ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ရခိုင်လက်နက်ကိုင်များနှင့် ဖြစ်ပွားနေသော နေ့စဉ်တိုက်ပွဲများက အရှိန်မြင့်တက်လာသည့် အချိန်တွင် နေပြည်တော်ရှိ ဗိုလ်ချုပ် ကြီးများက အင်အားကြီးသည့် အိမ်နီးချင်းတဦးကို လုံးလုံးလျားလျား လက်ညှိုးထိုး၍ တိုင်းပြည်အတွင်းမှ လက်နက်ကိုင်အဖွဲ့အချို့ကို ၎င်းတို့က ထောက်ပံ့နေကြောင်း စွပ်စွဲခဲ့သည်။ မှန်ပါသည်။ သူတို့က ထိုနိုင်ငံ၏ အမည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုရန် မဝံ့ကြပါ။
ပြီးခဲ့သည့် ရက်များအတွင်း ရုရှားသတင်းမီဒီယာများနှင့် စကားပြောရာတွင် မြန်မာ့တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် တောင်းဆိုလိုက်ပြီး အကြမ်းဖက်အဖွဲ့များသည် ၎င်းတို့ကို ထောက်ပံ့နေသော ခိုင်မာသည့် အင်အားစုများကြောင့် တည်ရှိနေခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ဤသို့ဆိုပါလျှင် အဆိုပါ အင်အားစုများသည် မည်သူ ဖြစ်သနည်း။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ မှတ်ချက်က တရုတ်နိုင်ငံကို ရည်ရွယ်သည်ဟု အများစုက ယုံကြည်ကြသည်။ တရုတ် – မြန်မာ နယ်စပ်မှ လက်နက်ကိုင်အဖွဲ့များနှင့် ယခုအခါ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် လှုပ်ရှားနေသော ရက္ခိုင် စစ်တပ် (AA) တို့ကို ၎င်းက လက်နက်များ ဆက်လက် ထောက်ပံ့နေသည်ဟု မြန်မာ့တပ်မတော်က သံသယ ရှိနေသည်။

တွေ့ဆုံမေးမြန်းခန်းတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အကြမ်းဖက်အဖွဲ့များကို အမည်မဖော်ပြခဲ့သလို တွေ့ဆုံမေးမြန်းသူကလည်း မမေးခဲ့ပါ။ သို့သော်လည်း ဗိုလ်ချုပ်မှူးကြီးက ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အခြေစိုက်သည့် AA နှင့် ရခိုင် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) ကို ရည်ညွှန်းခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော် ပြောရေးဆိုခွင့်ရှိသူတဦးက ဧရာဝတီသို့ ပြောကြားခဲ့သည်။
AA နှင့် အစီအစဉ် လုံးဝသီးခြားကွဲပြားသည့် ARSA သည် ပင်လယ်ရပ်ခြားရှိ အစွန်းရောက် အစ္စလာမ်မစ်လက်နက်ကိုင်အဖွဲ့ အများအပြားနှင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်ရှိ လက်နက်ကိုင် အဖွဲ့များနှင့် အဆက် အသွယ်များ ထူထောင်ထားပြီး ဖြစ်သည်။ ရိုဟင်ဂျာလှုပ်ရှားမှုသည်လည်း အရှေ့အလယ်ပိုင်းနှင့် အနောက်တိုင်းနိုင်ငံ အချို့ ထံမှ ဘဏ္ဍာရေးနှင့် နိုင်ငံရေး ထောက်ပံ့မှုများ ရရှိထားပြီး ဖြစ်သည်။
တပ်မတော်မှ အတွင်းလူများနှင့် လေ့လာစောင့်ကြည့်သူများ၏ အဆိုအရ AA နှင့် တိုက်ခိုက်နေသည့် ရှေ့တန်းစစ်မျက်နှာမှ ပြင်းထန်သည့် တိုက်ပွဲများက နေပြည်တော်ရှိ စစ်ဌာနချုပ်ကိုလည်း ထိခိုက်စေခဲ့ပြီး တခါတရံတွင် ကျိုးကြောင်းညီညွတ်စွာ စီမံချက်ရေးဆွဲခြင်းက စိတ်ခံစားချက်အရ တုန့်ပြန်မှုများဘက်သို့ ပိုရောက်သွား စေခဲ့သည်။ ရခိုင် လက်နက်ကိုင်များက လက်နက်များနှင့် ခဲယမ်းမီးကျောက်များ ရှားပါးခြင်း မရှိပါ။ ခေတ်မီသော ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ အသုံးပြုရန်လည်း လေ့ကျင့်သင်ကြားထားပြီး ဖြစ်သည်။ သူတို့က ပစ်ပြီးလျှင် ဆုတ်ပြေးသည့် ပြောက်ကျား စစ်ဆင်ရေးဖြင့် တိုက်ခိုက်သည်။ တပ်မတော် စခန်းများကို သူတို့၏ မကြာခဏတိုက်ခိုက်မှုများက ယခုအခါ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သော ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) က အသုံးပြုခဲ့သော ဗျူဟာများကို ပြန် အမှတ်ရစေသည်။ ဗကပကို ထိုးစစ် အရေအတွက် များများ ပြုလုပ်နိုင်သည့် အစွမ်းကြောင့် သိကြသည်။
အတိတ်ကာလတွင် ဗကပသည် တရုတ်ထံမှ နိုင်ငံရေးနှင့် စစ်ရေးအထောက်အပံ့များ ရရှိခဲ့သည်ကို သတိပြုရန် အရေးကြီးပါသည်။

တရုတ်နိုင်ငံက မြန်မာနိုင်ငံ၌ ဆက်လက်ဖြစ်ပွားနေသော တိုင်းရင်းသား ပဋိပက္ခများတွင် ငြိမ်းချမ်းရေးအကျိုးဆောင်ကဏ္ဍမှ ပါဝင်ရန် ကမ်းလှမ်း ထားသော်လည်း ယခုအခါ အကြီးတန်း တပ်မတော်ခေါင်းဆောင်များ တရုတ်ကို မယုံကြည်ကြောင်းနှင့် အမှန်တကယ် မြန်မာနိုင်ငံမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အချို့ကို ဆက်လက်ထောက်ပံ့နေရင်း တခါတရံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ဝင်နှောက်နေကြောင်း လျှို့ဝှက်စွာ ပြောနေကြပြီ ဖြစ်သည်။
၂၀၁၇ ခုနှစ်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသည် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးရရှိစေရန် ဆက်လက်ကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ၂ နိုင်ငံ နယ်စပ်များမှ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ဘက်အားလုံးကို တောင်းဆိုခဲ့သည်။ သို့သော်လည်း ထိုအချိန်မှစ၍ ရခိုင်ပြည်နယ်တွင် တည်ငြိမ်မှုက ပို၍ပင် နည်းပါးလာပြီး မြန်မာနိုင်ငံမှ လက်နက်ကိုင် ပဋိပက္ခများက ပိုမိုပြင်းထန်၍သာ လာခဲ့သည်။
၂၀၁၉ ခုနှစ် သြဂုတ်လတွင် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဟု သိကြသည့် တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်အဖွဲ့က နှစ်ပေါင်းများစွာအတွင်း အရဲရင့်ဆုံး တိုက်ခိုက်မှုတခုကို ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ၏ ဒုတိယ အကြီးဆုံး မြို့ ဖြစ်သော မန္တလေးမြို့ အနီးမှ မေမြို့ဟု သိကြသည့် ပြင်ဦးလွင်မြို့ကို တိုက်ခိုက်ခြင်း ဖြစ်သည်။ တိုက်ခိုက်သည့် စစ်ဆင်ရေးများက စစ်ဘက် အကယ်ဒမီ တခုကို ပစ်မှတ်ထားခဲ့ပြီး နောက်ပိုင်းတွင် တရုတ်နှင့် ကုန်သွယ်ရေး ပြုလုပ်သည့် လမ်းကြောင်းများကို တိုက်ခိုက်ခဲ့သည်။
အံ့အားသင့်စရာ မဟုတ်သည်မှာ လက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ ဖြစ်သည့် တအန်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ကိုးကန့်ဒေသအခြေစိုက် တရုတ်လူမျိုးများ၏ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) နှင့် ရက္ခိုင် စစ်တပ် (AA) တို့က တိုက်ခိုက်မှုတွင် ရှိနေသည်။ အဆိုပါ အဖွဲ့ ၃ ခု လုံးသည် တရုတ်နိုင်ငံနှင့် နီးစပ်သည်ဟု လူသိများပြီး သူတို့၏ခေါင်းဆောင်များက ယူနန်ပြည်နယ်နှင့် တရုတ်နယ်စပ်ရှိ အခြားနေရာများသို့ မကြာခဏ သွားရောက်လေ့ရှိကြသည် သို့မဟုတ် နေထိုင်ကြသည်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလနှင့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ၌ မြန်မာ့တပ်မတော်က ရှမ်းပြည်နယ် မြောက်ပိုင်းတွင် လက်နက်နှင့် အခြား စစ်သုံးပစ္စည်း အမြောက်အမြား သိမ်းဆည်းမိခဲ့သည်။

တပ်မတော်မှ ထုတ်ပြန်သည့် ကြေငြာချက်တခုနှင့် ဓာတ်ပုံများအရ ဖမ်းဆီးရမိသည့် လက်နက်များထဲတွင် M22 ချေမှုန်းရေး ရိုင်ဖယ် ၃၉ လက်၊ စက်လတ် သေနတ် ၂၉ လက်၊ M 21 ချေမှုန်းရေးရိုင်ဖယ် ၆၉ လက်၊ M16 ချေမှုန်းရေး ရိုင်ဖယ် ၉ လက်၊ RPG အကြီး ၁၆ လက်၊ RPG အသေး ၅ လက်၊ ၁၂ ဗို့ဆလိုက် သေနတ် ၂ လက်၊ FN-6 ပခုံးထမ်း လေယာဉ်ပစ် ဒုံး ၁လက် နှင့် TNLA စစ်ယူနီဖောင်း များ၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့် အလံများ ထည့်ထားသည့် အိတ် ၇၇ လုံး တို့ အပါအဝင် ဖြစ်သည်။
တပ်မတော်ပြောရေးဆိုခွင့်ရှိသူက ဖမ်းဆီးရမိသော လက်နက်များမှာ တရုတ်နိုင်ငံလုပ် ဖြစ်ကြောင်းနှင့် လက်နက်ကိုင်အဖွဲ့များက ၎င်းတို့ကို တရုတ်နိုင်ငံမှ တရားမဝင် ရယူခဲ့ခြင်း ဖြစ်ကြောင်း ထိုစဉ်က ပြောကြားခဲ့သည်။
ထို့နောက် တရုတ်နိုင်ငံ၏ အာရှရေးရာ အထူးသံတမန် ဆွန်ကော့ရှန်နှင့်တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြောက်ပိုင်းတွင် အခြေစိုက်သည့် လက်နက်ကိုင် အဖွဲ့များသည် တရုတ်နိုင်ငံထံမှ လက်နက်များဝယ်ယူနေသည်ဟု ဆွန်ကော့ရှန်ကို ပြောကြားခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ ဆုံပြီးနောက် များမကြာမီတွင် ဂျပန်နိုင်ငံမှ Yomiuri Shimbun သတင်းစာနှင့် သီးသန့် တွေ့ဆုံမေးမြန်းမှုတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံမှ လက်နက်ကိုင်အဖွဲ့များသည် တရုတ်ထံမှ လက်နက်များ သွယ်ဝိုက်သည့် နည်းဖြင့် ရရှိနေခဲ့ကြောင်း ပြောကြားခဲ့သော်လည်း အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပါ။
တပ်မတော်အတွင်းမှ ပုဂ္ဂိုလ်များက AA ထံတွင် ၎င်း၏ တိုက်ခိုက်ရေးသမားများက မြေမြုပ်မိုင်းများကို မိုဘိုင်းဖုန်းများ၊ လမ်းလျှောက် စကားပြောစက်များ၊ Bluetooth နှင့် Wi-Fi တို့မှတဆင့် ဖောက်ခွဲနိုင်သည့် ခေတ်မီနည်းပညာများ ရှိကြောင်းပြောကြသည်။ အမှန်တကယ်တွင် ထိုကဲ့သို့သော ပေါက်ကွဲစေတတ်သောပစ္စည်းများကို တပ်ဆင်ရန် လိုအပ်သော ကိရိယာများနှင့် လေ့ကျင့် သင်တန်းပေးမှုများက အိမ်နီးချင်းနိုင်ငံ တခုမှ လာခြင်း ဖြစ်ဖွယ်ရာ ရှိသည်။
ဇန်နဝါရီလ အတွင်းက ရှီကျင့်ဖျင်၏ မြန်မာပြည်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂ ဦးလုံးက နယ်စပ်တည်ငြိမ်ရေးအတွက် လိုအပ်မှုကို ရည်ညွှန်းခဲ့ကြပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံက လက်နက်ကိုင်များအား လက်နက်ပေးခြင်း ထောက်ပံ့ခြင်းများ ပြုလုပ်နေသည်ကို မမြင်တွေ့လိုကြောင်း အရိပ်အယောင်ပြခဲ့သည်။
ပြီးခဲ့သည့် ရက်များအတွင်း ရုရှားနိုင်ငံတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အိန္ဒိယကာကွယ်ရေးဝန်ကြီး ရတ်ဂျ်နက်ဆင်းနှင့် တွေ့ဆုံခဲ့ပြီး ၎င်းတို့နိုင်ငံများ၏ တပ်မတော်များကြား ဆက်ဆံမှု မြှင့်တင်ရေးနည်းလမ်းများ၊ နယ်စပ်လုံခြုံရေးနှင့် နယ်စပ်တလျှောက်မှ ဆူပူသောင်းကျန်းမှု နှိမ်နင်းရေး စစ်ဆင်ရေးများကို ဆွေးနွေးခဲ့သည်။ နောက်ပိုင်းတွင် စောင့်ကြည့်ရမည့် ပိုမို စိတ်ဝင်စားစရာ ကောင်းသော ဒေသဆိုင်ရာ တိုးတက်မှုများထဲမှ တခုမှာ နေပြည်တော်နှင့် နယူးဒေလီကြား ပိုမို နီးကပ်သော ခင်မင်ရင်းနှီးမှု တည်ဆောက်လာခြင်း ဖြစ်သည်။
မေလအတွင်း မြန်မာအစိုးရက Assam နှင့် Meitei တိုင်းရင်းသား လက်နက်ကိုင် ၂၂ ဦးကို အိန္ဒိယအစိုးရထံသို့ လွှဲပြောင်းပေးခဲ့သည်။ ၎င်းတို့သည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း နယ်စပ်တလျှောက်တွင် ရှိသော အခြေစိုက်စခန်းများမှ နေ၍ အိန္ဒိယအစိုးရကို တိုက်ခိုက်နေသည့်အဖွဲ့များ ဖြစ်သည်။
မြန်မာနိုင်ငံက ပြီးခဲ့သည့်နှစ်တွင် အိန္ဒိယထံမှ ၎င်း၏ ပထမဆုံးရေငုပ်သင်္ဘောကို ရရှိခဲ့သည်။ ရုရှားလုပ် Kilo အမျိုးအစား ဒီဇယ်-လျှပ်စစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘော ဖြစ်သည်။ အိန္ဒိယနိုင်ငံက သင်္ဘောအတွက် နည်းပညာ အထောက်အပံ့များ ဆက်လက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာ့တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ တဦး၏ အဆိုအရ သိရသည်။ အရေးအကြီးဆုံးမှာ အိန္ဒိိယအစိုးရက မြန်မာစစ်အရာရှိများကို လေ့ကျင့်သင်ကြားပေးရန်နှင့် သူတို့ကို အိန္ဒိယရှိ စစ်တက္ကသိုလ်များတွင် ပညာသင်ခွင့်ပြုရန် သဘောတူခဲ့သည်။ (ထို ဆုံးဖြတ်ချက်တွင် ရှင်းလင်းသော နိုင်ငံရေးသက်ရောက်မှုများ ရှိနေသည်။ မြန်မာန်ိုင်ငံက တရုတ်ထံမှ ရေငုပ်သင်္ဘောများ ဝယ်ယူရန် မရွေးချယ်ခဲ့ပါ။)

အိန္ဒိယ လက်နက်ကိုင်များ မြန်မာနိုင်ငံမြေပေါ်တွင် လှုပ်ရှားမှုကို ငြင်းပယ်ခြင်းနှင့် ပတ်သက်၍ သူတို့၏ အလေးအနက် ထားမှုကို ပြသရန် ပြီးခဲ့သည့်နှစ်က ထိုအဖွဲ့များကို နှိမ်နင်းရန် ၂ နိုင်ငံ လုံခြုံရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြန်မာတပ်များက နာဂလန်း Nagaland နှင့် အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း အခြားပြည်နယ်များမှ ဆင်းလာသည့် လက်နက်ကိုင်များကို စစ်ကိုင်းတိုင်း မြောက်ပိုင်း၊ တာဂါရှိ သူတို့၏ အဓိက အခြေစိုက်စခန်းမှ နှင်ထုတ်ခဲ့သည်။
ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် တိုက်ပွဲဝင်နေသော အဆိုပါ လက်နက်ကိုင်အဖွဲ့များသည် မြန်မာ၊ ထိုင်းနှင့် အိန္ဒိယတို့တွင် ကြီးမားသော ကွန်ယက်များ ရှိသည်။ သူတို့က လက်နက်မှောင်ခို ရောင်းဝယ်မှု အပါအဝင် တရားမဝင် ကုန်သွယ်မှု ပုံစံ အမျိုးမျိုးတွင် ပါဝင်ပတ်သက်နေကြပြီး အချို့က အစွန်းရောက် အစ္စလာမ်မစ် လက်နက်ကိုင် အဖွဲ့များနှင့် ပုံမှန် အဆက်အသွယ် ထူထောင်ထားပြီး ဖြစ်သည်။
ထိုကဲ့သို့သောအဖွဲ့များကို ဖယ်ရှားရေးက လွယ်ကူသော အလုပ်မဟုတ်ပါ။ အကယ်၍ အဆိုပါ အဖွဲ့များကို ထိရောက်စွာ နှိမ်နင်းလိုပါက အိန္ဒိယနှင့်မြန်မာ တပ်မတော်များ အနေဖြင့် ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်လိမ့်မည်ဟု မျှော်လင့်ရသည်။
ထိုအချိန်တွင် မြန်မာနိုင်ငံအတွင်း ကြံရည်ဖန်ရည်ရှိသည့် အိန္ဒိယသူပုန်အဖွဲ့များက ဆက်လက်လှုပ်ရှားလျက် ရှိကြပြီး အခြေစိုက်စခန်းများနှင့် လေ့ကျင့်ရေး စခန်းများဖွင့်လှစ်ခြင်း၊ လက်နက်ကိုင်အဖွဲ့များနှင့် ပင်လယ်ရပ်ခြားရှိ အကြမ်းဖက် အဖွဲ့အစည်းများနှင့် အဆက်အသွယ်များ ထူထောင်ခြင်းများ ပြုလုပ်နေကြသည်။
စိတ်ဝင်စားစရာ ကောင်းသည်မှာ အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်သည့် အခြေခံ အဆောက်အဦး စီမံကိန်းတခု အတွက် ကုလားတန်မြစ်တလျှောက် ပစ္စည်းများ သယ်ယူခြင်းကို နှောက်ယှက်ရန် AA က အားထုတ်ခြင်း ဖြစ်သည်။ ထိုဧရိယာအတွင်း ခရီးသွားနေသည့် အိန္ဒိယစီမံကိန်း လုပ်သားများကိုပင် ပြန်ပေးဆွဲခဲ့သည်။ AA က ထိန်းသိမ်းထားစဉ် အိန္ဒိယအမျိုးသားတဦး သေဆုံး သွားခဲ့သည်။
ကုလားတန် ဘက်စုံ သယ်ယူပို့ဆောင်ရေး စီမံကိန်းက အိန္ဒိယအရှေ့ပိုင်း ပင်လယ် ဆိပ်ကမ်း ဖြစ်သည့် ကိုလ်ကတ္တား Kolkata နှင့် နိုင်ငံ၏ ကုန်းတွင်းပိတ် အရှေ့မြောက်ဘက်ပြည်နယ် ဖြစ်သော မီဇိုရမ် Mizoram ကို မြန်မာနိုင်ငံမှ ရခိုင်နှင့် ချင်းပြည်နယ်များမှတဆင့် ချိတ်ဆက်မည့် ပင်လယ်ရေကြောင်းလမ်းများနှင့် အဝေးပြေး သယ်ယူပို့ဆောင်ရေးစနစ် တခုကို ဖွင့်လှစ်ရန် ရည်ရွယ်ထားသည်။
သူတို့၏ တွေ့ဆုံမှု တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးတို့က မီဇိုရမ် နယ်စပ်ကို ဖြတ်၍ ကုလားတန်စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး သေချာစေမည့် လုံခြုံရေးနှင့် ပတ်သက်၍ ပူးပေါင်း ဆောင်ရွက်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ အဓိပ္ပါယ်မှာ AA အပေါ် ထိုးစစ်များကို ကျနော်တို့ ထပ်မံ မျှော်လင့်နိုင်ပါသည်။ အိန္ဒိယနိုင်ငံက မြန်မာ့တပ်မတော်ကို ထောက်လှမ်းရေးနှင့် စောင့်ကြည့်ရေးပုံစံမျိုးဖြင့် ကူညီသွားလိမ့်မည်ဖြစ်သည်။
အရေးကြီးသည်မှာ အိန္ဒိယနှင့် ဆက်ဆံရေးကို ပိုမိုခိုင်မာလာစေခြင်းက တောင်အာရှ၏ ပထဝီနိုင်ငံရေးတွင် မီးတောက်လောင်လွယ်သည့် နေရာတခု ဖြစ်လာသည့် ဟိမဝန္တာ တောင်တန်းဒေသမှ လာဒက် Ladakh တွင် အာရှ၏ အင်အားကြီး နိုင်ငံကြီး ၂ ခုကြား မကြာသေးမီက ဖြစ်ပွားခဲ့သော ထိပ်တိုက်ရင်ဆိုင်မှုတခု ရှိနေချိန်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
တရုတ်နှင့် အိန္ဒိယနိုင်ငံကြီး ၂ ခု၏ ကြားတွင် ရှိနေသည့် (၎င်း၏ သဘာ၀ သယံဇာတ အရင်းအမြစ်များကို ရည်ညွှန်းခြင်း မပြုလျှင်ပင်) အရှေ့တောင်အာရှတွင် ပထဝီအရ မြန်မာနိုင်ငံ၏ အရေးပါသောနေရာက ကျွမ်းကျင်သူများနှင့် ပညာရှင်များကြား မှတ်ချက်ပေးစရာ အကြောင်းတခု အမြဲတမ်း ဖြစ်နေခဲ့သည်မှာ ကာလကြာပြီ ဖြစ်သည်။
ယနေ့အချိန်တွင် ထိုတည်နေရာက မြန်မာနိုင်ငံအတွက် ပထဝီနိုင်ငံရေး ကျိန်စာတခုနှင့် ပိုတူလာသည်ဟု ခံစားနေရပြီး မြန်မာနိုင်ငံ အနေဖြင့် အင်အားကြီးသော အိမ်နီးချင်း ၂ ဦးနှင့် ၎င်း၏ ဆက်ဆံရေးကို ချိန်ခွင်လျှာညှိခြင်းအားဖြင့် ဂရုတစိုက် လျှောက်လှမ်းရတော့မည် ဖြစ်သည်။
မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်သမားများကို ထောက်ပံ့နေသည့် “အားကောင်းသောအင်အားစုများ” နှင့် ပတ်သက်သော ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လတ်တလော မှတ်ချက်က နေပြည်တော်ရှိ တပ်မတော်ထိပ်ပိုင်း ခေါင်းဆောင်များ၏ သဘောထားကို ထင်ဟပ်ပြနေခြင်း ဖြစ်ကြောင်း ပြောစရာ လိုမည် မဟုတ်ပါ။
ထို့အပြင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို ဟန်ချက်ညီအောင် ထိန်းညှိရန်နှင့် မိတ်ဆွေသစ်များရော မိတ်ဆွေဟောင်းများပါ အပါအဝင် ဒေသတွင်းတွင် ၎င်း၏ မဟာမိတ်များ ပိုများလာအောင် ပြုလုပ်ရန် အသင့် ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြလိုက်ခြင်းလည်း ဖြစ်ပါသည်။ အချို့သော မီဒီယာများ၏ အဆိုအရ မြန်မာခေါင်းဆောင်များသည် တရုတ်၏ အိတ်ကပ်ထဲတွင် မရှိတော့ပါ။ မည်သည့်အခါတွင်မျှ ရှိတော့မည် မဟုတ်ပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar’s Generals Aren’t Happy With China—and It’s No Longer a Secret ကို ဘာသာပြန်ဆိုသည်။)
You may also like these stories:
ဓားထုတ်ပြပြီး အင်အားပြလာတဲ့ တရုတ်
မြန်မာနှင့် အိန္ဒိယနိုင်ငံ တပ်မတော်တို့ကြား စစ်ဘက်နှင့် နယ်စပ်လုံခြုံရေး ပိုမို ပူးပေါင်းမည်
သမိုင်းထဲက ကသည်းသူပုန်တွေရဲ့ လက်နက်မှောင်ခို လမ်းကြောင်း