ဤခေါင်းစဉ်ကိုဖတ်ပြီး အလုပ်ခေါ်စာဟုတော့ မထင်သင့်ပါ။ မြန်မာနိုင်ငံမှာ အရေးတကြီး လိုအပ်နေသည့်အချက်ကို ထောက်ပြခြင်း ဖြစ်သည်။ မြန်မာမှာ လိုအပ်နေတာကတော့ တရုတ်နိုင်ငံရေး ကျွမ်းကျင်သူများ အလုပ်လုပ်သော လွတ်လပ်သည့် အင်စတိကျု Institute များပင်။ Think Tank ပညာရှင်အဖွဲ့အစည်းများပင် ဖြစ်သည်။
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းဖြစ်သည်။ ထို့အပြင် ယနေ့တရုတ်နိုင်ငံသည် ဒေသတွင်း၌ အင်အားကြီးသူ Regional Power ဖြစ်နေပြီ ဖြစ်သည်။ သတင်းစာများက အမေရိကန်ကိုပင် ပုခုံးချင်းယှဉ်ဖို့ ကြိုးစားနေပြီဟု ရေးသားကြသည်။ ၂၁ ရာစုကိုပင် Chinese Century တရုတ်ရာစုဟု ပြောဆိုရေးသားနေကြရပြီ ဖြစ်သည်။
တရုတ်၏ စီးပွားရေး၊ စစ်ရေးအင်အား ထိုးဖောက် ချဲ့ထွင်လာခြင်းကို အားလုံးက စိတ်ဝင်တစား (ထိတ်လန့်တကြား) စောင့်ကြည့်နေကြရသည်။ တရုတ်က လက်ခမောင်းခတ်ပြီး ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်လာသည်မှာ တကယ်တော့ စိုးရိမ်စရာ ကောင်းပါသည်။
မြန်မာနိုင်ငံတွင်လည်း တရုတ်၏ မဟာစီမံကိန်းများ ရှိသည်။ တရုတ်၏ BRI ပိုးလမ်းမသစ် စီမံကိန်းကို မြန်မာက ပူးပေါင်းပါဝင်မည်ဟု ကတိကဝတ် ပြုထားသည်။ ယခင် စစ်အစိုးရလက်ထက် နိုင်ငံ၏ အချက်အခြာကျသော စီမံကိန်းများ (ကျောက်ဖြူ ရေနက်စီမံကိန်း၊ အထူးစီးပွားရေးဇုန်၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းနှင့် ကချင်ပြည်နယ် မြစ်ဆုံအပါအဝင် ရေကာတာ စီမံကိန်းများ) ကို တရုတ်နိုင်ငံနှင့် သဘောတူခဲ့ကြသည်။ ထိုစဉ်က တိုင်းပြည်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးများက တရုတ်ကို တိုင်းပြည်၏ အဓိကကျသော စီးပွားရေးပရောဂျက်ကြီးများ ပေးခဲ့သည်။ တရုတ်ကုမ္ဗဏီအများစုသည် အစိုးရပိုင်များဖြစ်ပြီး မြန်မာနိုင်ငံတွင် စွမ်းအင်၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ သယံဇာတ တွင်းထွက်ပစ္စည်း တူးဖော်ခြင်းနဲ့ စိုက်ပျိုးရေး လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံထားသည်။
NLD အစိုးရလက်ထက်တွင်လည်း တရုတ်နိုင်ငံသည် ပိုပြီး အထူးအခွင့်အရေးများ ရခဲ့သည်။ ၂၀၁၇ ရခိုင်အရေးအခင်းနောက်ပိုင်း တရုတ်ကို မြန်မာက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လိုအပ်နေချိန် တရုတ်အစိုးရသည် မူဆယ် မန္တလေးရထားလမ်း ပရောဂျက်၊ ရန်ကုန်မြို့သစ်စီမံကိန်း တို့အပြင် ရှမ်းပြည်နယ်နှင့် ကချင်ပြည်နယ်တို့တွင် နယ်စပ်စီးပွားကုန်သွယ်ရေးဇုန် သုံးခုဖွင့်ရေးတို့ကိုလည်း တရုတ်နိုင်ငံက လက်မှတ်ထိုး ရရှိခဲ့သည်။
မြစ်ဆုံဆည်အရေးသည် မြန်မာဖက်က ရပ်ဆိုင်းထားဆဲဖြစ်သော်လည်း တရုတ်ဖက်က အလျှော့ပေးမည့်ပုံ မပေါ်။ မြန်မာနိုင်ငံမှ ဒေသခံတိုင်းရင်းသားများကလည်း ထိုစီမံကိန်းကို လက်ခံလိမ့်မည် မဟုတ်။
ကျောက်ဖြူ အထူးစီးပွါးရေးဇုန် SEZ နဲ့ ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးကမူ မကြာခင် စတင်တော့မည် ဖြစ်သည်။ ထိုစီမံကိန်းသည် တရုတ်-မြန်မာ စီးပွါးရေးစင်္ကြန် (China-Myanmar Economic Corridor-CMEC) အောက်တွင်ရှိပြီး BRI ၏ အစိတ်အပိုင်းတခုလည်း ဖြစ်သည်။ ကျောက်ဖြူစီမံကိန်းကို အစကနဦးက အမေရိကန် ဒေါ်လာ ကိုးဘီလီယံကျော် သတ်မှတ်သဘောတူခဲ့သော်လည်း ယခု လက်ရှိအစိုးရ လက်ထက်တွင် ပြန်လည်ဆွေးနွေးညှိနှိုင်းခဲ့ပြီး အမေရိကန် ဒေါ်လာ တစ်ဘီလီယံကျော်နှင့် စတင်မည်ဟု သိရသည်။ မှန်ကန်သော ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
ထို့အပြင် တရုတ်နိုင်ငံတောင်ပိုင်း ကူမင်းနှင့် ဆက်သွယ်ဖောက်လုပ်မည့် ကျောက်ဖြူ-ကူမင်း ရထားလမ်း ကမ်းလှမ်းချက်ကိုလည်း တရုတ်ဖက်က အဆိုပြုထားသည်။ အမေရိကန်ဒေါ်လာ ၂၀ ဘီလီယံ ကုန်ကျမည် ခန့်မှန်းထားသည်။ ထိုစီမံကိန်းကို မြန်မာလက်ခံမိလျှင် ကြွေးဆပ်ရတဲ့ဘဝက လွတ်တော့မည်မဟုတ်ဟု သုံးသပ်ကြသည်။
တရုတ်နိုင်ငံအကြောင်းပြောလျှင် တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသားဒေသအတွင်းရှိ လက်နက်စွဲကိုင်ထားသော လက်နက်ကိုင် အဖွဲ့များအကြောင်းကိုလည်း ပြောကိုပြောရတော့မည် ဖြစ်သည်။ ထိုအဖွဲ့အစည်းများသည် တရုတ်၏ သြဇာခံနီးပါး ဖြစ်သွားခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံမြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို လက်နက် အပါအဝင် စီးပွားရေး၊ နိုင်ငံရေး အကူအညီ ထောက်ပံ့မှုများကို ပေးနေသူမှာ တရုတ်နိုင်ငံပင် ဖြစ်သည်။
မြစ်ဆုံစီမံကိန်းကို သမတဦးသိန်းစိန်လက်ထက် ရုတ်တရက် ရပ်ဆိုင်းပြီးနောက်ပိုင်း မြောက်ပိုင်းတွင် လက်နက်ကိုင်ပဋိပက္ခများ ပိုမိုကြီးထွားလာခဲ့သည်ကို တွေ့ရသည်။
နောက်ပိုင်း၌ တိုင်းရင်းသား လက်နက်ကိုင် ကချင်လွတ်လပ်ရေးတပ် (Kachin Independence Army-KIA) ထံတွင် လက်နက်ကိုင်သင်တန်း တက်ခဲ့သော ရခိုင့်တပ်မတော် (Arakan Army-AA) သည် ကြီးထွားလာခဲ့ပြီး ရခိုင်ပြည်နယ်တွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခြင်းအား တွေ့ရသည်။
AA သည် တရုတ်၏ ကျောထောက်နောက်ခံမရှိဘဲ ယခုကဲ့သို့ ရေရှည်မရပ်တည်နိုင်ဟု သုံးသပ်ကြသည်။
ရခိုင်ပြည်နယ်တွင် တရုတ်၏ စီမံကိန်းသာမက အိန္ဒိယ၏ ကုလားတန်စီမံကိန်းလည်း ရှိနေသည်။ တရုတ်နှင့် အိန္ဒိယအကြား အားပြိုင်မှုကို ရခိုင်မှာလည်း တွေ့မြင်နိုင်ပေသည်။
ကုလားတန်စီမံကိန်းကို ရခိုင် လက်နက်ကိုင်များက တိုက်ခိုက်သည်ကို တွေ့ရသောအခါ နောက်ကွယ်က ဘယ်သူခိုင်းသနည်းဆိုတာ မေးခွန်းရှိလာတော့သည်။
မကြာသေးခင်က ရုရှားခရီးစဉ်အတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများတွင် ၎င်းတို့ကိုထောက်ပံ့နေသည့် ခိုင်မာသည့်အင်အားစုများ တည်ရှိနေခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်၏ ရည်မှန်းချက်သည် တရုတ်ကိုဆိုလိုကြောင်း သတင်းများက ဖော်ထုတ်ရေးသားကြသည်။
တရုတ်နှင့် မြန်မာအကြားက ဆက်ဆံရေးသည် ရိုးစင်းဖြောင့်မတ်ခြင်း မရှိကြောင်း အချက်အလက်များက ပြသနေပြီဖြစ်သည်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရစေရန် ကူညီမည်ဆိုသော တရုတ်အစိုးရ ကတိပေးထားသော ကတိကဝတ်သည် ရခိုင်မြောက်ပိုင်းနှင့် ရှမ်းပြည်အရှေ့မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော သေနတ်သံများ၊ ယမ်းငွေ့များကြား ငရဲပွက်နေသော တိုက်ပွဲသံများအကြားတွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ တရုတ်သည် Peace Broker ငြိမ်းချမ်းရေးပွဲစား မဖြစ်နိုင်။
တရုတ်သည် မြန်မာကို သူ၏အရိပ်အောက်မှ လွှတ်ပေးမည်မဟုတ်ဟု ပညာရှင်များက သုံးသပ်ကြသည်။ မြန်မာပြည် မြောက်ဖျားကို အနောက်နိုင်ငံများ၏ သြဇာအာဏာ သက်ရောက်လာမှာကို တရုတ်က စိုးရိမ်နေသည်ဟု ရေးသားသုံးသပ်ကြသည်။ တရုတ်သည် ကျောက်ဖြူ ရေနက်စီမံကိန်းမှတဆင့် အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်ကိုယူရန် ခြေကုတ်ယူထားပြီဟု ဆိုသည်။ နောက် နှစ်ပေါင်း ၂၀ အတွင်း မြန်မာပြည်မြေပုံ ပျောက်ကွယ်သွားနိုင်သည်ဟု ပညာရှင်တွေက စိုးရိမ်တကြီး သုံးသပ်နေကြပြီ ဖြစ်သည်။
အင်အားကြီးသော ပရိယယ်ကြွယ်သော တရုတ်သည် မြန်မာနိုင်ငံကို ခြေဆုံးခေါင်းဆုံး မြေပုံဖတ်ထားပြီ ဖြစ်သည်။ ယနေ့ခေတ်မှမဟုတ် ဟိုးအရင် ဦးနုခေတ် ဗမာပြည်ကွန်မြူနစ် ပါတီခေတ် ဦးနေဝင်း မ.ဆ.လခေတ်မှသည် ယနေ့အထိ တရုတ်၏ လက်တံခြေတံနှင့် တရုတ်၏အရိပ် တရုတ်၏သြဇာတို့သည် မြန်မာအပေါ် ကြီးစိုးနိုင်လှသည်။ တရုတ်သည် မြန်မာကို မျိုသွားနိုင်သည်။
မြန်မာသည် တရုတ်အကြောင်းကို ဘယ်လောက်လေ့လာပြီးပြီနည်း။ တရုတ်၏ မြန်မာအပေါ်ထားသော အကျိုးစီးပွား၊ ပထဝီဝင်နိုင်ငံရေး၊ စီးပွားရေးအကျိုးအမြတ်၊ အားသာချက်၊ အားနည်းချက်တို့ကို မြန်မာဘက်က မည်မျှ ထဲထဲဝင်ဝင် ထိုးထိုးဖောက်ဖောက် မွှေနှောက်ပြီးပြီနည်း။
မြန်မာနိုင်ငံမှာ လွတ်လပ်ပြီး အမှီအခိုကင်းသော China Studies Institute တွေ China Studies Centre တွေလိုအပ်သည်။ ငွေရေးကြေးရေး နိုင်ငံရေးအရ လွတ်လပ်သော Institute များ ဖြစ်ရမည်။ တရုတ်၏ စီးပွားရေး နိုင်ငံရေးကို တက္ကသိုလ်များတွင် သုသေသန စာတမ်းများ ရေးသားပြုစုသင့်ကြသည်၊ သင်ကြားလေ့လာသင့်ကြသည်။
မြန်မာ အချုပ်အခြာ အာဏာနှင့် ပြည်တွင်းငြိမ်းချမ်းတည်ငြိမ်ရေးကို အမြဲဝင်ရောက် စွက်ဖက်နိုင်ခွင့်ရှိနေသော တရုတ် နိုင်ငံ၏အကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီ၏ အကြော၊ တရုတ်၏သဘော၊ တရုတ်၏သဘောထား၊ တရုတ်၏ အကျိုးစီးပွား အားလုံးကို နှံ့နှံ့စပ်စပ် တတ်ကျွမ်းနားလည်သော Centre များ Institute များ မြန်မာတွင် လိုအပ်နေပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် တရုတ်နိုင်ငံအကြောင်း လေ့လာနေသူတွေ၊ ပညာရှင်တွေ၊ Think Tank တွေ အချိန်ယူပြီး နှေးကွေးစွာတော့ ပေါ်ပေါက်လာနေပြီ ဖြစ်ပါသည်။ နိုင်ငံတော်က မြေတောင်မြှောက်ပေးရမယ့်အချိန်လည်း ဖြစ်သည်ဟု ဆိုရမည်။
You may also like these stories:
အမေရိကန်-တရုတ် စစ်အေးသစ်က မြန်မာအတွက် အခက်လား အချက်လား
တရုတ်ကို ဝိုင်းထားတဲ့ ဒီမိုကရေစီ ၄ နိုင်ငံ မဟာမိတ်ပြုပြီ
တင်းမာမှု မြင့်မားနေသော်လည်း ထရမ့်ပြန်လည်အရွေးခံရရန် တရုတ်မျှော်လင့်နေ
စင်ကာပူက တရုတ်တို့၏ သူလျှိုလုပ်ငန်း