အယ်ဒီတာ့အာဘော်

ကိုဗစ်လှိုင်းကြားက ရွေးကောက်ပွဲ လုံခြုံစိတ်ချရမလား

Want create site? Find Free WordPress Themes and plugins.

၂၀၂၀ ရွေးကောက်ပွဲ ကျင်းပရန် ရက် ၆၀ အလို နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခွင့် ရပြီဖြစ်၍ အသီးသီး မဲဆွယ်နေခဲ့ကြသည်။ ကိုဗစ် ဒုတိယလှိုင်းကြားက မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုသည် ၂၀၁၅ နှင့် ယှဉ်လျှင် တိတ်ဆိတ်ငြိမ်သက်နေသော်လည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံနီများ စက်တင်ဘာလ ၈ ရက် မနက်တွင် ရန်ကုန်နှင့် မန္တလေး မြို့များ၏ ရပ်ကွက် အတော်များများတွင် ချိတ်ဆွဲ လွှင့်ထူခဲ့ကြသည်။

နေ့စဉ် လူ ၉၀ ကျော် ပိုးကူလူနာတွေ့လာသော နေ့များ စိပ်လာပြီး ရန်ကုန်မြို့ ပိုးကူးမှုအား နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကပင် စိုးရိမ်ပူပန်ကြောင်း ထုတ်ပြောလာသည်။ ယခင် အစီအစဉ်အတိုင်း ကော့မှူးမြို့နယ်သို့ သွားရောက် အလံတင်ပြီး ပါတီ၏ မဲဆွယ်စည်းရုံးရေး စတင်မည်ကို ရန်ကုန် ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်း အမှတ် ၅၄ နေအိမ်တွင် ပိုးကူးလူနာတွေ့အပြီး ကျန်းမာရေးဝန်ကြီးဌာန၏ အကြံပြုချက်အရ ပယ်ဖျက်ခဲ့သည်။

COVID-19 ရောဂါပိုး ပြည်တွင်းကူးစက်မှု ဒုတိယလှိုင်း စတင်တွေ့ရှိရာ စစ်တွေမြို့မှ ရန်ကုန်သို့ လေယာဉ်ဖြင့် လိုက်ပါလာသူများ အနေဖြင့် သက်ဆိုင်ရာဌာနသို့ မိမိသဘောဆန္ဒအရ မဆက်သွယ်ပါက အရေးယူမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံသတိပေး ပြောကြားသည်အထိ ရောဂါပိုးပျံ့နှံ့မှုအပေါ် ထိန်းချုပ်နိုင်စွမ်းက စိုးရိမ်စရာ ကောင်းလာသည်။ ရောဂါပိုးကူးစက်မှုနှုန်း ဂဏန်း ၃ လုံးထိ ရောက်လာခဲ့သဖြင့်လည်း ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းရန် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီး တောင်းဆိုလာသည်အထိ စိုးရိမ်မှုက မြင့်မားသည်။

မဲဆွယ်စည်းရုံးခွင့် စတင်သောနေ့သည် ကိုဗစ်ဒုတိယလှိုင်းဒဏ်ကြောင့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား အစိုးရက ပြန်လည်ပိတ်ခိုင်းပြီး ပါဆယ်ဖြင့်သာ ရောင်းချခွင့် စတင်သည့်နေ့လည်း ဖြစ်သည်။ ကိုဗစ် ပထမလှိုင်းကတည်းက ထိခိုက်နေနှင့်ပြီးသား စီးပွားရေးကို ယခု ဒီရေတိုးနေသည့် ဒုတိယလှိုင်းတွင်လည်း တောင့်ခံနိုင်မည့် စွမ်းအားနှင့် အရင်းအမြစ်ကလည်း အကန့်အသတ်နှင့် ဖြစ်သည်။ ဂျပန်နိုင်ငံခြားရေး ဝန်ကြီး တိုရှီမစ်ဆု မိုတီဂျီက ကိုဗစ်ကာလ မြန်မာ့စီးပွားရေးကို ကူညီရန် အမေရိကန်ဒေါ်လာ ၄၂၅ သန်း ပေးရန် ကတိပေးခြင်း၊ တရုတ်နိုင်ငံ၏ ထိပ်တန်းသံတမန် မစ္စတာယန်ကျိချီ ခရီးစဉ်အတွင်း မြန်မာက ပေးဆပ်ရန် ရှိသည့် ကြွေးမြီများကို ဆပ်ရမည့် အချိန် ရွှေ့ဆိုင်းခြင်းတို့က နေပြည်တော်အစိုးရအတွက် အထောက်အပံ့ တစုံတရာ ရမည်။

ကိုဗစ်ကပ်ရောဂါကာလ ရွေးကောက်ပွဲကို အောင်မြင်စွာ အထူးသဖြင့် လူထုကျန်းမာရေးအား စိတ်ချလုံခြုံစွာ ကျင်းပနိုင်ရေးက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ သမိုင်းပေးတာဝန်ဖြစ်သည်။ မဲဆွယ်ကာလ၊ ရွေးကောက်ပွဲနေ့နှင့် မဲများ ရေတွက်ပြီးသည်အထိ ရွေးကောက်ပွဲဝန်ထမ်းများ၊ ရွေးချယ်ခံ ကိုယ်စားလှယ်များ၊ ပါတီထောက်ခံသူများ၊ ရွေးကောက်ပွဲ စောင့်ကြည့်သူများနှင့် မဲဆန္ဒရှင်များ၏ ကျန်းမာရေး စိတ်ချလုံခြုံနိုင်ကြောင်း ကော်မရှင်က အာမခံရမည်။

မဲပေးပိုင်ခွင့် ရှိသူများ စာရင်း ထုတ်ပြန်ကြေညာစဉ်က စ၍ အမှားများနေခဲ့သော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စွမ်းဆောင်ရည်အပေါ် သံသယ ရှိနေကြသည်။ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်း တခုဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့ လှုပ်ရှားမှုအဖွဲ့ (PACE) အပေါ် ထားရှိသော ကော်မရှင်၏ သဘောထားက မေးခွန်းထုတ်စရာဖြစ်သည့်အပြင် ကိုဗစ်ကြောင့် တင်းကျပ်ထားသော စည်းကမ်းများက မဲဆွယ်စည်းရုံးရေးတွင် အာဏာရပါတီ တပန်းသာစေကြောင်း ကျန်ပါတီများက ဝေဖန်လာနေသည်။

၂၀၂၀ ရွေးကောက်ပွဲက ၂၀၁၅ ရွေးကောက်ပွဲထက် တာဝန်ပိုကြီးသည်။ ဒီမိုကရေစီရေးအတွက်သာမက ပြည်သူ့ကျန်းမာရေးအတွက်ပါ ထည့်သွင်းစဉ်းစား အကောင်အထည်ဖော်ရသည်။ ကိုဗစ်ကပ်ရောဂါ ဒုတိယလှိုင်း၏ အနိမ့်အမြင့် အတက်အကျတွေကြား ရွေးကောက်ပွဲဟူသော သင်္ဘောကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျွမ်းကျွမ်းကျင်ကျင် ပဲ့ထိန်းသွားနိုင်မလား။

လတ်တလောပင်လျင် နေပြည်တော် သမ္မတရုံး အစိုးရအရာရှိတဦးတွင် ကိုဗစ် ၁၉ ရောဂါပိုးကူးစက်ခံရပြီးနောက် ရုံးဝန်ထမ်းတချို့နှင့် သမ္မတရုံး သတင်းထောက်တချို့ ပိုးကူးစက်ခံရနိုင်ခြေကို စိုးရိမ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကျင်းပရန် စီစဉ်ထားသည့် သတင်းစာရှင်းလင်းပွဲကို ပယ်ဖျက်လိုက်ရသည်။ သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အား အနီးကပ် အလုပ်လုပ်ပေးနေသူ ရုံးဝန်ထမ်း ၃၀ ခန့် ကွာရန်တင်း ဝင်ပြီး ရောဂါပိုး ရှိ မရှိ ဆေးစစ်ခံရသည်အထိ ရောဂါပိုးပြန့်ပွားမှု အန္တရာယ်က ခြိမ်းချောက်နေပေပြီ။

လုံခြုံစိတ်ချရသော ရွေးကောက်ပွဲ ဖြစ် မဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မကြာမီ ဆုံးဖြတ်ရတော့မည်။ လတ်တလောအခြေအနေအရ ရွေးချယ်ခံမည့် ပါတီကိုယ်စားလှယ်များအတွက် ကော်မရှင်၏ ထိန်းချုပ် ကန့်သတ်ချက်များက ဆိုရှယ်မီဒီယာကို မဲဆွယ်စည်းရုံးရေးတွင် ပိုမို အသုံးပြုရေး တွန်းပို့နေတော့သည်။

You may also like these stories:

ကိုဗစ်ကန့်သတ်ချက်တွေကြား စတင်လိုက်တဲ့ မဲဆွယ်စည်းရုံးရေး

မဲဆွယ်စရိတ်ကို ကိုဗစ် ကာကွယ်ရေးတွင် သုံးရန် NLD ညွှန်ကြား

ကိုဗစ်ကာလ မဲဆွယ်ခွင့် ကန်သတ်ချက်အပေါ် သူတို့ အမြင်

Did you find apk for android? You can find new Free Android Games and apps.
Loading