ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး ပြီးခဲ့သည့် တနင်္ဂနွေနေ့က ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်တန်ဆောင်းပြင်ဆင်ခြင်းနှင့် ရှင်ဥပဂုတ္တ ဖောင်မျှောခြင်းများ ပြုလုပ်ခဲ့ခြင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါကာလ ရန်ကုန်တိုင်းအစိုးရတွင် ခေါင်းဆောင်မှုကောင်း လုံးဝပျောက်ဆုံးနေခြင်းကို နောက်ဆုံးအကြိမ် သို့မဟုတ် နောက်ထပ်တကြိမ် သက်သေပြခြင်းဖြစ်သည်။
ဦးဖြိုးမင်းသိန်းခေါင်းဆောင်နေသော ရန်ကုန်တိုင်းအစိုးရ၏ ဂုဏ်သိက္ခာသည် ၂၀၁၆-၁၇ ခုနှစ် ပုံမှန်မဟုတ်သည့် အသုံးစရိတ်များနှင့် လွဲမှားသည့်စီမံခန့်ခွဲမှုကြောင့် ကျပ်သန်းပေါင်းများစွာ ဆုံးရှုံးကြောင်း တိုင်းဒေသကြီးစာရင်းစစ်ချုပ်၏ အစီရင်ခံစာက ဖော်ထုတ်ခဲ့ပြီး နောက်ပိုင်း မဲဆန္ဒရှင် လူထုအကြား အတော်ကျဆင်းသွားနေခဲ့ပြီး ဖြစ်သည်။ ရန်ကုန်တိုင်းလွှတ်တော်အမတ်များကပင် တိုင်းအစိုးရသည် ပြည်သူ့ ဘဏ္ဍာငွေများ အသုံးပြုရာတွင် လွှတ်တော်က ခွင့်ပြုပေးထားခြင်း မရှိသော ကိစ္စရပ်များတွင် မိမိသဘောဆန္ဒအတိုင်း အသုံးပြုနေကြောင်းပင် ဝေဖန်ပြစ်တင်ကြသည်။
ယခု ဗိုလ်တထောင်ဘုရားမှ ပွဲသည်လည်း ဦးဖြိုးမင်းသိန်းနှင့် ရန်ကုန်တိုင်းအစိုးရက ကိုဗစ်-၁၉ ကပ်ရောဂါကာလ လူ ၅ ဦးထက် ပိုပြီး လူစုလူဝေး မပြုလုပ်စေရဟူသော ပြည်ထောင်စုအစိုးရ၏ ညွှန်ကြားချက်များနှင့် အမိန့်အာဏာများကို ဆန့်ကျင်ပြီး ငါ့လှေငါထိုး ငါ့မြင်းငါစိုင်းခြင်းဖြစ်ကြောင်း ထပ်မံအတည်ပြုခြင်းပင်။
လူအများ၏ ဝေဖန်မှု မြင့်မားလာအပြီး နောက်ပိုင်း ယင်းဖြစ်ရပ်အပေါ် ကာကွယ်ရန် ကြိုးပမ်းသည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်၏ သတင်းမီဒီယာများတွင် ဖြေကြားချက်များနှင့် တိုင်းအစိုးရ၏ ထုတ်ပြန်ချက်များကလည်း ကျိုးကြောင်းခိုင်လုံမှု မရှိပါ။ ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် ဘက်စုံပြုပြင်တည်ဆောက်ရေးသည် ဇွန်လကုန်တွင် ဖြစ်နိုင်ခြေရှိသည့် လက်ရှိကန့်သတ်မှုများ ပိုမိုလျှော့ပေးပြီး စီးပွားရေး ပြန်လည်ဖွင့်လှစ်ရေး အစီအစဉ်တွင် မည်သည့်အတွက် ပထမဦးစားပေး ဖြစ်ရသည်ကို ခေတ်သစ်ဘောဂဗေဒ၊ လူမှုစီးပွားနှင့် ဆေးပညာရှုထောင့်ကမျှ ဆက်စပ်စဉ်းစား၍ မရချေ။
အကယ်၍ ကပ်ဘေးကာလ အများပြည်သူဝန်ဆောင်မှုလုပ်ငန်းများနှင့် အများပြည်သူအတွက် မရှိမဖြစ်လုပ်ငန်းများ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် ညီမညီ ရန်ကုန်တိုင်းအစိုးရ၏ ကြီးကြပ်စီမံမှုများကို စစ်ဆေးရန် ဆန္ဒရှိကြောင်း ပြသလိုပါက ဦးဖြိုးမင်းသိန်းအနေဖြင့် စက်ရုံများနှင့် အလုပ်သမားအများစု ရှိရာ လှိုင်သာယာ၊ ရွှေပေါက္ကံ စသည့် မြို့နယ်များသို့ ကွင်းဆင်းကြည့်ရှုခြင်း သို့မဟုတ် မကြာသေးမီကမှ ပြန်လည်ဖွင့်ခွင့်ပေးထားသော ယုဇနပလာဇာ၊ မင်္ဂလာမွန်ဈေး၊ ရွှေမင်္ဂလာဈေး၊ မင်္ဂလာဈေး၊ ရွှေပြည့်စုံဈေးများကို သွားရောက်ကြည့်ရှုခြင်းတို့က ပိုသင့်တော်မည် ဖြစ်သည်။
ယခုမူ ဦးဖြိုးမင်းသိန်း၏ ဗိုလ်တထောင်ဘုရားပွဲသည် မြန်မာပြည်တဝန်း ဗုဒ္ဓဘာသာနှင့် အခြားဘာသာကွဲများ၏ ထုံးတမ်းစဉ်လာအရ ပြုလုပ်နေကျ ဘာသာရေးပွဲများ ပြန်လည်ပြုလုပ်ခွင့်ပေးပြီဟု ကောက်ယူနိုင်သည့် သတင်းဖြစ်ရပ်ဖြစ်သွားသည်။ ပိုဆိုးရွားသည်မှာ ၂၀၂၀ ခုနှစ် မတ်လနှောင်းပိုင်းမှ စတင်ပြီး မြန်မာပြည်တဝန်း လူ ၅ ဦးထက် မပိုရနှင့် ညမထွက်ရအမိန့်ကို ချိုးဖောက်ခြင်း၊ ကွာရန်တင်းနှင့် အခြား ကန့်သတ်တားမြစ်ချက်များကို ချိုးဖောက်ခြင်းတို့ဖြင့် ပြစ်ဒဏ် တလမှ ၁ နှစ်ထိ ချမှတ်ခံရသူ ကလေးသူငယ်များ၊ ပြည်တော်ပြန် ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားလူမျိုးစုများအပါအဝင် ပေါင်း လူ ၅၀၀ ခန့်၏ မျက်နှာကို မထောက်ထားဘဲ ဦးဖြိုးမင်းသိန်းက ငါပြောသလိုလုပ် ငါ့လိုမလုပ်နဲ့ဟု ဆိုလိုက်သလိုပင်။
ထိုသို့သော ခေါင်းဆောင်မှုမျိုးကို ရန်ကုန်တိုင်းရှိ မဲဆန္ဒရှင်များက ကံမကောင်းလှစွာ မည်ကဲ့သို့ ရရှိခဲ့ပါသနည်းဟု နောင်တရရန်သာ ရှိတော့သည်။ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို သမ္မတကသာ ခန့်အပ်ပိုင်ခွင့်နှင့် တာဝန်မှ ရုပ်သိမ်းပိုင်ခွင့် ရှိသည်။ မဲဆန္ဒရှင်များက တိုက်ရိုက်တင်မြှောက် သို့မဟုတ် ရုတ်သိမ်းပိုင်ခွင့် မရှိပါ။
ရန်ကုန်တိုင်းဝန်ကြီးချုပ်၏ ဘောင်မဝင်မှုများကြောင့် နေပြည်တော်ရှိ ပြည်ထောင်စုအစိုးရက ဝင်ပါရမှုများ မနည်းတော့။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် ဝေဖန်ချက်က ထွန်းသစ်စ အရပ်ဘက်-စစ်ဘက်ဆက်ဆံရေး မျက်နှာပျက်ခဲ့သဖြင့် တောင်းပန်စာ ပြန်ပို့ခဲ့ရသည်။ သတင်းမီဒီယာတိုက်ကို ညကြီးမင်းကြီး ဝင်စီးပြီး သတင်းသမားများကို ၅၀၅ (ခ) အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီး တရားစွဲခဲ့၍ သမ္မတရုံးမှ သတင်းမီဒီယာကောင်စီ၌ ညှိနှိုင်းဆွေးနွေးစေသည်။ တိုင်းစာရင်းစစ်ချုပ်အစီရင်ခံစာပါ ငွေကြေးသုံးစွဲပုံနှင့်ပတ်သက်၍မူ ယနေ့ထိ တိုက်ရိုက်ဝင်မစွက်သေးသော်ငြား ပွင့်လင်းမြင်သာမှုနှင့် ပြည်သူရှေ့ တာဝန်ခံနိုင်ရန် လိုကြောင်း ဇန်နဝါရီလအတွင်း ရန်ကုန်တွင် နှစ်ရက်ကြာ ခေတ္တလာရောက်နေထိုင်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်က ဦးဖြိုးမင်းသိန်း ဦးဆောင်သည့် ကက်ဘိနက်အဖွဲ့ဝင်များနှင့် တွေ့ဆုံရာတွင် ပြောခဲ့ကြောင်း သိရသည်။
ယခု ဗိုလ်တထောင်ဘုရားပွဲ ဂယက်ကိုလည်း နေပြည်တော်မှ ရိုက်ခတ်ခံစားရမိမည်မှာ မလွဲ။ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနှင့် နေပြည်တော်အစိုးရတို့ကြား ဆက်ဆံရေးက ၂၀၂၀ ရွေးကောက်ပွဲ နီးလာသည်နှင့်အမျှ စိတ်ဝင်စားစရာ ကောင်းသည်။ NLD အစိုးရအတွက် လူစားထိုးရန် အချိန်မရှိတော့သလို ကိုယ်ဖော်ထားသော ဆေး ခါးနေသော်လည်း ဆက်သောက်နေရကိန်းပင်။ သို့သော် မေးခွန်းမှာ ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း ဦးဖြိုးမင်းသိန်း NLD ကိုယ်စားလှယ် ပြန်ဖြစ်လာဦးမည်လော။
ဧရာဝတီအနေဖြင့် မဲဆန္ဒရှင်များဘက်ကနေ ပြောရမူ ရန်ကုန်တိုင်းဝန်ကြီးချုပ်ကို YBS အရေး ဝိုင်းကူခဲ့ချိန်မှ အစ ၅ နှစ် အချိန်ပေးခဲ့ပြီးပြီ။ အစိုးရသစ် စတက်လာချိန် ဒေါ်အောင်ဆန်းစုကြည်နောက် နိုင်ငံခေါင်းဆောင်ဖြစ်လာနိုင်သူ မျိုးဆက်သစ်ခေါင်းဆောင်တဦးအဖြစ် ဒေသတွင်း သတင်းစာများနှင့် အရှေ့တိုင်းသံတမန်များက ဝိုင်းပြောခံရသူ ဦးဖြိုးမင်းသိန်း၏ လုပ်ဆောင်ချက်များအပေါ် ယခုအခါ စိတ်ပျက်လက်ပျက်ဖြစ်နေပြီဟုသာ ဆိုချင်တော့သည်။
You may also like these stories:
ရန်ကုန်တိုင်း ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ လူစုလူဝေး ပြုလုပ်မှုဖြင့် တိုင်ကြားခံရ
ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ လူစုလူဝေးလုပ်ခြင်း အပေါ် သူတို့ဘယ်လိုမြင်သလဲ
ဝေဖန်မခံနိုင်သော ရန်ကုန်တိုင်းအစိုးရသည် ကြည်ညိုစရာ မကောင်း