အယ်ဒီတာ့အာဘော်

ရခိုင်က ပိုးကူးစက်မှု ကိုဗစ် ဒုတိယလှိုင်း အစလား

အာရှတလွှား ပြန်လည်ပျံ့နှံ့လာသော ကိုရိုနာဗိုင်းရပ်စ်ပိုး၏ အန္တရာယ်ကြောင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ် ၁၉ ကပ်ရောဂါ ဒုတိယလှိုင်းကို သတိထားရန် တိုက်တွန်းနှိုးဆော်အပြီး များမကြာမီ ရခိုင်ပြည်နယ် စစ်တွေမြို့တော်တွင် ပိုးတွေ့လူနာများ စတွေ့ပြီး ကူးစက်သူလူနာ အရေအတွက်လည်း ဩဂုတ်လ တတိယပတ်အတွင်း ၁၉ ယောက် ရှိလာသည်။

တချိန်တည်းတွင်ပင် အရင်ထက် ၁၀ ဆ  ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ်ပိုးကို မြန်မာနိုင်ငံတွင် တွေ့နေရပြီဖြစ်၍ ပြည်သူများ အထူးသတိထားရန် ဆေးသုတေသနဦးစီး တာဝန်ရှိသူများက ကြေညာခဲ့သည်။ သို့သော်လည်း ယခု စစ်တွေတွင် ပြန့်ပွားလာသော ဗိုင်းရပ်စ်ပိုးနှင့် မည်သို့ ဆက်စပ်မှု ရှိ မရှိ မသိရသေးချေ။ ထပ်မံ သုတေသန စမ်းသပ်ချက်များ လုပ်ရန် လိုနေသည်။

သို့သော် ရခိုင်က ပိုးကူးစက်မှုသည် မြန်မာပြည်၏ ကိုဗစ် ဒုတိယလှိုင်း အစလားဟု စိုးရိမ်ပူပန်စရာ ဖြစ်ပါသည်။ ထိုသို့ စိုးရိမ်ပူပန်မှုများကြောင့် စစ်တွေမြို့နယ်တွင်းနေထိုင်သူများကို အိမ်တွင်း၌သာ နေထိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုက်တွန်းလိုက်သည်။ ပြန်လည်ဖွင့်လှစ်ထားသော အထက်တန်းကျောင်းများကိုလည်း ပညာရေးဝန်ကြီးဌာနက ပြန်ပိတ်လိုက်သည်။ စစ်တွေမြို့နှင့် လမ်းပန်းဆက်သွယ်ရေးကိုလည်း လျှော့ချ ထိန်းချုပ်လိုက်သည်။

အခြားနိုင်ငံများကဲ့သို့ ပြန်လည်ကူးစက်ပြန့်ပွားမှု၏ အဦးအစကို ရှာဖွေတွေ့ရှိရန် မြန်မာနိုင်ငံတွင်လည်း ခဲယဉ်းနေပါသေးသည်။ ရောဂါပိုးကို နေ့စဉ်သွားလာ တွေ့ဆုံမှု တနေရာရာမှ ကူးစက်ခံရသော်လည်း ကိုယ်ခံအားကောင်းစဉ် လူကောင်းပကတိ ဖြစ်နေပြီး silent carriers တိတ်တဆိတ် ရောဂါပိုးသယ်ဆောင်သူများဖြစ်နေနိုင်သောကြောင့် mask နှာခေါင်းစည်း တပ်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ ခပ်ခွာခွာနေထိုင်ဆက်ဆံရေးတို့က အင်မတန် အရေးပါဆဲ ဖြစ်သည်။

စစ်တွေမြို့တော်အပါအဝင် ရခိုင်ပြည်နယ်ရှိ အခြားမြို့များတွင် ကျန်းမာရေး ပညာပေးအစီအစဉ်များ အရေးပေါ် စတင်ရန် လိုအပ်သလို နှာခေါင်းစည်းကဲ့သို့ ကြိုတင်ကာကွယ်ရေး အသုံးအဆောင်များ လူထုနှင့် လက်လှမ်းမီနိုင်ရေးလည်း အမြန် စီမံ အကောင်အထည်ဖော်ရန် လိုမည်။

လတ်တလော စစ်ပွဲနှင့် ယခင် ပဋိပက္ခများကြောင့် ဒုက္ခသည်စခန်းများထဲ ရောက်နေကြသူများက စိုးရိမ်ဖွယ် ကပ်ရောဂါ ဒုတိယလှိုင်း၏ အန္တရာယ်ကိုသာမက ရောဂါပိုးသယ်ဆောင်သူများအဖြစ် လူမှုရေးအရ ခွဲခြားဆက်ဆံခံရမှုကိုလည်း အများဆုံး ကြုံတွေ့ရနိုင်သူများဖြစ်သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်ပထမလှိုင်းကို ကိုင်တွယ်ထိန်းချုပ်ရာတွင် အတွေ့အကြုံ ရှိပြီး ဖြစ်သည်။ သို့သော် ကျန်းမာရေးဝန်ထမ်းများ မိမိအလုပ်ကိုယ် မိမိ လုံခြုံစိတ်ချစွာ အလုပ်လုပ်နိုင်ရန် ရခိုင်စစ်ပွဲကို နှစ်ဘက်လက်နက်ကိုင်အဖွဲ့များက ရပ်စဲသင့်သည်။ ဧပြီလအတွင်း ဖြစ်ပွားခဲ့သော COVID-19 ရောဂါပိုး ရှိမရှိ စစ်ဆေးရန် နမူနာ သယ်လာသည့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့(WHO) ကားတစီး မင်းပြားမြို့နယ် ရာမောင်တံတားအနီး ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းက တုန်လှုပ်စရာ ဖြစ်နေဆဲ ဖြစ်သည်။

စစ်ရေးထက် လူထုကျန်းမာရေးကို ဦးစားပေးချိန် တန်နေပြီဖြစ်သည်။ လူထုကျန်းမာရေးကဏ္ဍက ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသူတိုင်းကြားတွင် နားလည်မှုနှင့် ယုံကြည်မှု တည်ဆောက်နိုင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်သင့်သည်။ သို့မှသာ စစ်ဘေးရှောင်ပြည်သူများအထိ ကိုဗစ်ကာကွယ်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည်။ သို့မှသာ မည်သူတဦးတယောက်မျှ နောက်ချန်မထားခဲ့ရေး မူဝါဒက အစစ်အမှန်ဖြစ်မည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း (ICRC) ကဲ့သို့ သမာသမတ်ကျသော နိုင်ငံတကာ လူမှုကူညီစောင့်ရှောက်ရေး အဖွဲ့များ ပါဝင်ခွင့်ကိုလည်း တိုးချဲ့ပေးသင့်ပါသည်။

အခြားအရေးပါသည့်အချက်မှာ ရခိုင်ပြည်မြောက်ပိုင်း မြို့နယ်အချို့နှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် ပိတ်ထားသော အင်တာနက်ကို ပြန်လည်ဖွင့်လှစ်ပေးရေး ဖြစ်သည်။ နယ်မြေခံလူထုက ကျန်းမာရေး သတင်းအချက်အလက်များကို လျင်မြန်စွာ သိရှိစေခြင်းသည် ကျန်းမာရေး ပညာပေးအတွက် ကောင်းပါသည်။ ကပ်ရောဂါ ထိန်းချုပ်ရေးတွင် အောက်ခြေလူထု ပူးပေါင်းပါဝင်လာနိုင်ရေးကိုလည်း လမ်းဖွင့်ပေးရာ ရောက်သည်။

ထိုသို့ ဘက်ပေါင်းစုံက ပူးပေါင်းလုပ်ဆောင်မှသာ စိုးရိမ်ဖွယ် ကိုဗစ် ဒုတိယလှိုင်းကို ခေါင်းချိုးထားနိုင်မည် ဖြစ်တော့သည်။

You may also like these stories:

ပိုးတွေ့သူများထဲ စစ်တွေဆေးရုံမှ ဆရာဝန်ကြီး ၁ ဦးပါဝင်

စစ်တွေပိုးတွေ့သူများ၌ ဒုက္ခသည် စခန်းသွားခဲ့သူ INGO ဝန်ထမ်း ၁ ဦး ပါဝင်

စစ်တွေ ပိုးတွေ့လူနာနှင့် ထိတွေ့ခဲ့သူ ၁၅၀ ကျော်ကို ကန့်သတ်စောင့်ကြည့်နေ

ကိုဗစ်အတွက် လစ်ဟာနေသော ကွက်လပ်

Loading