လွန်ခဲ့သော နှစ်ပေါင်း ၃၂ နှစ်က စက်တင်ဘာလ ၁၉ ရက်နေ့ စစ်သားများက စစ်အာဏာသိမ်းမှုအား ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူများကို သိမ်းကြုံးပစ်ခတ်သောကြောင့် ရန်ကုန်မြို့လမ်းမများပေါ် သွေးအိုင်များထွန်းခဲ့သည်။ နိုင်ငံပိုင်ရေဒီယိုက မြန်မာနိုင်ငံတွင် စစ်အစိုးရသစ်တက်လာကြောင်းကြေညာခဲ့ပြီး တိုင်းပြည်၏ လူထုထောက်ခံမှု များပြားလှသော ဒီမိုကရေစီရေး အုံကြွှမှုမှာမူ အဆုံးသတ်သွားရသည်။
၁၉၆၂ ခုနှစ်က စစ်အာဏာသိမ်းခဲ့သော အာဏာရှင်ဟောင်း ဦးနေဝင်းသည် ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် နောက်ထပ်စစ်အာဏာသိမ်းမှုလုပ်ရန် စစ်တပ်ကို ညွှန်ကြားခဲ့သည်။ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ထိုစဉ်က ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမောင်နှင့် စစ်ထောက်လှမ်းရေး အကြီးအကဲ ဗိုလ်မှူးကြီး ခင်ညွန့်တို့သည် ဦးနေဝင်း၏ နေအိမ်သို့ သွားရောက်ခဲ့ပြီး အာဏာသိမ်းရန်အမိန့်ကို ခံယူခဲ့သည်။
နောက်တနေ့တွင် စစ်တပ်က အာဏာသိမ်းပြီး မြန်မာနိုင်ငံကို ငရဲတွင်းသို့ တဖန်ပြန်လည်ကျဆင်းသွားစေခဲ့သည်။ အာဏာသိမ်းသူ ဗိုလ်ချုပ်ကြီးစောမောင်သည် အာဏာကို ချုပ်ကိုင်ရန် ဖန်တီးထားသည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (SLORC) အကြီးအကဲဖြစ်လာသည်။
ထိုနောက်တွင်မူ ကျောင်းသားများနှင့် ငယ်ရွယ်သော တက်ကြွလှုပ်ရှားသူများ လာရောက်ပူးပေါင်းကြသည့် နယ်စပ်အခြေပြု လက်နက်ကိုင်လှုပ်ရှားမှုများအား မိမိတို့ တွေ့လာရသည်။ မြန်မာပြည် ဒီမိုကရေတစ် မဟာမိတ်အဖွဲ့ချုပ် (DAB) ကို လက်နက်ကိုင်အဖွဲ့အစည်းအများအပြား၊ ၁၉၈၈ လှုပ်ရှားမှုမှ ကျန်ရစ်သူများ၊ အသစ်ဖွဲ့စည်းထားသော ကျောင်းသားတပ်မတော် ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တို့ပါဝင်သည့် ပင်မအဖွဲ့အစည်းအဖြစ် ဖွဲစည်းလိုက်သည်။
၁၉၈၈ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် DAB သည် အိမ်နီးချင်းနိုင်ငံများ၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် ရန်ကုန်စစ်အစိုးရကို အသိအမှတ်မပြုရန်၊ မြန်မာနိုင်ငံသို့ပေးမည့် စစ်ရေးနှင့် စီးပွားရေးအကူအညီများ ဆိုင်းငံ့ရန်နှင့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ပြန်လည်ထိန်းသိမ်းမည့် DAB ၏ အားထုတ်မှုများကို ထောက်ခံရန် တောင်းဆိုသော ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။
အထက်ပါ မဟာမိတ်အဖွဲ့တွင် အမျိုးသား ဒီမိုကရက်တစ် တပ်ဦး (NDF) မှ တိုင်းရင်းသား ၁၀ ဖွဲ့၊ အမေရိကန်ပြည်ထောင်စုနှင့် အခြားအနောက်နိုင်ငံများရှိ အဝေးရောက်မြန်မာများနှင့် NDF အဖွဲ့ဝင်မဟုတ်သူ တိုင်းရင်းသားမျာလည်း ပါဝင်သည်။
အဓိက ခေါင်းဆောင်များမှာ ကရင်ခေါင်းဆောင် စောဘိုမြ (ကရင်အမျိုးသားအစည်းအရုံး-KNU)၊ ကချင်ခေါင်းဆောင် ဘရန်ဆိုင်း (ကချင်လွတ်လပ်ရေးတပ်မတော် – KIA)၊ နိုင်ရွှေကျင် (မွန်ပြည်သစ်ပါတီ – NMSP) နှင့် မြန်မာပြည် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေး ကော်မတီ (CRDB) မှ ဦးသွင်နှင့် ဦးတင်မောင်ဝင်းတို့ဖြစ်သည်။
ယနေ့တွင်မူ DAB သည် ဆက်လက်တည်ရှိမနေတော့ဘဲ အထက်ဖေါ်ပြပါ အုပ်စုခေါင်းဆောင်များလည်း ကွယ်လွန်ကြပြီးဖြစ်သည်။
ဗိုလ်ချုပ်ကြီးစောမောင်သည် ၁၉၉၀ ခုနှစ်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကျင်းပပေးရန် ကတိကို တည်ခဲ့သော်လည်း နောက်ထပ်ကတိတခုဖြစ်သော မြန်မာစစ်တပ်သည် စစ်တန်းလျားပြန်ပြီး ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာလွဲပေးရန် ကတိကိုမူ မတည်ခဲ့ပေ။
ဗိုလ်ချုပ်ကြီးစောမောင်သည် ၁၉၉၀ ခုနှစ်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲကျင်းပပေးရန် ကတိကို တည်ခဲ့သော်လည်း နောက်ထပ်ကတိတခုဖြစ်သော မြန်မာစစ်တပ်သည် စစ်တန်းလျားပြန်ပြီး ရွေးကောက်ပွဲ အနိုင်ရသူကို အာဏာလွဲပေးရန် ကတိကိုမူ မတည်ခဲ့ပေ။
ဗိုလ်ချုပ်ကြီး စောမောင်သည် စိတ်ပိုင်းဝေဒနာများ ခံစားရသည်ဟု သတင်းများထွက်လာပြီးနောက် ၁၉၉၂ ခုနှစ်တွင် သူ့ကို ရာထူးမှ နုတ်ထွက်ခွင့်ပြုခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် သူ ကွယ်လွန်ခဲ့သည်။
မြန်မာပြည်မှ အာဏာရှင်ကြီးအဖြစ် တခါကကျော်ကြားလှသော ဗိုလ်ချုပ်ကြီးနေဝင်းသည် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလအထိ သက်ဆိုးရှည်ခဲ့သည်။
SLORC စစ်အာဏာသိမ်းကောင်စီဝင် ဗိုလ်ချုပ်များအားလုံးမှာလည်း အငြိမ်းစားဘဝတွင် နေသူနေ၊ မဟုတ်လျှင် သေဆုံးကြပြီးဖြစ်သည်။ ဗိုလ်ချုပ်ကြီး စောမောင်ကို ဆက်ခံသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် သူ၏လက်ထောက်များဖြစ်သော ဗိုလ်ချုပ်ကြီးမောင်အေးနှင့် ဗိုလ်ချုပ်ကြီးခင်ညွန့်တို့အားလုံး အငြိမ်းစားယူပြီးဖြစ်သည်။
လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အပြတ်အသတ်အနိုင်ရသော်လည်း ထိုရွေးကောက်ပွဲရလဒ်များအား လေးစားလိုက်နာခံရခြင်း မရှိသည့်အပြင် ၎င်း၏ အဖွဲ့ဝင်အများအပြားကို ထောင်နှင့် ညှင်းပမ်းနှိပ်စက်ရေး အခန်းများတွင် ထည့်သွင်းပြီး နှစ်ရှည် အကျဉ်းချခံရခြင်းကိုလည်း ကြုံတွေ့ခဲ့ကြရသည်။
မြန်မာနိုင်ငံသည် အပယ်ခံခံနိုင်ငံဖြစ်လာပြီး နိုင်ငံတကာအသိုင်းအဝန်း၏ အကြိမ်ကြိမ် ပြစ်တင်ရှုတ်ချခံရကာ အနောက်တိုင်းက အရေးယူပိတ်ဆို့မှုများကို အကြီးအကျယ်ခံရသည်။ စစ်အစိုးရသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဖိနှိပ်မှုများအတွက် အနောက်တိုင်း အစိုးရများနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ဖိအားတွင် ပိတ်မိနေခဲ့သည်။ (ရခိုင်ပြည်နယ် အကျပ်အတည်းကြောင့် ယခု ထပ်မံကြုံတွေ့နေရသည့် အခြေအနေဖြင့် တနည်းအားဖြင့် တူသည်။)
ထိုကာလအတွင်း စစ်ခေါင်းဆောင်များသည် ထင်တလုံးဖြင့် အောက်ခြေလွတ်နေခဲ့ပြီး ကမ္ဘာ့အသိုင်းအဝိုင်း၏ ပစ်ပယ်ခံရကာ ပြည်တွင်းကိုသာ ကွက်ကြည့်ကာ နိုင်ငံတကာစံနှုန်းများနှင့် တန်ဖိုးများကို လုံး၀ နားမလည်ကြပေ။ ၎င်းတို့သည် နိုင်ငံတကာ အသိုင်းအဝန်းကို ရှောင်ကြပြီး မြန်မာနိုင်ငံသည် လူ့အခွင့်အရေးနှင့် စီးပွားရေးတိုးတက်မှုနယ်ပယ်များအပါအဝင် နယ်ပယ်အများအပြားတွင် ပြည်ပသြဇာသက်ရောက်မှုမှ အကြီးအကျယ် ကင်းလွတ်နေခဲ့သည်။
ယနေ့တွင်မူ မြန်မာနိုင်ငံသည် ၂၀၁၁-၁၂ ခုနှစ် တံခါးဖွင့်ချိန်မှ စတင်ခဲ့သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတခုကို ဖြတ်သန်းနေသည်။
ယနေ့တွင်မူ မြန်မာနိုင်ငံသည် ၂၀၁၁-၁၂ ခုနှစ် တံခါးဖွင့်ချိန်မှ စတင်ခဲ့သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတခုကို ဖြတ်သန်းနေသည်။
အနောက်နိုင်ငံများသည် အရေးယူပိတ်ဆို့မှုများကို ရုတ်သိမ်းကြပြီး မြန်မာနိုင်ငံကို ကြိုဆိုခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ်တွင် လွတ်လပ်မျှတသည့် ရွေးကောက်ပွဲတခုကို ကျင်းပခဲ့ပြီး လက်ရှိ အာဏာရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ၂၀၁၆ ခုနှစ်တွင် အာဏာရစေခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံသည် နိုဝင်ဘာလတွင် နောက်ထပ် အထွေထွေရွေးကောက်ပွဲ တခုကို ကျင်းပရန် ပြင်ဆင်နေသည်။
တပ်မတော်သည် လွှတ်တော်နေရာ အားလုံး၏ ၂၅ ရာခိုင်နှုန်းကို ထိန်းသိမ်းထားပြီး နိုင်ငံရေးတွင် အခန်းကဏ္ဍတခုမှ ဆက်လက်ပါဝင်နေသည်။ ၎င်းတို့သည် စံနှုန်းမီ တပ်မတော်တခုကို တည်ဆောက်နေသည်ဟု လက်ရှိ ထိပ်တန်းစစ်ဗိုလ်ချုပ်များက ဆက်လက်ပြောကြားနေကြသော်လည်း မြန်မာနိုင်ငံသည် နိုင်ငံအတွက် လိုအပ်သည့် ခေတ်မီ ပရောဖက်ရှင်နယ် စစ်တပ်ကို လိုအပ်နေဆဲဖြစ်သည်။
ကမ္ဘာတွင် လူမျိုးကွဲပြားမှုအများဆုံး နိုင်ငံများအနက်တခုဖြစ်သော မြန်မာနိုင်ငံတွင် တိုင်းရင်းသားများက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်နေသောကြောင့် လက်နက်ကိုင်ပဋိပက္ခများ၏ ဒုက္ခပေးခံရနေသော နိုင်ငံဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ပြည်ပအင်အားကြီးနိုင်ငံများ၏ ကျောထောက်နောက်ခံယူထားသော အင်အားကြီး အဖွဲ့များလည်း ပေါ်လာသည်။
နိုင်ငံတောင်ပိုင်းတွင် ကရင်ခုခံရေးလှုပ်ရှားမှုသည် ၁၉၉၀ နှစ်များအတွင်း အထွဋ်အထိပ်သို့ရောက်ပြီးနောက် ယခုအခါ ပြန်လည်ကျဆင်းလာသော်လည်း စစ်ဘုရင်သစ်များနှင့် လက်နက်ကိုင်တိုင်းရင်းသားခေါင်းဆောင်သစ်များသည် တရုတ်နယ်စပ်နိုင်ငံမြောက်ပိုင်းတွင် ပေါ်လာကြပြန်သည်။
တချိန်တည်းတွင် တရားမဝင်ကုန်သွယ်မှုအားလုံးအပါအဝင် တရားဝင်နှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝန်ရန် တပ်မတော်နှင့် မဟာမိတ်ဖွဲ့ထားသည့် နယ်ခြားစောင့်တပ်များနှင့် ရာပေါင်းများစွာသော ပြည်သူ့စစ်များလည်း ရှိနေသည်။
တချိန်တည်းတွင် တရားမဝင်ကုန်သွယ်မှုအားလုံးအပါအဝင် တရားဝင်နှင့် တရားမဝင် စီးပွားရေးလုပ်ငန်းများတွင် ပါဝန်ရန် တပ်မတော်နှင့် မဟာမိတ်ဖွဲ့ထားသည့် နယ်ခြားစောင့်တပ်များနှင့် ရာပေါင်းများစွာသော ပြည်သူ့စစ်များလည်း ရှိနေသည်။
ထို့အပြင် နိုင်ငံသည် ရိုဟင်ဂျာခေါ် ရခိုင်ပြည်မြောက်ပိုင်းနေ မွတ်ဆလင်များကို ထောက်ခံသည့် ငွေကြေးတောင့်တင်းသည့်အဖွဲ့အစည်းများက ကျောထောက်နောက်ခံပေးထားသော ကောင်းစွာစနစ်တကျဖွဲ့စည်းထားသည် အကြမ်းဖက်ပုန်ကန်မှုနှင့်လည်း ရင်ဆိုင်နေရသည်။ ထိုလှုပ်ရှားမှုသည် ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက် လက်နက်ကိုုင်ပုန်ကုန်မှုကို ပြုလုပ်နေခဲ့သည်။
ရိုဟင်ဂျာအကျပ်အတည်းသည် နိုင်ငံတကာ အသိုင်းအဝန်း၏ အာရုံစိုက်မှုကို ခံရပြီး တပ်မတော်သည် လူမျိုးစု သုတ်သင်ခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုကို ကျူးလွန်နေသည်ဟု စွပ်စွဲခံနေရသည်။
အစ္စလမ်မစ်ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (OIC) ၏ထောက်ခံမှုဖြင့် ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာ ပြဿနာနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံကို နိုင်ငံတကာတရားရုံး (ICJ) တွင် ၂၀၁၉ ခုနှစ်နှောင်းပိုင်းက တရားစွဲဆိုသည်။ နိုင်ငံတကာနယ်ပယ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် တခါက ငြိမ်းချမ်းရေး သူရဲကောင်းဖြစ်ခဲ့သော်လည်း ယခုအခါ ဝိုင်းကြဉ်ခံနေရသည်။ ထိုသို့ သိက္ခာကျဆင်းလာသော်လည်း သူမသည် နိုင်ငံအတွင်းတွင်မူ နက်ရှိုင်းစွာ လူထုထောက်ခံမှု ရနေဆဲဖြစ်သည်။
ယနေ့မြန်မာနိုင်ငံသည် လမ်းဆုံလမ်းခွတွင်ရောက်နေပြီး ၁၉၈၈ သို့ပြန်လှည့်သွားမည်မဟုတ်ပေ။
သို့သော် ပထဝီနိုင်ငံရေး ပကတိတရားများမှ ပြောရပါက အနောက်နိုင်ငံများသည် မြန်မာနိုင်ငံနှင့်ပတ်သက်သော အကျပ်အတည်းကို ထပ်မံရင်ဆိုင်နေရခြင်းပင်ဖြစ်သည်။ ဆက်လက်ပြစ်တင်ရှုတ်ချခြင်းနှင့် ပိတ်ဆို့အရေးယူခြင်း သို့မဟုတ် မည်သည့် ပြစ်ဒဏ်ခတ်သည့် အစီအမံမဆို မြန်မာနိုင်ငံကို အနောက်နိုင်ငံများနှင့် ပိုမိုကင်းကွာစေပြီး တရုတ်နိုင်ငံ၏ ပတ်လမ်းအတွင်းသို့ ပိုမိုနက်ရှိုင်းစွာ တွန်းပို့သည့် အန္တရာယ်ရှိနေသည်။
တရုတ်နိုင်ငံသာမက အခြားအာရှနိုင်ငံများနှင့် အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံများ၊ အနောက်တိုင်းမှ လက်တွေ့ကျသော လက်တဆုပ်စာ နိုင်ငံများနှင့်အတူ ရေရှည်မြင်သောကြောင့်ဖြစ်စေ၊ မြန်မာနိုင်ငံရေး အကျပ်အတည်းကို နားလည်သောကြောင့်ဖြစ်စေ၊ လက်တွေ့နိုင်ငံရေးနည်းလမ်းကို ကျင့်သုံးကာ မြန်မာနိုင်ငံကို ဆက်လက်ထိတွေ့ဆက်ဆံနေကြသည်။ ထို့ကြောင့်ပင် ၎င်းတို့သည် မြန်မာနိုင်ငံ၏ ထိခိုက်လွယ်သော နိုင်ငံရေးလုပ်ငန်းစဉ်တွင် သြဇာလွှမ်းမိုးမှု တစုံတရာရရှိကြသည်။
ယနေ့မြန်မာနိုင်ငံသည် လမ်းဆုံလမ်းခွတွင်ရောက်နေပြီး ၁၉၈၈ သို့ပြန်လှည့်သွားမည်မဟုတ်ပေ။
လက်ရှိအနေအထားသို့ရောက်ရန် ရှည်လျားစွာ တိုက်ပွဲဝင်ခဲ့ရပြီး ရှေ့ဆက်ရမည့်လမ်းသည်လည်း မချောမွေ့သောလမ်းသာဖြစ်သည်။
ရန်ကုန်မြို့နှင့် တနိုင်ငံလုံးမှ လမ်းမများပေါ်တွင် ချီတက်ရင်း အသက်ကို စတေးခဲ့သော သူရဲကောင်းများသည် မိမိတို့၏ အလေးအမြတ်ပြုထိုက်သူ၊ ထာဝရကျေးဇူးတရားထက် မနိမ့်ကျသော အရာများနှင့် ထိုက်တန်သူများသာဖြစ်ပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Sacrifices of September 1988 Not Forgotten as Myanmar’s Long March to Democracy Continues ကို ဘာသာပြန်ဆိုထားသည်။)
You may also like these stories:
ကိုဗစ်လှိုင်းကြားက ရွေးကောက်ပွဲ လုံခြုံစိတ်ချရမလား
တရုတ်အရေးကျွမ်းကျင်သူ အလိုရှိသည်
စစ်တပ်အာဏာသိမ်းတာ နှစ် ၃၂ ပြည့်ပြီ