အယ်ဒီတာ့အာဘော်

အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်

Want create site? Find Free WordPress Themes and plugins.

ယနေ့ ကမ္ဘာတဝန်း ရင်ဆိုင်နေရသော Covid-19 ကိုရိုနာဗိုင်းရပ် ရောဂါပိုး ပျံ့နှံ့နေမှုသည် လူ့သက်တမ်းတလျှောက် မကြုံစဖူး ထူးကဲလှသည်။ ယခင်က ကပ်ရောဂါဆိုး အများစုသည် ကျန်းမာရေးဆိုင်ရာ ပြဿနာမျှသာ၊ ယခုမူ လူမှုရေးနှင့် စီးပွားရေးကဏ္ဍများထိပါ အကျိုးသက်ရောက်မှု ရှိလာသည်ကို မျက်ဝါးထင်ထင် ကြုံတွေ့သိမြင်လာရပြီဖြစ်သည်။

ရောဂါထိန်းချုပ်ရန် နိုင်ငံအများအပြားတွင် ပြင်းထန်တင်းကျပ်စွာ ကိုင်တွယ်ကြသည်။ ဒီမိုကရေစီကျင့်သုံးသော ဥရောပနှင့် အမေရိကန်နိုင်ငံများသည်ပင် အခြေခံလူ့အခွင့်အရေးများဖြစ်သော လွတ်လပ်စွာ သွားလာခွင့်၊ လွတ်လပ်စွာ စုဝေးခွင့်၊ လွတ်လပ်စွာ ဝတ်ပြုဆုတောင်းခွင့်တို့ကို ကန့်သတ်ကြသည်။ ဒေသတခုချင်း သို့မဟုတ် တနိုင်ငံလုံး အိမ်ပြင်မထွက်ရ၊ လူအများ မစုဝေးရ အမိန့်ဒီဂရီများ ထုတ်ပြန်ကြသည်။ ရှောင်လွှဲမရနိုင်ဘဲ လူအများ အထိတ်တလန့် ဝယ်ယူခြင်း၊ ဈေးကွက်ဝရုန်းသုန်းကားဖြစ်ခြင်း၊ အသေးစားလုပ်ငန်းများ ငွေမလည်ပတ်နိုင်ခြင်းများ ကြုံလာပြီး ဆုပ်ကပ်နှင့် ကြုံလာကြရသည်။

မြန်မာနိုင်ငံတွင်လည်း ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်း အတော်အထိနာနေပြီး ၎င်းနှင့် ဆက်နွယ်နေသော လေကြောင်းလိုင်း၊ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းသာမက ဒေသခံ မိရိုးဖလာလုပ်ငန်းများလည်း ဝင်ငွေကျဆင်းသွားမည်မှာ သေချာသလောက်ပင်။ ဘဏ်များတွင် ငွေချေးပြီး လုပ်ငန်း ထူထောင်လည်ပတ်နေရသူများ ဘဏ်တိုးကို ပြန်မဆပ်နိုင်ကြောင်း ကြားသိနေရသည်။ သို့သော် ထိခိုက်မှုနှင့်ပတ်သက်သော ဒေတာအချက်အလက်များ အစိုးရတွင် ရှိမနေပါ။ ဒစ်ဂျစ်တယ်စနစ်ကို မတည်ဆောက်နိုင်သေးဘဲ စာရွက်စာတမ်းပုံများထဲ နစ်နေဆဲ မြန်မာ့ဗျူရိုကရေစီ၏ နှေးကွေးလေးလံမှုက အချိန်နှင့်အမျှ ပြောင်းလဲနေသော ယခု ကမ္ဘာ့ကပ်ရောဂါဆိုးနှင့် စီးပွားရေးဆုပ်ကပ်ကို တုန့်ပြန်နိုင်စွမ်းကို စိန်ခေါ်နေသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကမ္ဘာ့ကပ်ရောဂါဟု မကြေညာသေးမီအထိ အိမ်နီးချင်းတရုတ်နိုင်ငံတွင် ဖြစ်ပွားသော ဗိုင်းရပ်စ်၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများကို တုန့်ပြန်ကိုင်တွယ်မည့် ကြိုတင် အစီအမံများအား နေပြည်တော်အစိုးရက မချမှတ်ခဲ့ပါ။ ယင်းကပ်ဘေးကို မည်သို့ရင်ဆိုင်ကျော်လွှားကြမည့်အကြောင်း ပြောဆိုဆွေးနွေးကြရမည့်အစား လွှတ်တော်တွင်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ငြင်းခုံနေကြသည်။ လူမှုအလွှာအသီးသီးကလည်း ကျန်းမာရေးဝန်ကြီးဌာန၏ တိုက်တွန်းချက်များကို ဂရုမစိုက်ဘဲ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးဆိုင်ရာ ပွဲလမ်းသဘင်များ မကြာသေးခင်အချိန်ထိ ကျင်းပနေခဲ့ကြသည်။

ရောဂါကူးစက်သူ တယောက်မှ မတွေ့သေးသောကြောင့် ကျန်းမာရေးအရ မြန်မာပြည် ကံကောင်းနေခဲ့သော်လည်း စီးပွားရေးအရ ကံကောင်းမနေခဲ့ပါ။ အထည်ချုပ်လုပ်ငန်းများ ပိတ်လာခဲ့ရပြီး လက်ခစားများ အလုပ်လက်မဲ့ဖြစ်လာချိန်တွင် အစိုးရသည် ကိုရိုနာဗိုင်းရပ်၏ စီးပွားရေးအပေါ် အကျိုးသက်ရောက်မှုများအား ကုစားရေးကော်မတီဖွဲ့ကာ တုန့်ပြန်ဆောင်ရွက်ခဲ့သည်။ ဗဟိုဘဏ်အနေဖြင့် ၀ ဒသမ ၅ ရာခိုင်နှုန်း ပထမဆုံးအကြိမ် လျော့ချပေးခဲ့ပြီး ယခုအခါ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ကျပ်ဘီလီယံ ၁၀၀ ရံပုံငွေ မတည်ပြီး ထိခိုက်နေသော ခရီးသွားလုပ်ငန်း၊ အထည်ချုပ်လုပ်ငန်းနှင့် အသေးစားလုပ်ငန်းများအား အတိုး ၁ ရာခိုင်နှုန်းသာ ယူသော ချေးငွေနှင့် အခြားသက်သာခွင့်များ ပေးလာခဲ့ပြီဖြစ်သည်။

သတင်းကောင်းမှာ တရုတ်နိုင်ငံတွင် ရောဂါကူးစက်မှုကို လုံးဝနီးပါး ထိန်းချုပ်လာနိုင်နေသလို အမေရိကန်နှင့် ဂျာမဏီနိုင်ငံတို့က ဒေါ်လာ ဘီလီယံပေါင်း များစွာ ထောက်ပံ့သုံးစွဲရန် ကတိပြုထားပြီ ဖြစ်သည်။ ငွေကြေးချို့တဲ့သော နိုင်ငံများ၊ ကိုရိုနာဗိုင်းရပ်နှင့် နပန်းလုံးနေရသော တိုင်းပြည်များအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေ IMF ၊ ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် ADB တို့ကလည်း ငွေကြေးထောက်ပံ့ရန် ဒေါ်လာထရီလျံချီ ပြင်ဆင်ထားသည်။

သို့ရာတွင် ကိုရိုနာဗိုင်းရပ် ပျံ့နှံ့မှုက တရုတ်ပြည်အပြင်ဘက် အာရှနိုင်ငံများတွင် ဒုတိယအကျော့ ပြန်မြင့်တက်လာနေသည်။ ပြည်ပခရီးသွားများထံမှ ရောဂါပိုး ရောက်လာသောကြောင့် နိုင်ငံခြားခရီးသွားများ မလာရန် နယ်စပ်ကို ပိတ်နေရပြီး နိုင်ငံခြားရောက် မိမိနိုင်ငံသားများအား အိမ်ပြန်ခေါ်လာနေရသည်။ ထိုင်းရောက် မြန်မာအလုပ်သမားများ အိမ်ပြန်လာမည့်အရေးကို ကြိုပြင်ထားသင့်ပြီ။ အစိုးရအနေဖြင့် ကျန်းမာရေးဝန်ဆောင်မှု ပေးရုံသာမက အလုပ်အကိုင်ဈေးကွက်ကိုလည်း ဖန်တီးပေးနိုင်ရမည်။

ရောဂါပိုး မတွေ့သေးခြင်းသည် ရောဂါပိုး မရှိဟု စိတ်ချလက်ချ နေရန် မဟုတ်။ ကျန်းမာရေးဝန်ထမ်းများက ရောဂါပိုးရောက်လာချိန်တွင် ဝန်နှင့် အားမမျှ ဖြစ်မှာ စိုးရိမ်နေသည်။ ကျန်းမာရေးတွင် ကုသရေးထက် ကြိုတင်ကာကွယ်ရေးက အရေးကြီးသဖြင့် လူအများ စုဝေးခြင်းကို တားမြစ်ခြင်းက အရေးပါသည်။ ပြည်သူတွေလည်း တာဝန်ရှိသည်ဟု ဆို၍ မပြီး။ မည်သည့်အချိန်တွင် မည်သို့ဖြစ်လာပါက မည်သည့်နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းမည်ကို နိုင်ငံရေးဦးဆောင်မှုက ကြိုတင် တွေးတော ပြင်ဆင်ထားရမည်။ ဖြစ်လာသည့် အတိုင်းအတာပေါ် မူတည်ပြီး လျင်လျင်မြန်မြန် ထိထိရောက်ရောက် တုန့်ပြန်ဆောင်ရွက်ရမည်မှာ အစိုးရ၏ တာဝန်ဖြစ်သည်။

အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုနှင့် လျင်မြန်ထက်မြက်သော စီမံခန့်ခွဲမှုသည်သာ ယခု Covid-19 ကိုရိုနာဗိုင်းရပ် ကပ်ရောဂါနှင့် စီးပွားရေးဆုပ်ကပ်အတွင်း အထိခိုက် အနည်းဆုံးဖြစ်သော လမ်းကြောင်းကို တည်တည်ငြိမ်ငြိမ် ရွေးချယ် ဖော်ဆောင်နိုင်မည်။ ကြံ့ကြံ့ခံ ရပ်တည်နိုင်မည်။ နောက်ဆုံးတွင် ကပ်ဘေးကို နိုင်ငံတကာနှင့် ပူးပေါင်းပြီး အောင်မြင်စွာ ကျော်လွှားနိုင်မည်။ သို့မဟုတ်ပါက လူထုကျန်းမာရေး အကြီးအကျယ် ထိခိုက်မည်ဖြစ်ပြီး စီးပွားပျက်ကပ်ဆိုက်ကာ နောက်ဆုံး နိုင်ငံရေး မတည်ငြိမ်မှုဆီ ဦးတည်လိမ့်မည် ဖြစ်သတည်း။

You may also like these stories:

စီးပွားရေး ထိခိုက်မှု ကုစားရန် ကျပ် ၁၀၀ ဘီလီယံ အစိုးရ ထုတ်ချေးမည်

နိုင်ငံတော် အတိုင်ပင်ခံ၏ COVID-19 မိန့်ခွန်း အပေါ် အမြင်များ

ဗိုင်းရပ်စ် ကူးစက်ခံလိုက်ရသည့် မြန်မာ့ပို့ကုန် ကဏ္ဍ

ကိုရိုနာ ဂယက်က အမေရိကန်ရောက် မြန်မာတွေအပေါ် ဘယ်လောက်ထိ ရိုက်ခတ်နေလဲ

Did you find apk for android? You can find new Free Android Games and apps.
Loading