နေပြည်တော် ဒက္ခိဏ ခရိုင်တရားရုံးတွင် စစ်ဆေးကြားနာနေသော ဗစ်တိုးရီးယား အမှုတွင် သံသယ တရားခံ ကိုအောင်ကြီးကို တရားသူကြီးက တရားရှင်လွှတ်ပေးအပြီး နောက်တရက်၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ မှုခင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦးနှင့် ရဲမှူးကြီး မင်းဟန်တို့က အမှုတွင် နစ်နာသူ ကလေးငယ်၏ အမည်ရင်း၊ မိဘ အမည်များ၊ နေရပ်လိပ်စာများကို ထည့်သွင်းပြောဆိုခဲ့ခြင်းသည် ရဲဝန်ထမ်းများ စောင့်ရှောက်အပ်သော ကျင့်ဝတ်ကို ချိုးဖောက်ရုံသာမက ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ဥပဒေကိုပါ လျစ်လျူရှုခဲ့ခြင်းဖြစ်သည်။
ယခုအမှုတွင် ရဲတပ်ဖွဲ့၏ အားထုတ်မှုသည် စိတ်ပျက်ဖွယ်ရာ ဖြစ်သည်။ တာဝန်မကျေသည့်အပြင် အမှုကို လမ်းကြောင်းလွဲအောင်၊ အမှန်နှင့်ပိုဝေးသွားအောင် လုပ်ဆောင်သည်ဆိုသည့် စွပ်စွဲချက်များလည်း ရှိရာ ယင်းပြောဆိုချက်များကိုလည် ရဲတပ်ဖွဲ့က ယနေ့အချိန်ထိ မဖြေရှင်းနိုင်ပါ။ ဥပမာ ဗစ်တိုးရီးယား၏ မိန်းမကိုယ်တွင် တွေ့ရှိထားသည့် သုတ်ပိုးသည် ကုတင် ၁၀၀၀ ဆေးရုံကြီးတွင် အထောက်အထား ခိုင်မာစွာ တွေ့ရှိခဲ့သော်လည်း ၎င်းတို့ လက်လွှဲယူလိုက်သည့်အခါ “ဘာမှမရှိ”ဆိုသည့် အဖြေထွက်လာခြင်းသည် တာဝန်ယူမှု၊ တာဝန်ခံမှု အားနည်းခြင်း ဖြစ်သည်။ ထို့ပြင် CCTV မှတ်တမ်းများ ၎င်းတို့လက်ထဲသို့ ရောက်ရှိချိန်တွင် မရှိဆိုပါက ပြန်လည် ဖော်ထုတ်ရမည့် တာဝန်ကို ရှောင်လွဲနေခဲ့သည်။
တရားရုံးက အောင်ကြီးကို လွှတ်ပေးလိုက်ခြင်းသည် ရဲတပ်ဖွဲ့မှ တင်သွင်းသော သက်သေခံအထောက်အထားများက အားမကောင်းဟု ဆုံးဖြတ်လိုက်ခြင်းမည်သောကြောင့် သက်သေခံပစ္စည်း မည်သို့စုဆောင်းသနည်း၊ ရဲလုပ်ငန်းအဆင့်ဆင့်ကို မည်သို့ဆောင်ရွက်ခဲ့သနည်းဟု မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ ထိုကြောင့် ရဲတပ်ဖွဲ့အနေဖြင့် ရုံးတော်သို့ မိမိတို့၏ တင်ပြချက် အားကောင်းစေရန် တရားဥပဒေဘောင်အတွင်းမှ ဆက်လက်ဆောင်ရွက်ရမည့်အစား မိမိတို့ လိုက်နာစောင့်ရှောက်ရမည့် ဥပဒေမျေားကိုပင် မမြင်နိုင်တော့ဘဲ ကလေးနှင့် မိဘနာမည်များကိုပင် ထုတ်ဖော်ပြောကြားတော့သည်။ ထို့ပြင် တခြား တရားခံများ ရှိနိုင်သေးသည်ဟု ယူဆနိုင်သည့် လမ်းကြောင်းများကိုလည်း လျစ်လျူရှု့၍ လွှတ်ပေးလိုက်သည့် သံသယတရားခံ အောင်ကြီးကိုသာ ဆက်လက်စွပ်စွဲနေပြီး ပုံစံခွက်ထဲမှ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေသည်မှာလည်း အလွန် စိတ်ပျက်ဖွယ်ရာပင်။
ပိုဆိုးသည်မှာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ တရားဝင် လူမှုကွန်ရက် စာမျက်နှာ “ရဲဇာနည်”တွင် လျှို့ဝှက်အပ်သော အချက်အလက်များကို တနာရီနီးပါး တင်ထားခဲ့သည်။ လူအများက ဝိုင်းဝေဖန်ကဲ့ရဲ့ခံရပြီးနောက်မှ ပြန်လည်ဖြုတ်ချသွားခဲ့သည်။ အဆိုပါလုပ်ရပ်သည် “ရဲဇာနည်” စာမျက်နှာတွင် နောက်ကျပြီးမှ တင်လာသော ပြည်ထဲရေးဝန်ကြီးများ၊ ရဲချုပ်များပါဝင်သည့် ရဲအရာရှိကြီးများအား နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က လမ်းညွှန်မှုများနှင့်လည်း လားလားမှမတူ သွေဖယ်နေသေးသည်။
ဒီဇင်ဘာလ ၁၈ ရက်တွင် ကျင်းပသော ယင်းအစည်းအဝေးတွင် ဒေါ်အောင်ဆန်းစုကြည်က “ကမ္ဘာပေါ်တွင် အင်မတန်ဖွံ့ ဖြိုးတိုးတက်တည်ငြိမ်သည့် နိုင်ငံများ၏ ရဲတပ်ဖွဲ့များဆိုလျှင် ၎င်းတို့၏ ပြည်သူများက ယုံကြည်စိတ်ချအားကိုးကြသည့် ရဲတပ်ဖွဲ့များဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ် ကြောင်း၊ ယင်းရဲတပ်ဖွဲ့များရှိလျှင် သူတို့အပေါ် မည်သည့်အန္တရာယ်မှ မကျရောက်နိုင်ဘူးဆိုသည်အထိ စိတ်ချလုံခြုံမှုပေးနိုင်သည့် နိုင်ငံများသည် အင်မတန် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ မိမိတို့ ရဲတပ်ဖွဲ့အတွင်းတွင်ရှိသည့် စိတ်နေစိတ်ထားများသည် မိမိတို့လူ့အသိုင်းအဝိုင်း၏ စိတ်နေစိတ်ထားများကို ရောင်ပြန်ဟပ်ပါကြောင်း၊ ရဲတပ်ဖွဲ့ဝင်များက ဦးဆောင်ပြီး စိတ်ဓာတ်များကို ပြုပြင်ပေးရမည်ဖြစ်ပါကြောင်း၊ ကိုယ်ကစပြီးပြုပြင်ရမည်ဖြစ်ပါကြောင်း” ထည့်သွင်းပြောကြားသွားပါသည်။
ယမန်နေ့ နေပြည်တော် သတင်းစာရှင်းလင်းပွဲမှ ရဲအရာရှိကြီးများ၏ အပြုအမူမှာမူ ထိုသို့မဟုတ်ဘဲ တရားဥပဒေကို စောင့်ရှောက်ရမည့် အဖွဲ့အစည်း ကိုယ်တိုင် တရားဥပဒေကို ချိုးဖောက်ခြင်းမည်နေသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် ရှက်စရာကောင်းသည့်နေ့တနေ့ ဖြစ်ခဲ့ရသည်ဟုသာ ဆိုရပါတော့မည်။ ထိုရှက်ဖွယ်ကောင်းသော အပြုအမူ အကျင့်အကြံများ မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွင်း နောက်နောင်ထပ်မံ မဖြစ်ပွားစေရေး ပြုပြင်ပြောင်းလဲမှု ခြေလှမ်းများ ခိုင်ခိုင်မာမာ တက်လှမ်းသင့်ပေကြောင်းလည်း အကြံပြု ရေးသားအပ်ပေသည်။
You may also like these stories:
ဗစ်တိုးရီးယား DNA စစ်ဆေးချက်ရလဒ် ဆေးရုံနှင့် CID ကွဲလွဲမှု ရှိနေ
ရဲတပ်ဖွဲ့ကို တရားစွဲမည်ဟု ဗစ်တိုးရီးယား၏ ဖခင် ပြောရဲတပ်ဖွဲ့
သတင်းစာ ရှင်းလင်းပွဲ၌ ဗစ်တိုးရီးယား အမည်ရင်း ထုတ်ဖော် ပြောဆိုမှု ဝေဖန်ခံရ