ နောက်ပိုင်း ဖွဲ့စည်းသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF အဖွဲ့တို့အထိ ဖြစ်သည်။

ယင်းသည်ပင် မြန်မာပြည် လက်နက်ကိုင်တော်လှန်ရေးများ မအောင်မြင်ရခြင်း အကြောင်းရင်းတခု ဖြစ်မည်။ စစ်အာဏာရှင် တော်လှန်ရေးကို အကြောင်းပြုပြီး စစ်ဘုရင်များစွာ ထပ်မံ ပေါက်ဖွားလာခဲ့သော ပြည်တွင်းစစ် သံသရာတွင် နိုင်ငံနှင့် နိုင်ငံသားတို့ မရှူနိုင် မကယ်နိုင်ဖြစ်နေခဲ့ရသည်မှာ ဆယ်စုနှစ်များစွာ ကြာပြီ။

ထိုသင်ခဏ်းစာတို့ကို ရင်ဝယ်ပိုက်ရင်း ယနေ့ မြန်မာနိုင်ငံသားများ လိုချင်သည်မှာ ကွဲပြားခြားနားသော အယူအဆများအား လေးစားနားထောင်ပြီး အပြန်အလှန် ဆွေးနွေးနိုင်သော ဒီမိုကရေစီစနစ် ဖြစ်သည်။ ထို့ပြင် ဒီမိုကရေစီ နည်းကျ ရွေးကောက်တင်မြှောက်လိုက်သော အစိုးရလက်အောက်တွင် တာဝန်ထမ်းဆောင်မည့် စည်းကမ်းကြီးပြီး လူသားဆန်သော လက်နက်ကိုင်တပ်ဖွဲ့ကိုလည်း မြင်လိုသည်။ အနာဂတ်တွင် ဘာသာမရွေး တိုင်းရင်းသားပေါင်းစုံ ပါဝင်ထမ်းရွက်သော ထိုတပ်မတော်မျိုး ဖွဲ့စည်းရေး လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးကို မဖြစ်မနေ လုပ်ဆောင်ရမည်။

ထို့ကြောင့် မတူကွဲပြားခြားနားမှုများကို အသံတိတ်သွားစေရန် ရည်ရွယ်၍ လက်နက်ကိုင် ခြိမ်းခြောက် သတ်ဖြတ်မှု မှန်သမျှသည် ဒီမိုကရေစီနှင့် ဆန့်ကျင်ဘက်ဖြစ်သည်၊ လူမဆန်မှု သက်သက်မျှ ဖြစ်သည်၊ စစ်ရာဇဝတ်မှုပင် မြောက်သည်။ ယင်းသည် မည်သည့်တန်ဖိုးကိုမျှ မသယ်ဆောင်လာသည့်အပြင် အဖျက်သဘော လုံးလုံးဖြစ်၍ လူသတ်ဝါဒနှင့် စစ်ရာဇဝတ်မှုများ အလိုမရှိဟု ရှုတ်ချထိုက်ပေသည်။

You May Also Like These Stories:

ရခိုင်စစ်ပွဲ အမြန်ဆုံး ရပ်ပါ

ရခိုင်စစ်ပွဲ ရပ်စဲခြင်းဖြင့် မြောက်ဦး ယဉ်ကျေးမှု အမွေအနှစ်များကို ကယ်တင်ပါ

ရခိုင် ပြဿနာ နိုင်ငံရေးနည်းဖြင့် အမြန်ဆုံး အဖြေရှာကြပါ 

Loading