ရခိုင်ပြည်နယ်အတွင်း ရောဂါခြေချုပ် ထားသူများ၌ COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးရန် နမူနာ သယ်လာသည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ကားတစီးကို မင်းပြားမြို့နယ် ရာမောင်တံတားအနီး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းသည်
လူမဆန်မှုသက်သက်မျှသာ ဖြစ်သည်။
ပစ်ခတ်ခံရမှုကြောင့် ဒရိုင်ဘာ ဦးပြည့်စုံဝင်းမောင် ကျည်သင့်သေဆုံးခဲ့ရသည့်အပြင် ကားပေါ်တွင် ပါလာသည့် ကျန်းမာရေး ကြီးကြပ် (၂) ဦးအောင်မျိုးဦးလည်း ဒဏ်ရာ ရရှိသွားသည်။ ထိုပစ်ခတ်မှုကို တပ်မတော်နှင့် AA တို့ အပြန်အလှန် စွပ်စွဲနေကြပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂ အဖွဲ့(UN) ရုံးချုပ်က ဖြစ်စဉ်အမှန်ကို စုံစမ်းလျက် ရှိကြောင်း ထုတ်ပြန်ခဲ့သည်။
မြန်မာအစိုးရ ပြန်ကြားရေးဝန်ကြီးဌာနပိုင် သတင်းမီဒီယာများက တပ်မတော်နှင့် အလားတူစွာ ပစ်ခတ်မှုမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့က ကျူးလွန်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ သို့သော် နိုင်ငံခြားရေးဝန်ကြီးဌာနကမူ ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ဆိုသည်။
မည်သို့ဆိုစေ ယနေ့ကာလ လူမျိုး ဘာသာမရွေး ခြိမ်းခြောက်နေသော COVID-19 ကပ်ရောဂါကြီးအား ရှေ့တန်းမှနေ တိုက်ခိုက်နေသော ကျန်းမာရေးဝန်ထမ်း သူရဲကောင်းများအား ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းသည် မြန်မာအပါအဝင် ကမ္ဘာ့လူ့အဖွဲ့အစည်းက မည်သို့မျှ နားလည်လက်ခံမရနိုင်သည့် ရုပ်ဆိုးအကျည်းတန်လွန်းသော ရာဇဝတ်မှူပင်။
ရခိုင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ၏ အသက်အန္တရာယ် လုံခြုံမှု မည်မျှကင်းမဲ့နေကြောင်း ပြသသည့် နောက်ဆုံးဖြစ်ရပ်လည်း ဖြစ်သည်။
ယခုပစ်ခတ်မှုကို ရည်ညွှန်းပြီး ကုလသမဂ္ဂက ကြေညာချက် ထုတ်ပြန်ရာ WHO ၏ အရှေ့တောင်အာရှဆိုင်ရာ ဒါရိုက်တာ Poonam Khetrapal Singh က ကျန်းမာရေးဝန်ထမ်းများအား ကိုယ်ထိလက်ရောက်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ စိတ်ပိုင်းဆိုင်ရာဖြစ်စေ မည်သည့်အကြမ်းဖက်မှုကိုမဆို ရှုတ်ချခဲ့ပြီး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုရီယို ဂူတာရက်စ်ကလည်း “ပြည့်စုံပြီး ပွင့်လင်းသော စုံစမ်းစစ်ဆေးရေး” ပြုလုပ်ရန် တောင်းဆိုထားသည်။
လတ်တလော ရခိုင်စစ်ပွဲကြောင့်သာမက လူမျိုးတုန်းသတ်ဖြတ်မှု ခေါင်းစဉ်ဖြင့် ပျက်စီးဆုံးရှုံးမှု များလှပြီဖြစ်သည့် မြန်မာပြည်အပေါ် ကမ္ဘာ့အမြင်ကို ယခုအမှုက ပိုမို ဆိုးစေတော့မည်။ ယခုပစ်ခတ်မှုအား ရန်ကုန်ရှိ ကုလသမဂ္ဂရုံးနှင့် ပူးပေါင်းပြီး ပွင့်လင်းမြင်သာသော စုံစမ်းစစ်ဆေးမှုကို မြန်မာအစိုးရက လုပ်သင့်ပြီး မြန်မာ့တပ်မတော်အနေဖြင့်လည်း ပူးပေါင်းပါဝင်သင့်သည်။
ရခိုင်လက်နက်ကိုင်များအနေဖြင့်လည်း မိမိတို့လက်သွေးမပေကြောင်း တဖက်ပိတ် ငြင်းဆိုနေ၍ မရတော့။
လက်နက်ကိုင် ပဋိပက္ခ စစ်ပွဲအတွင်း ၂ ဘက်ကြားက မြေဇာပင်များလွန်းလှပြီ။ ရခိုင်ပြည်နယ်တွင် လူမဆန်မှုများ ရပ်သင့်ပြီ။
You may also like these stories:
WHO ယာဉ် တိုက်ခိုက်ခံရမှု စစ်ဆေး အရေးယူပေးရန် UN တောင်းဆို