ကိုဗစ်-၁၉ သည် ကမ္ဘာပေါ်တွင် တိုင်းပြည်၏ အစိုးရခေါင်းဆောင်များ အုပ်ချုပ်မှုအာဏာများကို အကြီးအကျယ် သွေးတိုးစမ်းနေပြီ ဖြစ်သည်။
ကူးစက်ရောဂါပိုး၏ဒ ဏ်ကို အလူးအလဲခံနေရသော အမေရိကန်ပြည်ထောင်စု၊ အီတလီ၊ စပိန်၊ တရုတ် နိုင်ငံအပါအဝင် ထိုနိုင်ငံများမှ အစိုးရခေါင်းဆောင်များက တိုင်းပြည်တွင် ရင်ဆိုင်နေရသော ကြောက်စရာကောင်းသော ကူးစက်ရောဂါပိုးဒဏ်ကို ဘယ်လိုကာကွယ် ခုခံဖို့ကြိုးစားနေသေည်များ၊ ပြည်သူပြည်သားတွေ အသက်မဆုံးရှုံးရအောင် စီမံခန့်ခွဲနေရေသည်များ၊ နိုင်ငံသားများ၏ လူမှုစီးပွား ဒဏ်ရာဒဏ်ချက်များအား ကုစားနေသည်များအား နေ့စဉ် အချိန်တိုင်း မျက်ဝါးထင်ထင် တွေ့မြင်နေရသည်။
ခေတ်ပြိုင်သမိုင်းတွင် လူများ မကြုံတွေ့ဖူးသော ဖြစ်ရပ်ကြီးတခုကို ဖြတ်သန်းနေကြရပြီ။
မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ရောဂါပိုး Positive ရောဂါရှင် ၁၀ ဦး ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုရောဂါရှင် ၁၀ ဦးမှ မကြာခင်ကာလအတွင်း ၂၀-၃၀ ဖြစ်သွားနိုင်ပေသည်။ အိမ်နီးချင်းနိုင်ငံများကဲ့သို့ ရာဂဏန်းအထိ ရှိလာနိုင်ပါသည်။ သေသေချာချာ Testing ဆေးမစစ်နိုင်သောကြောင့် မသိသေးခြင်းသာ ဖြစ်မည်။ ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသူ သံသယ ရှိနေသူများမှာ အရေအတွက် အတော်များနိုင်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနသည်ပင်လျှင် ရွှေ့ပြောင်းအလုပ်သမားတဦးတွင် ပိုးတွေ့ရှိပြီးနောက် ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာ အလွန်များနေကြောင်း သတင်းထုတ်ပြန် ကြေညာထားပြီ ဖြစ်သည်။ ထိုအခြေအနေအတွက် နိုင်ငံတော်၏ အမြင့်ဆုံးအဆင့်က ကြေညာချက်များ၊ အမိန့်ထုတ်ပြန်ချက်များကို စတင်လုပ်ဆောင်ရတော့မည် ဖြစ်သည်။
မတ်လ ၁၃ ရက်နေ့က Covid-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းခဲ့သည်။ ထိုကော်မတီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌဖြစ်ပြီး ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ စီမံဘဏ္ဍာဝန်ကြီး၊ ရင်းနှီးမြုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး၊ ပြန်ကြားရေးဝန်ကြီးနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနဝန်ကြီးတို့ ပါဝင်သည်။ ထို့အပြင် အလုပ်သမား၊ ကျန်းမာရေး၊ လူမှုဝန်ထမ်း စသည့် ဝန်ကြီးဌာနများလည်း ပါဝင်သည်ကို တွေ့ရလေသည်။
ရောဂါထိန်းချုပ်ရေး၊ စောင့်ကြည့်ရေး၊ ကုသရေး၊ ဆောလျှင်စွာ ပူးပေါင်းဆောင်ရွက်ရေးတို့အပြင် ဆေးနှင့် ဆေးပစ္စည်း၊ ဓာတ်ခွဲခန်းသုံး ပစ္စည်းများနှင့် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းသုံးပစ္စည်းများ အချိန်မီ တင်သွင်းနိုင်ရေး ကြီးကြပ်ခြင်းတို့အပြင် ရောဂါထိန်းချုပ်ရေးအတွက် သံရုံးများနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ပါဝင်လေသည်။ သမ္မတ ဦးဝင်းမြင့်က ထိုကော်မတီကို ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။
ထိုကော်မတီ ဖွဲ့စည်းခြင်းနှင့်အတူ ၂ ပတ်အတွင်း မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါပိုးနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ပိုမိုများပြားခဲ့သလို လူထုအကြား ထိတ်လန့်တကြားဖြစ်ခြင်း၊ အလုံးအရင်းနှင့် ပြန်ဝင်လာသည့် ထိုင်းနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမားများအပေါ် စိုးရိမ်မကင်း ဖြစ်မှုများလည်း ရှိခဲ့သည်။ ပြီးခဲ့သည့် အပတ်တွင် ကိုဗစ်-၁၉ ပိုးရောဂါရှိသူ လူနာများ မြန်မာနိုင်ငံထဲမှာ တွေ့ရှိပြီဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှုမြင့်မားလာချိန်တွင် မည်သို့ဆောင်ရွက်မည်နည်း။ လောလောဆယ် ဘာတွေပြင်ဆင်ထားသနည်း။ အစိုးရအာဏာပိုင်နှင့် ဖွဲ့စည်းခဲ့သော ကော်မတီ၏ နေ့စဉ်လုပ်ဆောင်မှုများကို ပြည်သူပြည်သားတွေ နာရီပိုင်းနှင့်အမျှ သိနေရန် လိုအပ်မည်။ သတင်းပေးမှု၊ ထုတ်ပြန်မှု၊ ပြန်ကြားမှု၊ ပညာပေးမှုများမှာ မှန်မှန်ကန်ကန် ဖြစ်သော်လည်း လေးကန် နှေးကွေးလွန်းပါသည်။ လူထုနှင့် သတင်းဆက်သွယ် ပြန်ကြားရေးမှာ နာရီနှင့်အမျှ ပြောင်းလဲနေသော ကပ်ရောဂါကာလအတွင်း ကြန့်ကြာနေသည်မှာ မကောင်းလှ။
ယခုဆိုလျှင် Lockdown ကိစ္စ အရေးအခြေအနေ အနေအထားနှင့် အစိုးရပြင်ဆင်ထားမှုများကို ပြည်သူပြည်သားများက နားစွင့်နေသလို သို့လောသို့လောနှင့် သောကရောက်နေချိန်လည်း ဖြစ်သည်။ Lockdown လုပ်မည်ဆိုရင် သို့မဟုတ် အရေးပေါ်စီမံချက် ထုတ်ရသည်အထိ အနေအထားရောက်မည်ဆိုလျှင် တပ်မတော်နှင့် ပြည်သူ့ရဲတို့၏ ကဏ္ဍများ ပါဝင်လာတော့မည် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် Lockdown လုပ်သောအခါတွင် National Guard ကို ထုတ်သုံးသလို ဂျာမဏီ၊ အီတလီ၊ စပိန်၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ထိုင်း စသည့် စသည့် နိုင်ငံများတွင်လည်း တပ်မတော်ကို အစိုးရက ခေါ်ထုတ်သုံးစွဲရသည်။ တိုင်းပြည်မှာ လူသန်းပေါင်းများစွာနှင့် မြို့တော်ကြီးတွေကို တိုင်းနှင့်မြို့နယ်တွေကို ထိန်းချုပ်ပိတ်ပင်ရန် တနည်း Lockdown ကို လိုက်နာရန် တပ်မတော်နှင့် ရဲတို့၏ အားကို လိုတာကတော့ အမှန်ပင်ဖြစ်သည်။ ယခု အထက်ဖော်ပြခဲ့သော နိုင်ငံများမှ တပ်မတော်များသည် အစိုးရ၏ အမိန့်အာဏာအောက်တွင် တာဝန်ယူနေရသော အဖွဲ့အစည်းများဖြစ်ပြီး အများစုမှာ Professional တပ်မတော်များ ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်မူ တပ်မတော်နှင့် လက်ရှိအုပ်စိုးနေသော အစိုးရအကြား နိုင်ငံရေးအဖုအထစ် များစွာရှိသည်။ တပ်မတော်သည် လွှတ်တော်ထဲတွင် ၂၅ ရာခိုင်နှုန်း ယူထားသလ်ို အမျိုးသားနိုင်ငံရေးတွင်လည်း ဦးဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သည်ဟု အခြေခံဥပဒေတွင် ဆိုထားသည်။ ဤကား အခြားနိုင်ငံများမှ Professional တပ်မတော်များနှင့် ပုံသဏ္ဍန်ခြင်း ခြားနားရုံမက အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး အရှိတရားကလည်း အကြိတ်အခဲတွေ မျိုသိပ်ထားသော အခြေအနေဖြစ်သည်။
မည်သို့ဆိုစေ မြန်မာတပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရ၏ လက်အောက်တွင်သာ ရှိပါသည်။
မကြာခင်က ပြုလုပ်ခဲ့သော တပ်မတော် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်မှ ပြောရေးဆိုခွင့်ရှိသူက Covid-19 နှင့် ပတ်သက်ပြီး တပ်မတော်က အသင့်ပြင်ထားပြီးသား ဖြစ်ကြောင်း တပ်မတော်တခုတည်းအတွက် မဟုတ်ဘဲ အားလုံးအတွက် ဒေသခံပြည်သူလူထုအတွက်ပါ စီစဉ်ထားပြီးဖြစ်ကြောင်း တရားဝင် ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ သို့သော် လုံခြုံရေးဆိုင်ရာ ထိန်းချုပ်ကန့်သတ်ခြင်း လုပ်ငန်းများ၊ အဝင်အထွက် စစ်ဆေးခြင်းလုပ်ငန်းများတွင်တော့ ခွင့်ပြုချက်ရမှ ဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့သည်ကို တွေ့ရသည်။
ထိုပြောဆိုချက်အပေါ် မိမိတို့နားလည်သည်မှာ အစိုးရထိပ်ဆုံးအာဏာပိုင် သမ္မတက အမိန့်ပေး လုပ်ဆောင်ခိုင်းလျှင် တပ်မတော်မှ ဝင်ရောက်လုပ်ဆောင်ပေးရန် အသင့်ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထို့ကြောင့် ကာလုံဟုခေါ်သော ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို သမ္မတက ခေါ်ခွင့်ရှိပြီး ရောဂါကာကွယ်ရေးအတွက် ချက်ခြင်းစီမံဆောင်ရွက်စရာရှိသည်များကို အမိန့်ပေးဆောင်ရွက်နိုင်သည်။ အခြားနိုင်ငံများတွင်လည်း သမ္မတ၊ ဝန်ကြီးချုပ် အာဏာအရှိဆုံး အမြင့်ဆုံးပုဂ္ဂိုလ်က တပ်ကို အာဏာပေးခွင့်၊ အမိန့်ပေးခိုင်းစေခွင့် ရှိပါသည်။ ထိုကဲ့သို့ပင် စည်းကမ်းတကျ လုပ်ဆောင်နေသည်ကိုလည်း တွေ့နေရပါသည်။
ကာလုံကို မကြိုက်နှစ်သက်၍ မခေါ်ယူလိုလျှင်လည်း အခြေခံဥပဒေတွင် ပြဌာန်းထားသည့်အတိုင်း အရေးပေါ်စီမံဆောင်ရွက်ခွင့်များ ရှိပါသေးသည်။ အခြေခံဥပဒေမှာ ရေးသားထားချက်များအရ “နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းရာတွင် အဖွဲ့ဝင်များစုံညီစွာ တက်ရောက်နိုင်ခြင်း မရှ်ိပါက အဖွဲ့ဝင်များဖြစ်သော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးတို့နှင့် ညှိနှိုင်းပြီး အရေးပေါ်အခြေအနေကို အချိန်မီကြေညာနိုင်သည်။ ယင်းသို့ ထုတ်ပြန်ကြေညာချက်ကို အမျုိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ အမြန်ဆုံးတင်ပြ အတည်ပြုချက် ရယူရမည်” ဟု ပါရှိလေသည်။
အမှန်တကယ်လည်း နိုင်ငံတော်သမ္မတသည် အာဏာပိုင်ဖြစ်ပြီး စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ပိုင်ခွင့်အထိရှိသည်ကို တွေ့ရသည်။ ထို့ကြောင့် ကိုဗစ်-၁၉ ကြောင့် အရေးပေါ်စီမံစရာ ရှိသည်များကို သမ္မတက သူ၏အာဏာကို လက်ကုန်သုံးပြီး စီမံခန့်ခွဲခွင့်ရှိသလို သူ၏လက်အောက်တွင်ရှိသော တပ်မတော်ကိုလည်း အမိန့်ပေးခိုင်းစေ တာဝန်ပေးပိုင်ခွင့်ရှိသည်။ လက်ရှိအစိုးရလက်ထက်တွင် ကာ/လုံ အစည်းအဝေးကို မခေါ်ခဲ့သော်လည်း ရခိုင်ပြည်နယ်အရေး ပဋိပက္ခတွင် ကာလုံမဟုတ်သော်လည်း နိုင်ငံတော်လုံခြုံရေးအတွက် အထူးထိပ်တန်းလုံခြုံရေးကောင်စီ အစည်းအဝေးများ ကျင်းပခဲ့ဖူးသည့် သာဓကများ ရှိပေသည်။
ထို့ကြောင့် အရေးပေါ်အစည်းအဝေးကိုခေါ်ယူပြီး စီမံရတော့မည် ဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနက ကြိုတင်မှန်းဆထားသော ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်လာလျှင် မည်သည့်ဗျူဟာနှင့် မည်သို့ကိုင်တွယ်စီမံကြမည်ကို ယခုအချိန်မှ မပြင်ဆင် မညှိနှိုင်းလျှင် မည်သည့်အချိန်မှ ပြင်ဆင် ညှိနှိုင်းမည်နည်း။ အချိန်အလွန်နှောင်းသွားမည်ကို မိမိတို့ စိုးရိမ်သည်။
ထို့ကြောင့် ယနေ့မြန်မာနိုင်ငံတွင် နိုင်ငံသူ နိုင်ငံသား၊ တိုင်းရင်းသား ပြည်သူလူထု ရင်ဆိုင်နေရသော အသက်အန္တရာယ်နှင့် ကူးစက်ရောဂါဘေးကို အမြန်ဆုံး ကာကွယ်တားဆီးနိုင်ရေးတို့အတွက် လူထုကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာ အစည်းအဝေးခေါ်ယူပြီး တပ်မတော်၏ပြင်ဆင်ထားသော အားကိုပါယူကာ အသက်ပေါင်းများစွာကို ကယ်တင်သင့်ပြီဟု တိုက်တွန်းရေးသားအပ်ပေသည်။
You may also like these stories:
အမြော်အမြင်ကြီးသော နိုင်ငံရေးဦးဆောင်မှုဖြင့်သာ ကပ်ဘေးအန္တရာယ်ကို ကျော်လွှားနိုင်မည်
ကပ်ရောဂါထိန်းချုပ်ရေးတွင် ငုတ်လျှိုးနေသော စိန်ခေါ်မှုများနှင့် ရွှေ့ပြောင်းအလုပ်သမားများအရေး
ကျယ်ကျယ်ပြန့်ပြန့် ကြားလာရတဲ့ Lockdown ကိစ္စ