အယ်ဒီတာ့အာဘော်

ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တခေတ်ဆန်းပြီ

Want create site? Find Free WordPress Themes and plugins.

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၇-၁၈ ရက် နေပြည်တော်သို့ ရောက်ရှိလာခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သော သဘောတူစာချွန်လွှာများနှင့် စာချုပ်များသည် တရုတ်-မြန်မာ ၂ နိုင်ငံကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး တခေတ်ဆန်းချိန် ရောက်ပြီဖြစ်ကြောင်း သက်သေပြချက်ဖြစ်သည်။

ယခင် တရုတ်တို့ ဆက်ဆံရသည်မှာ ယူနီဖောင်းဝတ် ဗိုလ်ချုပ်ကြီးများ ဖြစ်ပြီး ထိုအချိန်က နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ကျခံနေခဲ့ရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ယခုလို မြန်မာ့စီးပွားရေးတွင် အမှန်လိုအပ်နေသော အခြေခံအဆောက်အဦးများနှင့် တရုတ်နိုင်ငံ၏ မဟာဗျူဟာ အကျိုးစီးပွားဖြစ်သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းတို့ တည်ဆောက်ရေး ၂ နိုင်ငံ သဘောတူစာချုပ်များ ရေးထိုးရလိမ့်မည်ဟု တရုတ်တို့ မမျှော်လင့်ထားခဲ့ကြပေ။

ယခုအခါ တရုတ်ဘက်မှ အလုံးအရင်းဖြင့် စတင်ချင်နေသော်လည်း မြန်မာတို့ဘက်က အကြွေးထောင်ချောက်ကို စိုးရိမ်သည်ကတကြောင်း၊ မြန်မာ့စီးပွားရေးအနေအထားအရ လက်တွေ့ကျကျ တဆင့်ချင်း အကောင်အထည်ဖော်နိုင်မည့် အတိုင်းအတာကို ရွေးချယ်ခြင်းကြောင့်တကြောင်း ကျောက်ဖြူရေနက်ဆိပ်ကမ်းသည် တရုတ်တို့ အဆိုပြုခဲ့သည့် အမေရိကန်ဒေါ်လာ ၉ ဘီလီယံမှ ၁ ဘီလီယံကျော် အရွယ်အစားထိ လျော့ကျသွားသည်။ အစုရှယ်ယာ ပိုင်ဆိုင်မှုကလည်း ယခင် တရုတ် ၈၅၊ မြန်မာ ၁၅ ဖြစ်ခဲ့ရာမှ တရုတ် ၇၀၊ မြန်မာ ၁၅ နှင့် အခြားသူ ၁၅ ရာခိုင်နှုန်း ဖြစ်သွားသည်။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်က မြစ်ဆုံရေကာတာစီမံကိန်း ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ချိန်မှ စ၍ မြန်မာနှင့် ဆက်ဆံရေးကို တရုတ်က ယခင်လို စစ်ခေါင်းဆောင်များနှင့်သာ သီးသန့်ဆက်ဆံခဲ့ရာက အလွှာ အသီးသီးသို့ ထိတွေ့ချဉ်းကပ် ဆက်ဆံလာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက အခြား နိုင်ငံရေးသမားများ၊ သုတေသီများ၊ သတင်းစာဆရာများ၊ စာရေးဆရာများကိုလည်း တရုတ်နိုင်ငံသို့ ဖိတ်ကြားလည်ပတ်စေသည်။

တရုတ်နိုင်ငံ၏ အံ့မခန်းတိုးတက်မှုကို တဖက်မှ ခေါ်ပြရင်း တရုတ်တို့သည် မြန်မာကို နားလည်အောင် ကြိုးစားသည်ဟု ထင်သည်။ မြန်မာသည် အရင်လိုမဟုတ်၊ ဒီမိုကရေစီကို ထူထောင်ကျင့်သုံးနေပြီဖြစ်ကြောင်း တရုတ်တို့ သည်းခံစောင့်ဆိုင်းခဲ့ပုံ ရသည်။ ရှီကျင့်ဖျင်၏ ယခု ခရီးစဉ်သည် ၂၀၀၉ ခုနှစ် သူ ပထမအကြိမ် လာရောက်ကတည်းက သဘောတူထားခဲ့သည့် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအပါအဝင် အခြား တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် စီမံကိန်းများကို အမြန်စတင်ရေး တွန်းအားပေးခြင်း ဖြစ်သည်။

အငြင်းပွားဖွယ် မြစ်ဆုံရေကာတာစီမံကိန်းကို ရှေ့မဆက်တော့ဘဲ ယင်းအစား ရန်ကုန်မြို့သစ်စီမံကိန်းကို တရုတ်-မြန်မာ စီးပွားရေးစင်္ကြန် စီမံကိန်း ခေါင်းစဉ်အောက် ထည့်ထားသည်။ အပြန်အလှန် လက်မှတ်ထိုးသမျှ စီမံကိန်းများသာ အကောင်အထည်ပေါ်လျှင် တရုတ်သည် ယခင်လို မြန်မာ၏ ရင်းနှီးမြှုပ်နှံမှုစာရင်းတွင် ထိပ်ဆုံး ပြန်ရောက်မည်။ တရုတ်စီမံကိန်းများ အကောင်အထည်ဖော်မည့် တိုင်းရင်းသားနယ်မြေများရှိ ဒေသခံတို့၏ သဘောထား ပါဝင်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အရေးကြီးကြောင်းလည်း တရုတ်သမ္မတရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောသည်။

စီမံကိန်းများကို လက်ခံ အကောင်အထည်ဖော်ရေးသည် ၂ နိုင်ငံ နယ်စပ်ဒေသ လုံခြုံ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်ရေးတို့နှင့် တိုက်ရိုက် ချိတ်ဆက်နေပြန်သည်။ ငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းစဉ်က အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသလို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း တရုတ်လက်နက်များ မြန်မာ့နယ်ထဲ ဝင်ရောက်နေမှုကို ရှီကျင့်ဖျင်ထံ တိုက်ရိုက်တွေ့ဆုံ ပြောပြခြင်းက နယ်ခြားအခြေစိုက် တရုတ်စစ်တပ်၏ အစိတ်အပိုင်းတချို့ ပါဝင်ပတ်သက်နေနိုင်သည်ဟု သံသယရှိဖွယ် လက်နက်မှောင်ခိုမှုကို သမ္မတကိုယ်တိုင် ကိုင်တွယ်နိုင်မည်။ မြန်မာခရီးစဉ် ပြီးပြီးချင်း ယူနန်ပြည်နယ်သို့ ရှီကျင့်ဖျင် ချက်ချင်းသွားသည်ကို သတိမူမိသည်။ ငြိမ်းချမ်းရေးတည်ဆောက်မှုကမူ မြန်မာတို့ အချင်းချင်းသာ ညှိနှိုင်းဆွေးနွေးရင်း အဖြေရှာရမည်။

မည်သို့ဆိုစေ ဦးသိန်းစိန်လက်ထက် ဒီမိုကရေစီနှင့် ပြုပြင်ပြောင်းလဲရေးများ စတင်ချိန် ခပ်ခွာခွာ ဖြစ်သွားသော တရုတ်-မြန်မာ ဆက်ဆံရေးသည် ဒေါ်အောင်ဆန်းစုကြည်ဦးစီးသော ရွေးကောက်ခံအစိုးရလက်ထက် ပြန်နီးကပ်သွားနေကြောင်း သမ္မတ ရှီကျင့်ဖျင်၏ နေပြည်တော်ခရီးစဉ်အတွင်း သဘောတူလက်မှတ်ထိုးခဲ့သည့် စီမံကိန်း အရေအတွက်နှင့် တရုတ်ကိုယ်စားလှယ်အဖွဲ့အပေါ် မြန်မာအစိုးရ၏ ဧည့်ဝတ်ပြူငှာပြုမှုက သက်သေပြနေသည်။

အမှန်တကယ်တွင်လည်း ကီလိုမီတာပေါင်း ၂ ထောင်ကျော် ရှည်လျားစွာ ထိစပ်နေသည့် အိမ်နီးနားချင်း တရုတ်၏ ကြီးထွားလာမှုကို မြန်မာတို့ ရှောင်မလွတ်ပါ။ ယင်းကို ခြိမ်းခြောက်မှုအဖြစ် မချဉ်းကပ်ဘဲ အခွင့်အလမ်းတခုအဖြစ် ချဉ်းကပ်ပြီး မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ရည်ရွယ် အခြေခံပြီး စည်းမျဉ်းများနှင့် နည်းလမ်းတကျ ပူးတွဲလုပ်ဆောင်ပါက မြန်မာရော တရုတ်ပါ ၂ ဦး ၂ ဘက် အကျိုးများမည်မှာ သေချာသည်။

သမ္မတ အိုဘားမား၏ ရန်ကုန်သို့ ရောက်လာခြင်းသည် သမိုင်းဝင်ဖြစ်ရပ်တခုဆိုလျှင် သမ္မတ ရှီကျင့်ဖျင်၏ နေပြည်တော်ခရီးစဉ်သည်လည်း မိုင်တိုင်သစ် စိုက်ထူလိုက်ခြင်း ဖြစ်မည်။ အမေရိကန်သမ္မတ၏ ခရီးစဉ်သည် မြန်မာတို့၏ ဒီမိုကရေစီရေး အပြောင်းအလဲကို ကိုယ်စားပြု ထင်ဟပ်နေသည်ဟု ဆိုလျှင် သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်သည်လည်း မြန်မာတို့၏ ကြီးပွားတိုးတက်ရေးခေတ်သစ် အဖွင့်ဟု ပြောနိုင်မည်လော။

လာလတ္တံ့သော အထွေထွေရွေးကောက်ပွဲအတွက် မြန်မာတို့ ပြင်ဆင်နေဆဲသာ ရှိချိန်တွင် တရုတ်တို့က မဲထည့်ပြီးသွားပြီဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ရွေးကောက်ခံအစိုးရလက်ထက် တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေး တခေတ်ဆန်းချေပြီ။

You may also like these stories:

ဆွေမျိုးပေါက်ဖော်တို့ လာနေပြီ

ကျောက်ဖြူသာမက တရုတ်ပိုးလမ်းမ စီမံကိန်းများ တည်ဆောက်ရေး လောမကြီးသင့်

Did you find apk for android? You can find new Free Android Games and apps.
Loading