လွန်ခဲ့သောနှစ်က အိန္ဒိယနိုင်ငံမှ မြန်မာဝယ်ယူခဲ့သော တပတ်ရစ် ရေငုတ်သင်္ဘောကို ယခုအခါ အသုံးပြုနေပြီဖြစ်သည်။ ၎င်း၏ အမည်မှာမူ အိန္ဒိယလည်းမဆန် တရုတ်လည်းမဆန်သော ရှေး မြန်မာစစ်သူကြီးတယောက်၏ အမည် မင်းရဲသင်္ခသူ ဟူ၏။
ထိုရေငုတ်သင်္ဘောသည် (မြန်မာနိုင်ငံသားများ လူမှုကွန်ရက်တွင်လှောင်ပြောင်ပြောဆိုသကဲ့သို့ နစ်မြုပ်ခြင်း မရှိဘဲ) နိုဝင်ဘာလတွင် မြန်မာ့တပ်မတော် (ရေ) က ပြုလုပ်သည့် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။ တပ်မတော် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရေတပ်အရာရှိများကို အလေးပြုခဲ့သည်။
ဆိုဗီယက်က ထုတ်လုပ်သည့် ကီလိုအတန်းအစား ထိုရေငုတ်သင်္ဘောကို အိန္ဒိယ အစိုးရပိုင် စစ်သင်္ဘောတည်ဆောက်ရေး ဟိန္ဒူစတန်သင်္ဘောကျင်းက ပြန်လည်မွမ်းမံခဲ့သည်။ ရေအောက်မီတာ ၃၀၀ တွင် လှုပ်ရှားနိုင်ပြီး အမြန်နှုန်းရေမိုင် ၁၈ မိုင်ရှိသော ထိုရေငုတ်သင်္ဘောသည် မြန်မာနိုင်ငံအတွက် ပထမဆုံးရေငုတ်သင်္ဘောဖြစ်သည်။ ထိုရေငုတ်သင်္ဘောသည် တပတ်ရစ်သာဖြစ်သော်လည်း မြန်မာစစ်ဖက်ထိပ်တန်းပုဂ္ဂိုလ်များသည် ထိုကစားစရာသစ်အတွက် ဂုဏ်ယူနေကြသည်။
သို့သော် မြန်မာ၏အိမ်နီးချင်း တရုတ်နိုင်ငံမှာမူ သိပ်စိတ်မချမ်မြေ့လှပေ။ ထိုကိစ္စနှင့်ပတ်သက်ပြီး ဘေ့ဂျင်းတွင် တရုတ်အစိုးရအာဘော် ဂလိုဘယ်တိုင်းမ်သတင်းစာက မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံလုံးကို ထိုးနှက်လိုက်သည်။ “အိန္ဒိယ-မြန်မာ ရေငုတ်သင်္ဘောကိစ္စတွင် တရုတ်သြဇာကို အလွန်အကျွံဇောင်းပေးခြင်းသည် ရန်စရန် ကြိုးပမ်းမှုဖြစ်ဟု ကျွမ်းကျင်သူများပြော ” အမည်ရှိ မကြာသေးမီက ဆောင်းပါးတပုဒ်တွင် “ အနားပေးထားသည့် ခေတ်မမီတော့သော ရေငုတ်သင်္ဘောကို အိန္ဒိယက ဖယ်ရှားလိုပြီး မြန်မာကလည်း ၎င်းတို့တပ်ဖွဲ့များကို လေ့ကျင့်ပေးရန် ရေငုတ်သင်္ဘောတစင်း လိုအပ်နေသည်။ အဟမ်း” ဟုရေးသားသည်။

“နှစ်ဖက်လုံးသည် ၎င်းတို့ လိုသည်ကို ယူသောကြောင့် ထိုကိစ္စမှာ ထိုမျှ ရိုးရှင်းလှသည်” ဟု ဘေ့ဂျင်းအခြေစိုက် စစ်ရေးကျွမ်းကျင်သူ လီကျဲက ဂလိုဘယ်တိုင်းမ်သို့ ပြောကြားပြီး ထိုကိစ္စနောက်ကွယ်တွင် တရုတ်နိုင်ငံကို အလွန်အကျွံ ဇောင်းပေးခြင်းသည် မှားယွင်းသော ဖွင့်ဆိုမှုဖြစ်သည်ဟု ပြောကြောင်း ထိုဆောင်းပါးတွင် ဆက်လက်ဖေါ်ပြသည်။
ပြန်လည်ပြုပြင်ပြီးနောက် အနည်းဆုံး ၂၀၃၀ ခုနှစ်အထိ မြန်မာ့တပ်မတော်အတွက် အသုံးဝင်မည်ဟု အိန္ဒိယက အာမခံထားသော ထိုရငုတ်သင်္ဘော၏ လုပ်ဆောင်နိုင်စွမ်းအပေါ် တရုတ်သုတေသီများ၏ သံသယကိုလည်း ထိုဆောင်းပါးက ကိုးကားဖေါ်ပြသည်။
ထိုရေငုတ်သင်္ဘောသည် အိန္ဒိယ တပ်မတော်တွင် နှစ်ပေါင်း ၃၀ ကျော် အသုံးပြုပြီးဖြစ်ကာ သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး ပြန်လည်မွမ်းမံခြင်းကြောင့် ၎င်း၏စနစ်နှင့် ကိရိယာများ အဆင့်မြင့်လာမည်မဟုတ်ကြောင်း အိန္ဒိယနှင့်မြန်မာကို လှောင်ပြောင်ပြီး ဂလိုဘယ်တိုင်းမ်က ရေးသားသည်။
မြန်မာနိုင်ငံသည် ရေငုတ်သင်္ဘောဝယ်ယူရန်ဖြစ်နိုင်ခြေကို ၂၀၀၅ ခုနှစ်ကလေ့လာပြီး ၂၀၀၇ ခုနှစ်ရောက်သောအခါ ရေတပ်အရာရှိများကို အိန္ဒိယသို့ စေလွှတ်ကာ သင်တန်းတက်စေသည်။
ယခုလ အစောပိုင်းက ဧရာဝတီသတင်းဌာနနှင့် သီးခြားပြုလုပ်သော တွေ့ဆုံမေမြန်းခန်းတွင် တပ်မတော်ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရာနှင့်ချီသော တပ်ဖွဲ့ဝင်များသည် ထိုသင်တန်းများ တက်ရောက်နေကြောင်းပြောသည်။
ကုန်ကျစရိတ်သည် အရေးပါသော ပြဿနာတခု အမြဲတစေဖြစ်နေသည်။ မှားယွင်းဝယ်ယူမှု မဖြစ်စေရန်အတွက် မြန်မာဗိုလ်ချုပ်များသည် နိုင်ငံအမျိုးမျိုးမှ ကမ်းလှမ်းသော ရေငုတ်သင်္ဘောများကို အသေးစိတ် လေ့လာကြသည်။
၂၀၀၀ ပြည်နှစ်များနှောင်းပိုင်းသို့ ရောက်သောအခါ မြန်မာနိုင်ငံသည် စစ်အစိုးရနှင့် ရင်းနှီးသော နိုင်ငံလေးခုဖြစ်သည့် ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် မြောက်ကိုရီးယား တို့ကို ပဏာမရွေးချယ်လိုက်ပြီး ဈေးသက်သာသော သို့မဟုတ် ဂလိုဘယ်တိုင်းမ်၏ အဆိုအရ အငြိမ်းစားပေးထားပြီး ခေတ်မမီတော့သည့် ရေငုတ်သင်္ဘောဝယ်ယူရေး ဖြစ်နိုင်ခြေများကို လေ့လာရန် ကိုယ်စားလှယ်အဖွဲ့များကို စေလွှတ်သည်။
ဂရုတစိုက် စဉ်းစားသုံးသပ်ပြီးနောက် မြောက်ကိုရီးယားကို ပယ်ပြီး အိန္ဒိယကို ရွေးချယ်လိုက်သည်။ မည်သည့်အတွက်နည်း။ ပြုံယမ်းနှင့်ဆက်ဆံခြင်းကြောင့် နိုင်ငံရေးအန္တရာယ်ရှိသည်ဟု ဗိုလ်ချုပ်များက ယခုတကြိမ်တွင် အမြော်အမြင်ရှိရှိ ဆုံးဖြတ်လိုက်ကြသည်။ အမေရိကန်နိုင်ငံသည် ထိုသို့သော အခြေအနေတွင် နုတ်ဆိတ်နေမည်မဟုတ်ဘဲ ဗိုလ်ချုပ်များကို ဝေဖန်လိမ့်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ယခင်က မြောက်ကိုရီးယားထံမှ ဒုံးကျည်များနှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူခဲ့ပြီး အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့များပင် စေလွှတ်ခဲ့သည်မှာ လူတိုင်းသိသော လျှို့ဝှက်ချက်ဖြစ်သည်။ မြန်မာနိုင်ငံတံခါးဖွင့်ပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမားနှင့် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်အပါအဝင် ပြည်ပခေါင်းဆောင်များကို ကော်ဇောနီဖြင့်မကြိုဆိုမီ ၂၀၀၉ ခုနှစ်တွင် မြောက်ကိုရီးယား သင်္ဘော ကန်နမ်ကို အမေရိကန်က နောက်ယောင်ခံလိုက်ကြောင်း နှင့် ထိုသင်္ဘောသည် မြန်မာနိုင်ငံသို့ ဦးတည်သွားရောက်နေခြင်း ဖြစ်နိုင်ကြောင်း အနောက်တိုင်းမီဒီယာများက ဖေါ်ပြခဲ့သည်။ ထိုကုန်လွန်ခဲ့သော ကာလများက လက်နက်နှင့် စစ်ပစ္စည်း ကိရိယာများတင်ဆောင်လာသော မြောက်ကိုရီးယား သင်္ဘောများကို ရန်ကုန်ဆိပ်ကမ်းတွင် တွေ့နိုင်သည်။
မိတ်ဆွေဟောင်း ပြုံယမ်း၏ ထိုစဉ်က စစ်အစိုးရကို ကမ်းလှမ်းမှုသည် လွန်စွာကောင်းမွန်လိုလားအပ်သော ကမ်းလှမ်းမှုဖြစ်ကြောင်း နေပြည်တော်မှ အမည်မဖေါ်လိုသော စစ်သတင်းရင်းမြစ်တခုက ဆိုသည်။ မြောက်ကိုရီးယား၏ ကမ်းလှမ်းမှုသည် လက်ဆောင်ပေးသည့် ပုံစံမျိုးဖြစ်နေကြောင်းလည်း ထိုသတင်းရင်းမြစ်က ဆိုသည်။
ရေငုတ်သင်္ဘောကို မြောက်ကိုရီးယား သင်္ဘောကျင်းမှ အပြင်သို့ပင် ထုတ်ရမည် မဟုတ်ကြောင်း သဘောပေါက်ပြီး အမြော်အမြင်ရှိစွာဖြင့် မြန်မာဗ်ိုလ်ချုပ်များသည် မြောက်ကိုရီးယား၏ ကမ်းလှမ်းမှုကို ပယ်ချလိုက်သည်။ (ပွဲစားများနှင့်ပတ်သက်လာလျှင်လည်း သင်သည် မည်သူနှင့် ဆက်ဆံနေသည် မသိနိုင်ပေ။)
“အမေရိကန်” ဟု အလယ်အလတ်တန်း အရာရှိတဦးက ရှင်းပြသည့် ပုံစံဖြင့် ရေရွတ်သည်။
အခွင့်အလမ်းကို မြင်သောကြောင့် အိန္ဒိက ကြားဝင်လာပြီး ၎င်းတို့၏ ခေတ်မမီတော့သော ရေငုတ်သင်္ဘောကို ရောင်းကာ မြန်မာရေတပ်အရာရှိများကို အိန္ဒိယ သမုဒ္ဒရာတွင် ရက်ရောစွာလေ့ကျင့်ပေးသည်။
မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံဖက်သို့ တိမ်းညွှတ်နေသည်ကို သိသောကြောင့် တရုတ်နိုင်ငံကလည်း နေပြည်တော်သို့ ဖုန်းဆက်ကာ ၎င်းတို့၏ ရေငုတ်သင်္ဘောကို စဉ်းစားရန် ဗိုလ်ချုပ်များကို ပြောသည်။ မြန်မာကိုယ်စားလှယ်အဖွဲ့တခု တရုတ်နိုင်ငံသို့ သွားရောက်သော်လည်း ဝယ်ယူသော မည်သည့် ရေငုတ်သင်္ဘောကိုမဆို ပြုပြင်သောအခါ တရုတ်မှ ပညာရှင်များကို စေလွှတ်ရန် တရုတ်နိုင်ငံက စီစဉ်ထားကြောင်း သိရပြီး ဗိုလ်ချုပ်များ အကျပ်ရိုက်သွားသည်။ ထို့အပြင် ရေငုတ်သင်္ဘောထားရန် နေရာကိုလည်း တရုတ်က တည်ဆောက်မည်ဖြစ်ပြီး ထိုကိစ္စအတွက် တရုတ်အလုပ်သမားများကို ခေါ်ယူမည်ဖြစ်သည်။

ရေငုတ်သင်္ဘောနှင့် အခြားဆက်စပ်ကုန်ကျစရိတ်များသည် အိန္ဒိယနှင့် ယှဉ်လိုက်ပါက မဖြစ်နိုင်ကြောင်း ထိုကိစ္စကို သိသော စစ်သတင်းရင်းမြစ်များက ဆိုသည်။ သဘောတူညီချက်၏ ပြဋ္ဌာန်းချက်များအရ ဆိုပါက “မြန်မာနိုင်ငံက တရုတ်နိုင်ငံဆီက ရေငုတ်သင်္ဘောကို ငှားသုံးတဲ့ သဘောမျိုးဖြစ်နေတယ်။ ကျနော်တို့က ပိုင်မှာမဟုတ်ဘူး” ဟု ထိုရေငုတ်သင်္ဘောကိစ္စကို သိသော အရာရှိတဦးကပြောသည်။ ထို့အပြင် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို မင် အတန်းအစား ရေငုတ်သင်္ဘောများကိုသာ ရောင်းချလိုသည်။
တချိန်တည်းတွင် ရုရှားနိုင်ငံကလည်း ၎င်းတို့မှ ကီလိုအတန်းအစား ရေငုတ်သင်္ဘောကို တိုက်ရိုက်ဝယ်ယူရန် စည်းရုံးသည်။ သို့သော် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင်အပါအဝင် မြန်မာခေါင်းဆောင်များသည် ၂၀၁၂ ခုနှစ်တွင် အိန္ဒိယသို့ သွားရောက်ပြီး အိန္ဒိယနိုင်ငံ၏ ကမ်းလှမ်းမှုကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ မည်သည့်အတွက်နည်း။ ထိုလေးနိုင်ငံအနက် နယူးဒေလီ၏ ပြဋ္ဌာန်းချက်များသည် ရက်ရောမှုအများဆုံးဖြစ်ပြီး ကိုယ်ပေးနိုင်သော အတိုင်းအတာလည်း ဖြစ်ကြောင်း အဆင့်မြင့်အရာရှိတဦး၏ အဆိုအရ သိရသည်။
အိန္ဒိယက မြန်မာအရာရှိများကို လေ့ကျင့်ပေးရုံသာမက အိန္ဒိယ သမုဒ္ဒရာတွင် သင်တန်းသားများနှင့် ပူးတွဲလေ့ကျင့်ကြပ်မတ်သင်တန်းပေးသည်။ မြန်မာနိုင်ငံသည် အိန္ဒိယ နိုင်ငံထံမှ များစွာလေ့လာနိုင်ပြီး ရေငုတ်သင်္ဘောဝယ်ယူခြင်းနှင့် သင်တန်းအတွေ့အကြုံသည် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးကို ခိုင်မာစေသည့် ပူးတွဲစစ်ဆင်ရေးဖြစ်သည်။
အိန္ဒိယမှ ရေငုတ်သင်္ဘောဝယ်ယူမှုတွင် ယုံကြည်စိတ်ချရမှုသည် အဓိက အခန်းမှ ပါဝင်ကြောင်း အနာဂတ်ရေငုတ်သင်္ဘောများနှင့် ပတ်သက်လျှင်လည်း ထိုအတိုင်းပင် လုပ်သွားမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဧရာဝတီ သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောသည်။
မြန်မာနိုင်ငံသည် နိုင်ငံ၏ရေတပ်သြဇာတောင့်တင်းရေး ရေငုတ်သင်္ဘောတပ်ဖွဲတခု တည်ဆောက်လိုပြီး ပထမဆုံး ရေငုတ်သင်္ဘောကို လေ့ကျင့်ရေးအတွက် အသုံးပြုမည်ဖြစ်သည်။ ရည်မှန်းချက်မှာ ပြည်ပခြိမ်းခြောက်မှုကို တားဆီးရန်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် မဟုတ်ဘဲ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် အင်အားချိန်ညှိရန်ဖြစ်ကြောင်း တပ်မတော်ပြောခွင့်ရသူက ပြောသည်။ ဧရာဝတီနှင့် တွေ့ဆုံမေးမြန်းရာတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကျနော်တို့ ရေငုတ်သင်္ဘောတွေက ဘင်္ဂလားဒေ့ရှ်ထက် ပိုကောင်းတယ်” ဟု ပြောသည်။
လွန်ခဲ့သော နှစ်ပါတ်က မင်းရဲသိင်္ခသူ ရေငုတ်သင်္ဘောသည် ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံးအကြိမ် ဗန္ဓုလ ရေတပ်စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ခဲ့သည်။ စစ်သူကြီး မဟာ ဗန္ဓုလသည် ၁၈၂၁ ခုနှစ်မှ ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲတွင် ကွယ်လွန်ချိန် ၁၈၂၅ ခုနှစ်အထိ မြန်မာဘုရင့်လက်နက်ကိုင်တပ်များ၏ စစ်သေနာပတိဖြစ်သည်။ သူသည် အနောက်ဖက် စစ်မျက်နှာမှ အောင်ပွဲများအတွက် ကျော်ကြားပြီး ထိုစစ်မျက်နှာတွင် သူနှင့်သူ၏ တပ်မှူးများသည် ရခိုင်၊ အိန္ဒိယမှ မဏိပူ၊ အာသံနှင့် ဘင်္ဂလားဒေ့ရှ်မှ ရာမူးတို့ကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ သေနင်္ဂဗျူဟာ သတင်းစကားအရဆိုပါက ထိုစစ်ရေးလေ့ကျင့်မှုသည် ဘင်္ဂလားဒေ့ရှ်ကို ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံကို ရည်ရွယ်ခြင်းမရှိပေ။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နိုင်ငံမှ မင် အတန်းအစားရေငုတ်သင်္ဘောများ ဝယ်ယူထားကာ Type 035B အမျိုးအစား ဒီဇယ်လျှပ်စစ် ရေငုတ်သင်္ဘောများဖြင့် အာရှရေကြောင်းအင်အားကြီးများ စာရင်းတွင် ပါဝင်လာသည်။ ထို့ကြောင့် တရုတ်နှင့် အိန္ဒိယတို့ ဒေသတွင်း အားပြိုင်မှု ပြင်းထန်လာသောအခါ မြန်မာနိုင်ငံ၏ အနေအထားကို စိတ်ဝင်စားလာကြပြီး ရေငုတ်သင်္ဘောဝယ်ယူမှုနှင့် ပင်လယ်ပြင်စစ်ဆင်ရေး စွမ်းရည်တည်ဆောက်ရန် ရည်မှန်းချက်ကို ဒေသတွင်းမှ အစိုးရများက သတိထားမိလာသည်။

သို့သော် တရုတ်နိုင်ငံက စိတ်မချမ်းမမြေ့ဖြစ်ရသည်မှာ ထင်ရှားသည်။
ဂလိုဘယ်တိုင်း သတင်းစာမှ ဆောင်းပါးတွင် တရုတ်သုတေသီများက အိမ်နီးချင်းနိုင်ငံများအနေဖြင့် ထောင်ချောက်အတွင်း မသက်ဆင်းရန် တောင်းဆိုသည်။
“ မြန်မာနိုင်ငံသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ပါရီလေကြောင်းပြပွဲတွင် FC-1 Xiaolong လေယာဉ် ၁၆ စင်းဝယ်ရန် လက်မှတ်ထိုးခဲ့သောကြောင့် တရုတ်နှင့် ပါကစ္စတန်တို့ ပူးတွဲထုတ်လုပ်သည့် FC-1 Xiaolong အပေါ့စား ဘက်စုံသုံး တိုက်လေယာဉ်များကို ပထမဆုံး ရရှိသည့် နိုင်ငံဖြစ်သည်” ဟု ဂလိုဘယ်တိုင်းမ်က ဆိုသည်။
ထိုလေယာဉ်များအနက် ၆ စင်းကို ၂၀၁၈ ခုနှစ်တွင် ပေးပို့ပြီးဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် သံချပ်ကာကားများ၊ ဒုံးကျည်များနှင့် ရိုင်ဖယ်များကဲ့သို့သော အခြားတရုတ်လုပ် လက်နက်အများအပြားရှိကြောင်းလည်း ထိုသတင်းစာက ဆိုသည်။
FC-1 Xiaolongs များဝယ်ယူမှုနှင့်ပတ်သက်ပြီး အိန္ဒိယက စိုးရိမ်မှုရှိပြီး မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံအပေါ် မှီခိုရခြင်းမှ ရှောင်ရှားစေလိုသည်။ ထို့အပြင် နယူးဒေလီက မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယ၏ အဓိကရန်သူ ပါကစ္စတန်မှ လက်နက်များဝယ်သည်ကိုလည်း မမြင်လိုပေ။
သို့သော် ဗိုလ်ချုပ်များသည် တရုတ်နိုင်ငံ၏ အိပ်ကပ်အတွင်း မြန်မာနိုင်ငံ ရှိမနေကြောင်း အိန္ဒိယ နှင့် ကျန် နိုင်ငံတကာ အသိုင်းအဝန်းကို ပြသလိုက်ပြီး ဒေသတွင်း အင်အားကြီးနိုင်ငံများအကြား မြန်မာနိုင်ငံ၏ သိမ်မွေ့သော ချိန်ညှိမှုကို မြင်ရသည်မှာ သဘောကျစရာကောင်းသည်။
“ရေငုတ်သင်္ဘောသည် သက်တမ်းရှည်နေပြီဖြစ်သောကြောင့် တရုတ်နိုင်ငံအတွက် ခြိမ်းခြောက်မှု ဖြစ်ပုံ မရသော်လည်း စီးပွားရေးနှင့် လက်နက်ရောင်းချမှုအပါအဝင် နယ်ပယ်အသီးသီးတွင် တရုတ်နှင့်ရင်းနှီးသော အရှေ့တောင်အာရှ န်ိုင်ငံများနှင့် ဆက်ဆံရေး မြှင့်တင်ကာ တရုတ်နှင့်ဆက်ဆံရေး ကသိကအောက်ဖြစ်စေရန် အိန္ဒိယက ရည်ရွယ်ခြင်း ဖြစ်နိုင်သည်ကို ထည့်မတွက်လျှင် မဖြစ်နိုင်”ဟု ဂလိုဘယ်တိုင်မ်းက စစ်ရေးကျွမ်းကျင်သူ လီ ကို ကိုးကားဖေါ်ပြသည်။
တပ်မတော်ခေါင်းဆောင်များသည် အိန္ဒိယကို ကျေးဇူတင်ကြပြီး (ရေငုတ်သင်္ဘော နစ်မြုပ်မသွားသောကြောင့်ဟုလည်း ယူဆနိုင်သည်) မြန်မာသည် အရှေ့တောင်အာရှတွင် အင်ဒိုနီးရှား၊ စင်္ကာပူ၊ မလေးရှားနှင့် ဗီယက်နမ်ပြီးလျှင် ရေငုတ်သင်္ဘောပ်ိုင်ဆိုင်သော ပဉ္ဒမမြောက် နိုင်ငံဖြစ်လာသည်ကို ဂုဏ်ယူကြသည်။

ဂလိုဘယ်တိုင်းမ်က ဖေါ်ပြသည့်အတိုင်း မြန်မာလက်နက်ကိုင်တပ်များကို တရုတ်လက်နက်များနှင့် တပ်ဆင်ထားသည့် ပကတိ အခြေအနေကိုလည်း ၎င်းတို့ ဝန်ခံကြသည်။ သို့သော် ထိုလက်နက်များသည် အဆင့်မမီကြောင်းနှင့် တရုတ်နိုင်ငံကို ယုံကြည်စိတ်ချနိုင်ခြင်းမရှိကြောင်း ၎င်းတို့က အလွတ်သဘောပြောသည်။
ဂလိုဘယ်တိုင်းမ်၏ ဆောင်းပါးကို ယနေ့အထိ မြန်မာ့တပ်မတော်က ပြန်လည်ဝေဖန်ခြင်း မရှိသေးပေ။ အကိုကြီးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခြင်းကြောင့် မည်သည့်အကျိုးမျှ မရှိနိုင်ဟု ဗိုလ်ချုပ်များ ဆုံးဖြတ်ထားခြင်းဖြစ်နိုင်သည်။
သို့သော် မည်သူ အတိအကျ သိနိုင်မည်နည်း။ တရုတ်-မြန်မာနယ်စပ်မှ တရုတ်လုပ် လက်နက်ခဲယမ်းများ ထပ်မံဖမ်းမိကြောင်း မိမိတို့ကို အသိပေးသည့် သတင်းများ တပ်မတော်ပိုင် သတင်းစာများတွင် မိမိတို့ မကြာမီ ဖတ်ရနိုင်သည်။ အင်အားကြီးမားသော ၀ အပါအဝင် မြောက်ပိုင်းမှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တရုတ်လုပ် လက်နက်များဖြင့် အကြီးအကျယ် တပ်ဆင်ထားသည်ကို သုတေသီတိုင်း သိနေကြသည် မဟုတ်လော။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသော Has Myanmar’s Submarine Purchase From India Hit a Nerve in Beijing?ကို ဘာသာပြန်ဆိုသည်။)
You may also like theses stories:
တရုတ်အပေါ် မြန်မာစစ်ဗိုလ်ချုပ်ကြီးများ၏ မယုံကြည်မှုသည် လျှို့ဝှက်ချက် မဟုတ်တော့
တရုတ်အရေးကျွမ်းကျင်သူ အလိုရှိသည်
AA နှင့် ARSA အရေး ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ ၂ နိုင်ငံကြား ပူးပေါင်းဖြေရှင်းရမည်