၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်မှ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်းတော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး မြို့နယ်တို့အား မြို့နယ်တခုလုံးအနေဖြင့်၎င်း၊ ကျောက်ဖြူ၊ အမ်း၊ စစ်တွေ၊ တောင်ကုတ်မြို့နယ်တို့ မဲဆန္ဒနယ်တချို့အား၎င်း ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၁၆ ရက် ညပိုင်းတွင် ကြေညာလိုက်ခြင်းက စစ်ဖြစ်နေသော ရခိုင်ပြည်နယ်အတွက် ထပ်မံ၍ စိုးရိမ်ပူပန်စရာ တသီတတန်းကို မွေးထုတ်ပေးသည်။
မည်သည့်အတွက် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အသေးစိတ် တင်ပြထုတ်ပြန်ခြင်း မရှိသော်လည်း ဖြစ်တန်ရာ အရှိဆုံးမှာ လက်နက်ကိုင် ပဋိပက္ခများ ဖြစ်ပွားနေသောကြောင့် ရွေးကောက်ပွဲဝန်ထမ်းများအပါအဝင် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်သူများ၊ မဲဆန္ဒရှင်များ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကို စိုးရိမ်သောကြောင့်ဟု ယူဆကောင်း ယူဆနိုင်သည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းက လုံခြုံရေးအရ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေ ရှိ မရှိသည့် ဆိုသည့် ဒေသများနှင့်ပတ်သက်ပြီး ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ၏ သဘောထားကို တောင်းခံပြီး ကြေညာပေးမည် ဖြစ်ကြောင်း ယခုလအတွင်းက သတင်းမီဒီယာများသို့ ထုတ် ဖော်ပြောကြားထားသည်။
ယခု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်က ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) ပါတီမှ တောင်ကုတ်မြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမင်းအောင်နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောတို့အား လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရအပြီး နောက်ဆက်တွဲ ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
ထိုသို့ လုံခြုံရေး အခြေအနေကြောင့်ဆိုလျှင် တိုက်ပွဲဖြစ်ပွားမှု အများဆုံး ပလက်ဝမြို့နယ်ကိုမူ စာရင်းမှ အဘယ်ကြောင့် ပလပ်ချန်ထားခဲ့သနည်း။ ယခု ရွေးကောက်ပွဲ မကျင်းပမည့် မြို့နယ်များသည် အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အားမကောင်းဘဲ ဒေသခံ ရခိုင်အမျိုးသားပါတီ အားကောင်းသော နယ်မြေများ ဖြစ်သောကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အဆုံးအဖြတ်သည် နိုင်ငံရေးအဂတိ ကင်း မကင်း မေးခွန်းထုတ်စရာဖြစ်ရသည်။
ထိုမေးခွန်းများကို ဖြေရှင်းရန် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်တွင် တာဝန်ရှိသည်။ အကြောင်းပြချက် တစုံတရာ မရှင်းလင်းပါက သံသယ ဖုံးလွှမ်းနေသည့် ရွေးကောက်ပွဲ၏ တရားဝင်မှုမှာလည်း မေးခွန်းထုတ်စရာ အခြေအနေရောက်သွားမည်။
ရွေးကောက်ပွဲသည် ပြည်သူလူထု၏ နိုင်ငံရေးတွင် ပါဝင်ခွင့်ကို ပေးခြင်းဟု ဆိုလျှင် ယခုကဲ့သို့ ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းက ထိုနယ်မြေများရှိ ပြည်သူလူထု၏ မဲပေးပိုင်ခွင့် ဆုံးရှုံးသွားခြင်းဖြစ်သလို မဲဆန္ဒရှင်များ၏ နိုင်ငံရေးအရ ကိုယ်စားပြု ပါဝင်နိုင်ခွင့်ကလည်း ပျက်ဆီးသွားခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အဆင်းရဲဆုံး ပြည်နယ်တခု ဖြစ်သည့် ရခိုင်ပြည်နယ်နှင့် ပြည်နယ်သားများအတွက် စစ်ပွဲက ဒုက္ခမျိုးစုံကို သယ်ဆောင်ယူလာပြီး ဖြစ်သည်။ ၂၀၁၈ ခုနှစ်မှ စ၍ နှစ်စဉ် နှစ်ဘက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေခဲ့ပြီး အခုချိန်အထိ တိုက်ပွဲများအတွင်း နှစ်ဘက် လက်နက်ကိုင်များ အကျအဆုံး ပိုများလာသလို အရပ်သား ထိခိုက်မှု၊ အဖမ်းခံရမှုများနှင့် သေဆုံးမှုများလည်း ရှိနေခဲ့ပြီး ဖြစ်သည်။
သက်ဆိုင်ရာ ဘက် ၂ ဘက်လုံးမှ တာဝန်ရှိသူများအနေဖြင့် ၁၉၄၉ ခုနှစ် ဂျနီဗာသဘောတူစာချုပ်ပါ တိုက်ပွဲများကြား အရပ်သားများ၏ အသက်စည်းစိမ် လုံခြုံရေးကို မထိပါးရန် အာမခံသင့်သည်။ သို့သော် စစ်ပွဲကို ရပ်ဆိုင်းရမည့်အစား လူမျိုးရေး အခြေခံသော အမုန်းတရားများသာ ပိုမို နက်ရှိုင်းလာခဲ့သည်။
ယခုလို ရွေးကောက်ပွဲ မကျင်းပနိုင်ဘဲ ကိုယ်စားပြုပါဝင်နိုင်သော ဒီမိုကရေစီနည်းကျ နိုင်ငံရေးလမ်းကြောင်း ပျောက်ဆုံးသွားမည့်အရေးက ကောင်းမွန်မှန်ကန်သော အဖြေတရပ် မဟုတ်ပါ။ သွေးထွက်သံယိုမှု ပိုများမည့် အကြမ်းဖက်လမ်းစဉ်ကသာ ထွက်ပေါက်အဖြစ် ကျန်ရစ်ပြီး စစ်မီး ပိုမိုတောက်လောင်မည့်လမ်းသို့ တွန်းပို့ရာရောက်မည်ကို စိုးရိမ်ရသည်။
ရွေးကောက်ပွဲ ဆိုသည်မှာ လူထုအများစု၏ ဆန္ဒမဲဖြင့် ပြည်သူ့ ကိုယ်စားလှယ်နှင့် အုပ်ချုပ်သူများကို ရွေးချယ်ခြင်းဖြစ်ပြီး ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးရေး အတွက် မရှိမဖြစ် လိုအပ်ချက် တခုပင် ဖြစ်သည်။
ရွေးကောက်ပွဲ မကျင်းပနိုင်ခြင်းသည် ယာယီသာ ဖြစ်သင့်သည်။ ယင်းသို့ မဟုတ်ဘဲ ရွေးကောက်ပွဲ အမြဲမရှိတော့ဟု ဆိုလျှင် ရခိုင်ပြည်နယ်ရှိ အရပ်ဖက် လူမှုအသိုင်းအဝိုင်းမှာ စစ်ပွဲ၏ အဆိုးသံသရာတွင် ထွက်ပေါက်မရှိ ပိတ်မိနေတော့မည်။ ဒီမိုကရေစီနှင့် အလှမ်းကွာဝေးသွားနိုင်သည်။
ထိုသို့ အန္တရာယ်များသောကြောင့် ရခိုင်ပြည်မြောက်ပိုင်းတွင် ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပနိုင်ရေး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပြန်လည်စဉ်းစားသင့်ပေကြောင်း တိုက်တွန်းရေးသားအပ်ပေသည်။
You may also like these stories:
ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရခိုင့်နိုင်ငံရေး
ရွေးကောက်ပွဲ မကျင်းပမည့် မဲဆန္ဒနယ် ၂၀၁၅ ထက် ပိုများလာ
လူလုပ်ဘေးအန္တရာယ်တွေကို ရပ်တန့်ပစ်ဖို့ ရွေးကောက်ပွဲက အခွင့်အရေး
လူထုမဲပေးခွင့်ကို ခြိမ်းခြောက်နေသော လက်နက်ကိုင် အဖွဲ့များ